တိုက်ပွဲသတင်း

ဖားကန့်စစ်ရှောင်ပြည်သူတွေ အလံဖြူထောင်ပြီး မြစ်ကြီးနားဘက် ထွက်ခွာတိမ်းရှောင်

ဖားကန့်မှာစစ်ရေးကြောင့် တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအပါ ဖားကန့်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာအများပိုင်း အလံဖြူ‌ထောင်ပြီး ဖားကန့်ကနေ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကဖားကန့် ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေ၊ လမ်းသွားလမ်းလာ စုဆောင်းရေးဖမ်းဆီးခံရတာတွေ ပိုပြီးဆိုးရွာလာတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

ဆိုင်းတောင်မှာ လူအများက ရှောင်သွားကြပြီ။ မရှောင်ဘဲနေတဲ့ သူတွေကြတော့ ဗုံးခိုကျင်းတွေတူးထားပြီးနေကြတယ်။ ဆိုင်ကယ်ဆိုရင်လည်း အုပ်စုလိုက်၊ ကားဆိုရင်လည်း အုပ်စုလိုက် အလံဖြူကိုင်ပြီး ထွက်နေကြတယ်။ အားလုံးက ကားမိုင်းလမ်းကနေပဲ ဆင်းသွားကြတယ်။ ဆိုင်းတောင်တစ်ခုတည်းလည်းမဟုတ်ပါဘူး။ ဖားကန့်မြို့ပေါ် ၊ လုံးခင်း၊ မှော်ဆီစာတွေဘက်ကလည်းပါတယ်လို့ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးကပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်လာကြတဲ့ ဖားကန့် စစ်ဘေးရှောင်ပြည်သူတွေက ကား၊ ဆိုင်ကယ်တွေနဲ့ ယာဉ်တန်းအလိုက် ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်လာနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့် စစ်ဘေးရှောင်ပြည်သူများ

အခုလိုဖားကန့်ပြည်သူတွေ အစုလိုက်အပြုံလိုက် တိမ်းရှောင်လာကြတဲ့ အခြေအနေမှာ စစ်ကောင်စီတပ်ဟာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ၊ လမ်းသွားလမ်းလာ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေ နေ့စဉ်ပိုပြီးဆိုးရွာလာတာကြောင့်ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

စစ်ရှောင်များလာတဲ့အခြေအနေက အဓိက လက်နက်ကြီးကျတဲ့အခြေအနေတွေ၊ အခုစစ်ရေးကလည်း စစ်တပ်က ဆိုင်းတောင်ကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်နေတယ်။ ညဘက်စစ်ရေးလှုပ်ရှားတာတွေ၊ ရွှေ့ပြောင်းရတဲ့ နောက်တစ်ချက်က နေ့ခင်းမှာ ပေါ်တာဆွဲခံရတာတွေဖြစ်နေတော့ ဘယ်သူမှ မလုံခြုံတော့ဘူးဆိုတဲ့သဘောနဲ့ တိမ်းရှောင်တာများလာကြတယ်လို့ပြောပါတယ်။

လက်ရှိထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဖားကန့်စစ်ရှောင်တွေထဲမှာ ဆိုင်းတောင်ကျေးရွာအုပ်စုထဲက ကျေးရွာတွေအပြင် ရှရော်ခ၊ မရှီကထောင်၊ မှော်တောင်း၊ ဆန်းကြွယ်၊ မော်မောလယန်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး နဲ့ ဖားကန့်မြို့ပေါ် ရှိ ပြည်သူတွေဖြစ်တယ်လို့သိရပါတယ်။

မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲကြတဲ့ ပြည်သူတွေက နေထိုင်တဲ့ ကျေးရွာတွေမှာ ဗုံးခိုကျင်းတွေတူးပြီး သတိထားနေထိုင်ကြသလို စစ်ရှောင်တစ်ချို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့ ဖားကန့်မြို့နယ်ထဲက ကျေးရွာတွေမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

စစ်ရေးကြောင့်လုံခြုံရေးကင်းမဲ့သွားပြီဖြစ်တဲ့ ဖားကန့်စစ်ရှောင်ပြည်သူတွေဟာ တစ်နေရာစီ တစ်ကွဲတပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ရောက်ရှိလာကြတဲ့ နေရာဒေသတွေမှာ ဝိုင်းရံကူညီပေးကြဖို့လည်း ဖားကန့်ဒေသမှာ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုဆက်ဆိုပါတယ်။

အခုဖားကန့် စစ်ရှောင်တွေက အဖွဲ့ ၅ ဖွဲ့လောက်တောင်ကွဲသွားကြပြီ။ တစ်ချို့က မြစ်ကြီးနားလို မြို့ပေါ်ဘက်ကို ကိုယ်လွတ်တိမ်းရှောင်သွားကြသလို တစ်ချို့က ဘာသာရေးဆိုက်ကနေ သွားကြတယ်။ တစ်ချို့ မရှောင်ပဲ ကတုတ်ကျင်းတွေတူးပြီး နေကြတယ်။ နောက်တစ်ဖွဲ့တွေက မြစ်ကြီးနားတွေဘက်မထွက်ပဲ ဖားကန့်ထဲက တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာ အသီးသီးတိမ်းရှောင်နေကြတယ်။ စစ်ရှောင်ဘယ်လောက်အထိရှိလဲဆိုပြီးမှ လိုက်ပြီး မလုပ်နိုင်တော့ဘူးလို့ပြောပါတယ်။

ဖားကန့်စစ်ရှောင်တွေ ဆိုင်ကယ်နဲ့ တိမ်းရှောင်ဖို့ ပြင်ဆင်နေတဲ့အခြေနေ

ဘာသာရေးအဖွဲ့အစည်းကနေသွားတဲ့ စစ်ရှောင်တွေက သက်ဆိုင်ရာ ဘာသာရေးဘုရားကျောင်းဝင်းတွေမှာ တာဝန်ယူဆောင်ရွက်ပေးပြီး တစ်ချို့စစ်ရှောင်တွေက ဒေသအတွင်းက အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ကြပ်မတ်မှုအောက်မှာ ရှိကြတယ်လို့ သိရပါတယ်။

ဒါကြောင့် အခက်အခဲအမျိုးမျိုးကြားက ရောက်ရှိလာကြတဲ့ စစ်ရှောင်တွေကို သက်ဆိုင်ရာ ဒေသအသီးသီးက ပြည်သူလူထုတွေ တာဝန်ယူကူညီပေးကြဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဖားကန့်တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ဧပြီ၊ မေလကတည်းက စစ်ဘေးတိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေ ၂ ထောင်နဲ့ ၃ ထောင်ကြားရှိလာခဲ့ပြီး ဩဂုတ်လနောက်ပိုင်း စစ်ဘေးရှောင်းလူဦးရေပိုပြီး များလာပေမယ့် စားရင်းအတိအကျရရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဖားကန့်စစ်ရေးဟာ ဩဂုတ်လကုန်ပိုင်းကနေ စစ်ကောင်စီတပ်ဘက်ကနေ ကားမိုင်းနန့်ယာားဖားကန့်လမ်းအပါ၊ လုံးခင်းကျေးရွာအုပ်စုထဲက ကျေးရွာတစ်ချို့ကို ထိန်းချုပ်လိုက်ပြီးနောက် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာဘက်ကို ပြန်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆိုင်းတောင်ကျေးရွာဘက်ခြမ်းကို မြေပြင်စစ်ကြောင်းထိုးတဲ့အပြင် ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ခိုက် လုပ်ဆောင်နေတာကြောင့် ဩဂုတ်နဲ့ စက်တင်ဘာလအတွင်းမှာ လက်နက်ကြီးထိမှန်ပြီး နေ့စဉ်အရပ်သား ၂ ဦးထက်မနည်း အသက်သေဆုံးတာတွေ ဖြစ်ပွားနေပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာလည်း စစ်တပ်ပစ်လိုက်တဲ့ ဒရုန်းဗုံးသီး ဆိုင်းတောင် ကျောက်သွေးတောင်ကျေးရွာမှာ ကျမှန်ပြီး သားအဖနှစ်ဦး ပွဲချင်းပြီး အသက်သေဆုံးမှုဖြစ်ပွားခဲ့ရပါတယ်။

အလားတူစက်တင်ဘာလ ၁၈ ရက်နေ့မှာလည်း ဆိုင်းတောင် မှော်ရှန်ကျေးရွာ လက်နက်ကြီးထိမှန်ပြီး အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလမတိုင်မှီ ဖားကန့်ဒေသအတွက် လူဦးရေထူထပ်ပြီး အရေးပါတဲ့ လုံးခင်း၊ ဆိုင်းတောင်နဲ့ ဖားကန့်မြို့ပေါ်အားလုံးကို အပြီးထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံပြည်သူတွေပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button