မြစ်ကြီးနားမြို့တွင်း တောင်းရမ်းသူပိုများလာပြီး ၁၀နှစ်အောက်ကလေးအများဆုံးပါဝင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တောင်းရမ်းသူတွေအလွန်များလာပြီး အဲဒီထဲမှာ ၁၀ နှစ်အောက်ကလေးအများဆုံးပါဝင်နေတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။
တောင်းရမ်းသူတွေထဲမှာ အသက်အငယ်ဆုံး ၂ နှစ်ကနေ အသက်အကြီးဆုံး ၉ နှစ်ပတ်ချာလည်အရွယ်အများဆုံးဖြစ်ပြီး မြစ်ဘေးကန်ဘောင်၊ ပန်းခြံ၊ လပ်ကီးကိတ်မုန့်ဆိုင်၊ မီးပွိုင့်နဲ့ မိန်းလမ်းမစတဲ့နေရာတွေမှာပုံမှန်တွေ့ရတတ်ပြီး ပုံစံအမျိုးမျိုးတောင်းနေကြတယ်လို့ မြစ်ကြီးနားမြို့နေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“မုန့်ဖိုးပေးပါဆိုပြီးလားဆိုပြီး တောင်းတာရှိတယ်။တစ်ချို့ကျတော့ ဗိုက်ဆာတယ်ဆိုပြီး အတင်းအကြပ်တောင်းတယ်။ မုန့်ဖိုးပေးပါဆိုပြီးပြောရင် ငြင်းလိုက်ရင် ဒီမှာပိုက်ဆံပိုနေတယ်လေ နင်သုံးတဲ့ထဲမှာပိုက်ဆံပိုနေတယ်လေ အဲတာငါ့ကိုပေးလိုက်ဆိုပြီး အတင်းပြောတဲ့ကလေးတွေလည်းရှိတယ် မျိုးစုံပါပဲ။ ခုနောက်ပိုင်း စာအိတ်နဲ့ တောင်းဝာာမျိုးလည်းရှိတယ်”လို့ ဆိုပါတယ်။
တောင်းရမ်းတဲ့ကလေးငယ်တွေဟာ အုပ်စုလိုက်ဖြစ်ပြီး တစ်ဖွဲ့မှာ ၈ ဦးအနည်းဆုံးပါဝင်ကာဆိုက်တွဲ(ဆိုင်ကယ်ကို ဆိုက်ကားပုံစံမျိုးပြုလုပ်ထားတဲ့ယာဉ်တစ်မျိုး)တွေနဲ့ ရေစင်ဈေးအနီးဝန်းကျင်မနက်ပိုင်းလာချသွားပြီး ညနေပိုင်းမှာ ပြန်လာကြိုတာမျိုးရှိတယ်လို့ သိရပါတယ်။
ခုလို စာသင်ကြားရမယ့် ကလေးသူငယ်အရွယ်တွေ လမ်းပေါ်တက်ပြီးတောင်းရမ်းနေတဲ့ အပေါ် အလွန်စိတ်မကောင်းမိကြောင်း မြစ်ကြီးနား ဒေသခံ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“ပြည်သူတစ်ယောက်အနေနဲ့ ပြောရမယ် မကောင်းဘူးပေါ့ကွာ။ကလေးပေါက်စနလေးတွေ လမ်းဘေးမှာအိပ်ခိုင်း လမ်းဘေးမှာချပြီးတော့ တောင်းခိုင်း ဒါမျိုးတွေတော့ မဖြစ်သင့်ဘူး။ အမှန်တကယ်တော့ သူတို့ အစိုးရပိုင်းဆိုင်ရာတွေက သန့်ရှင်းရေး လုပ်သင့်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် တောင်းရမ်းတဲ့ကလေးတွေကို နောက်ကွယ်ကနေ ခိုင်းနေတဲ့သူတွေရှိနိုင်တယ်လို့မြို့နေပြည်သူတစ်ချို့သုံးသပ်နေကြပြီး ဒါကိုသက်ဆိုင်သူတွေအနေနဲ့ စုံစမ်းအရေးယူသင့်တယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ လက်ရှိအလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံး အသက်အရွယ်မှာ အသက် ၁၄ နှစ်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးအလုပ်သမားတွေကို အန္တရာယ်ရှိတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်ခြင်းမှ တားမြစ်ထားတာ ဖြစ်တယ်လို့ UNICEF Myanmarရဲ့ ၂၀၂၀ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကလေးအလုပ်သမားများ အမြစ်ပြတ်ပပျောက်ရေးအတွက် နိုင်ငံအဆင့်ပေါ်လစီများ ချမှတ်ရမယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပြဌာန်းချက်သဘောတူလက်မှတ်ရေးထိုးတဲ့ ၁၇၈ မြောက်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံအစိုးရအနေနဲ့ကတော့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဌာန်းချက်တွေကို သေချာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ဘူးလို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ် San Htoi ကခုလိုပြောပါတယ်။
“အစိုးရကနေပြီးတော့ ရှေ့ပိုင်းတွေမှာ အနည်းငယ် ကြိုးစားလုပ်နေပေမယ့် ရှေ့ပိုင်းတွေမှာရော ဒီ၂၀၂၁နောက်ပိုင်းမှာတော့ ကလေးတွေနဲ့ သက်ဆိုင်တဲ့အရာတွေကို သေချာအရေးယူတာတွေ မတွေ့ရတော့ဘူး။ လက်ဖက်ရည်ဆိုင်တွေမှာ ကလေးငယ်ငယ်တွေ၊ မန္တလေးတွေမှာဆိုအရမ်းဆိုးတယ်။ မြစ်ကြီးနားဆိုရင်လည်းဆိုင်တွေမှာ အသက်ငယ်ငယ်လေးတွေ လုပ်တာတွေတွေ့ရတယ်။ အသက်ပြည့်မပြည့်ဘယ်သူမှ မသိတော့ဘူး”လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ကလေးသူငယ်တွေကို အိမ်ဖော်လုပ်ခိုင်းတာတွေ၊ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အသုံးပြုတာတွေ၊ လူကုန်ကူးခံရတာတွေကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဥပဒေကလည်း အရေးကြီးသလို ဥပဒေကို သေချာအသုံးပြုလုပ်ကိုင်ရတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း သေချာအလုပ်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆက်ပြောပါတယ်။
လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို အလုပ်စေခိုင်းခြင်းတွေ မပြုဘဲ ပညာသင်အရွယ်ကလေးသူငယ်တွေရဲ့ အခွင့်အရေးကိုလည်း လေးစားလိုက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
UNICEF ၂၀၂၅ ဇွန်လ ၁၁ ရက်ထုတ်ပြန်ချက်မှာ ကမ္ဘာတစ်ဝန်း ကလေးလုပ်သား ၁၇၆.၆ သန်းထိရှိနေပြီး အဲဒီထဲက ၅၄သန်းကတော့ အန္တာရယ်များတဲ့ အလုပ်ခွင်တွေမှာ ရောက်ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။
By – Hope



