ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမလုပ်မနေရဟု ဖိအားပေးနေ
ရှမ်းမြောက် မုံးကိုးမြို့နယ်ရှိ ဒေသခံပြည်သူတွေကို ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မလုပ်မနေရဟု ကိုးကန့် (MNDAA) တပ်ဖွဲ့ကပြောဆိုနေတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ပြောပါတယ်။
မုံးကိုးမြို့နယ် ပန်ဆိုင်းမြို့နဲ့ နမ့်တောင်းဒေသခံတွေကို ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မလုပ်ပါက ဒေသခံအဖြစ်သတ်မှတ်မည်မဟုတ်ကြောင်း ဖိအားပေးနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။
“အခုက ပန်ဆိုင်း၊ နမ့်တောင်းတစ်ကြော လုပ်ပေးနေတယ်။ ကျမတို့ ပန်ဆိုင်းမှာက အခုပြီးစီးသလောက်ရှိလာပြီ။ ဒါပေမဲ့ တစ်ချို့က မလုပ်ဘူး။ ဒီတိုင်းနေနေတယ်။ တစ်ချို့ကျတော့လည်း ခြိမ်းခြောက်ခံထားရတော့ စိုးရိမ်လို့ လုပ်ကြတယ်။ ဒါကို မလုပ်မနေရ၊ မလုပ်ရင် မင်းတို့က ဧည့်သည်ပဲတဲ့လေ။ ဧည့်သည်ဖြစ်တဲ့အတွက် ဧည့်သည်ကတ်လုပ်ရမယ်တဲ့။ ဧည့်သည့်ကတ်လည်း မလုပ်ဘူးဆိုရင်တော့ မင်းတို့ ဒီနယ်မြေမှာ နေလို့မရဘူးတဲ့။ အဲလိုဖိအားပေး ခြိမ်းခြောက်ပြောဆိုတော့ လုပ်တဲ့သူများလာတယ်”လို့ ပြောပါတယ်။
ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မုံးကိုးမြို့အတွင်းရှိ ဒေသခံပြည်သူအားလုံးကို ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စု မလုပ်မနေရစနစ်သုံးပြီး လုပ်ပေးနေတယ်လို့ သိရပါတယ်။
ဩဂုတ်လနဲ့ ဒီစက်တင်ဘာလမှာတော့ ပန်ဆိုင်းမြို့၊ နမ့်တောင်း၊ မုံးပေါ် စတဲ့မြို့တွေထဲက ဒေသခံပြည်သူတွေကို ကိုးကန့်မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းပြုလုပ်ဖို့ တွန်းအားပေးနေပြီး လက်ရှိ ပန်ဆိုင်းမြို့မှာတော့ ပြီးစီးသလောက်ရှိပြီလို့ ဆိုပါတယ်။
ကိုးကန့်တပ် MNDAA ဘက်က မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်း မလုပ်တဲ့သူတွေကို ဒေသခံအဖြစ် မသတ်မှတ်ပဲ ဧည့်သည်အဖြစ်သာ သတ်မှတ်မှာဖြစ်ပြီး ကိုးကန့်တပ်ထိန်းချုပ်နယ်မြေမှာ နေထိုင်ခွင့်ပြုမှာမဟုတ်ကြောင်း၊ မှတ်ပုံတင်မလုပ်ပါက ဧည့်သည်ကဒ်လုပ်ရမည်ဖြစ်ကြောင်း စသဖြင့် ဖိအားပေးနေတဲ့အတွက် ဆန္ဒမပါပဲလုပ်လိုက်ရသူတွေ များတယ်လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေ အဓိကစိုးရိမ်နေတာက လူတစ်ဦးမှာ မှတ်ပုံတင်နှစ်ခုကိုင်ဆောင်ခွင့်မရှိသလို လက်ရှိအနေအထားမှာ နယ်မြေအတည်တကျမဖြစ်သေးတဲ့အတွက် သိမ်းပိုက်နယ်မြေတွေမှာ မည်သို့ဆက်ဖြစ်လာမယ်ဆိုတာ မသိသေးတဲ့အခြေအနေမှာမို့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။
“ကျမတို့ ခေတ်အဆက်ဆက် ဒီဒေသမှာ နေနေတာ။ အိမ်ထောင်စုမရတဲ့သူတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ စစ်အစိုးရခေတ်ကလည်း ကျမတို့ဒေသခံတွေကို အဲလိုမောင်းထုတ်တာမျိုး မရှိခဲ့ဖူးပါဘူး။ အခု သူတို့က ခင်ဗျားတို့ ဒီတစ်ခေါက်မလုပ်ဘူးဆိုရင် နောက်တစ်ခေါက်ဆိုတာ မလုပ်ပေးတော့ဘူးတဲ့။ သူတို့ရဲ့ နိုင်ငံရေးကလည်း ဘယ်လိုလဲ ကျမတို့ မသိရဘူး။ စီးပွားရေးပဲ လုပ်တာလား၊ မဟုတ်ရင်လည်း ကိုးကန့်လူဦးရေကောက်ခံပြီး နယ်မြေတောင်းဆိုဖို့လား၊ အခုက သူတို့ စစ်တပ်နဲ့ ဘယ်လိုပြောဆိုထားကြတယ်ဆိုတာလည်း မသိရဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။
တစ်ဖက်မှာလည်း ကိုးကန့်ဘက်က မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းလုပ်ပေးတဲ့ အိမ်ခြေတွေဟာ ကိုးကန့်လူဦးရေစာရင်းမှာ ပါဝင်သွားပြီဖြစ်တာကြောင့် တစ်အိမ်တစ်ဦး ကိုးကန့်တပ်သား လုပ်ရမယ်ဆိုတဲ့ပြောဆိုမှုအပြင် တပ်သားသစ်စုဆောင်းတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
လက်ရှိ ကိုးကန့်မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ရာမှာလူတစ်ဦးကို တရုတ်ယွမ် ၃၅ ယွမ် ကုန်ကျတယ်လို့ သိရပါတယ်။
ကိုးကန့်တပ် MNDAA ဘက်က မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းလုပ်ဆောင်ပေးနေရာမှာ မြန်မာမှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းရှိမှ လုပ်ပေးတယ်လို့လည်း သိရပါတယ်။
ဒါကြောင့် ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းလုပ်ရာမှာ မြန်မာမှတ်ပုံတင်နဲ့ အိမ်ထောင်စု လိုအပ်ရတဲ့အကြောင်းရင်းကိုလည်း မသိရဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။
လက်ရှိ ပန်ဆိုင်း၊ နမ့်တောင်းတွေမှာ အိမ်ထောင်စုစာရင်းမရှိတဲ့ ပြည်သူတွေကို ကိုးကန့်ဘက်က သုံးလတစ်ကြိမ် ယာယီနေထိုင်ခွင့်ကတ်ပြားပြုလုပ်ပေးတယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ



