တိုက်ပွဲသတင်း

လမ်းကြောင်းအသစ်ရှာပြီးထိုးစစ်ဆင်လာတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ အထိနာပြီးပြန်ဆုတ်

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်က KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လာဟီဆင်စခန်းပြန်ရဖို့ အပြင်းထန်ကြိုးစား‌နေတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက လမ်းကြောင်းသစ်ရှာပြီးထိုးစစ်ပြန်ဆင်လာရာအထိပြီးပြန်ဆုတ်သွားကြောင်းသိရပါတယ်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ အင်အား ၃၀၀ ဝန်းကျင်နဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး လာဟီဆင်စခန်းကို ခေါင်လန်ဖူးမြို့နယ်ဘက်ခြမ်းကနေထိုးစစ်ဆင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်အင်အားအလုံးအရင်းနဲ့တက်လာတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်ပူးပေါင်းတပ်ကို KIAနဲ့ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အထိနာပြီး စက်တင်ဘာ ၂၂ ရက်နေ့ညပိုင်းမှာ တပ်ပြန်ဆုတ်သွား‌ပေမယ့်စက်တင်ဘာ ၂၃ ရက်နေ့မှာ‌တော့လမ်းကြောင်းသစ်ရှာပြီးထပ်မံထိုးစစ်ဆင်လာတာလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

သူတို့ကလာဟီဆင်ထိုင်တဲ့ဘက်ကို တစ်ခြားလမ်းကနေဝိုက်ပြီးပြန်လာတာ လမ်းကြောင်းသစ်ဖောက်ပြီးလာတာပေါ့။ ကျွန်တော်တို့ KIA တွေစောင့်နေတဲ့လမ်းဘက်ကနေမလာပဲနဲ့တခြားလမ်းကနေလာတော့အဲ့မှာမြေမြှပ်မိုင်းတွေနှင်းမိတာ အဲ့မှာလည်းတိုက်ပွဲတွေဖြစ်တယ်”လို့ အထက်ဖော်ပြပါတာဝန်ရှိသူကပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက် မနေ့ကမြေမြှပ်မိုင်းတွေနှင်းမိတာကြောင့် ပြည်သူ့စစ်ဘက်က သေဆုံးသူများခဲ့သလို ထိခိုက်ဒဏ်ရာရတွေလည်းအများအပြားရှိခဲ့ပြီး ဒဏ်ရာရစစ်သားလေးယောက်နဲ့အတူသုံ့ပန်းအများအပြားဖမ်းမိထားကြောင်းလည်းအထက်ဖော်ပြပါ တာဝန်ရှိသူကဆက်ပြောပါတယ်။

မနေ့ကသုံးပန်းတွေလည်းဖမ်းမိထားတယ် တစ်ချို့ဒဏ်ရာရထားကြတယ်ဘယ်နှစ်ဦးဆိုတာကတော့ လုံခြုံရေးအရပြောလို့မရသေးဘူးလို့ သူကဆက်ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ထိုးစစ်အောင်မြင်မှုမရခဲ့တဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တပ်ဟာ လမ်းခုလတ်မှာယာယီတပ်စွဲပြီး စက်တင်ဘာ ၂၃ ရက်နေ့ ပုံမှန်လမ်းကြောင်းမဟုတ်တဲ့တစ်ခြားတောလမ်းကနေပတ်ကြီး ထိုးစစ်ထပ်ဆင်လာပေမယ့် မြေမြှပ်မိုင်းနှင်းမိတာ၊ ထပ်မံတိုက်ခိုက်ခံရတာတွေကြောင့်ထပ်ပြီးတပ်ဆုတ်သွားသလို ထွက်မပြေးနိုင်တော့တဲ့ တပ်သားတွေနဲ့ ဒဏ်ရာရသူတွေကို KIA ပူးပေါင်းတပ်ဘက်က ထိန်းသိမ်းထားကြောင်းသိရပါတယ်။

စက်တင်ဘာလ ၂၃ ရက် မနေ့က တပ်ဆုတ်သွားတဲ့ ပြည်သူ့စစ်တွေနဲ့ စစ်သားတွေဟာ လက်ရှိတောင်ကြားတစ်နေရာမှာပိတ်မိနေပြီး အထိနာနေတဲ့စစ်ကောင်စီတပ်ဟာ မနေ့က မွန်းလွဲပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လန်ဆယ်မြို့ကို နှစ်ကြိမ်တိတိဗုံးကျဲတိုက်ခိုက်သွားခဲ့တယ်လို့ သိရပါတယ်။ 

“Y12 နဲ့နှစ်ခါလာကျဲသွားတယ် ဗုံးသီးခြောက်လုံးလောက်ကျသွားတယ် တစ်လုံးကမွဲဘူး လမ်းမပေါ်မှာလူသွားလူလာများတဲ့နေရာကိုကျဲသွားတာ လမ်းမှာရပ်ထားတဲ့ကုန်ကားကြီးတွေ ထိတယ်လမ်းတွေပျက်စီးသွားတယ်လို့ KPDF တစ်ဦးပြောပါတယ်။

မနေ့က ဗုံးကျဲသွားတဲ့လန်ဆယ်မြို့ဟာ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လာဟီဆင်စခန်းနဲ့ မိုင် ၂၀ နီးပါးကွာဝေးသလိုတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိတဲ့အတွက် အရပ်သားတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်တာလို့ ဆိုကြပါတယ်။

ဗုံးကျဲသွားတဲ့လန်ဆယ်မြို့ဟာ KIA ထိန်းချုပ်ပေမယ့် ရွှေမှော်ဒေသဖြစ်တာကြောင့် ရွေ့ပြောင်းအလုပ်သမားတွေနဲ့ဒေသခံတောင်သူတွေအများစု စုဝေးနေထိုင်နေတဲ့မြို့လည်းဖြစ်ပါတယ်။

အလားတူ စက်တင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ကလည်း လန်ဆယ်မြို့ကိုစစ်ကောင်စီတပ်ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

လက်ရှိပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးလန်ဆယ်လမ်းပိုင်းမှာရှိတာဖြစ်ပြီး လန်ဆယ်မြို့ကိုထိန်းချုပ်ချင်နေတဲ့ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေအတွက် အဓိကအရေးပါတဲ့လမ်းပေါ်မှာရှိနေတာကြောင့်အခုလိုအင်အားအလုံးရင်းသုံးပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။

လန်ဆယ်မြို့ကို ၂၀၂၅ မတိုင်မှီအထိ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တွေထိန်းချုပ်ထားရာကနေ KIA နဲ့ပူးပေါင်းတပ်တွေ ၂၀၂၄ အောက်တိုဘာလမှာ သိမ်းယူလိုက်တာဖြစ်ပါတယ်။

လက်ရှိထိုးစစ်ဆင်နေတဲ့ လာဟီဆင်စခန်းကိုတော့ KIAနဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာထိန်းချုပ်ထားတာဖြစ်ပါတယ်။

လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးဒေသကနေ လန်ဆယ်၊ချီဖွေ၊ပန်ဝါဘက်တွေအထိကုန်းကြောင်းကနေထိုးဖောက်ဝင်ရောက်နိုင်တဲ့တစ်ခုတည်း‌သောလမ်းကြောင်းပေါ်မှာရှိနေတာကြောင့် စစ်ကောင်စီနဲ့ခေါင်လန်ဖူးပြည်သူ့စစ်တွေအတွက်အရေးပါသလို တစ်ဖက်မှာလည်းလန်ဆယ်၊ ချီဖွေနဲ့ပန်ဝါကိုထိန်းချုပ်ထားတဲ့ KIAနဲ့ပူးပေါင်းတပ်တွေအတွက် စစ်ရေးအရအရေးပါနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button