လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ ဒီနေ့မနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ နမ္မတူမြို့၊ ရက်ကွက် ၈ ရွှေနယ်စပ်ကွေ့နားမှာ စစ်တပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သားသေဆုံးသူ ၄ ဦးရှိပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နမ္မတူဒေသခံတွေက ပြောပါတယ်။

မိသားစုဝင် ၄ ဦးထဲမှာ ချွေးမနဲ့ ယောက္ခမ၊ ယောက်ကထီး ၃ ယောက်လုံးက ဆုံးသွားတယ်။ ချွေးမနဲ့သူယောက္ခထီက နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်။ ယောက္ခမကတော့ ဆေးရုံမှာဆုံးသွားတယ်။ ကလေးတစ်ယောက်လည်း အခုဆေးရုံမှာပါ။ သူတို့အိမ်အထက်က တအာင်းအဘွားတစ်ဦးလည်း သေဆုံးသွားတယ်။ မန်တုံဘက်က အခြေအနေတော့ အသေးစိတ်မသိရသေးဘူးလို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။ 

လေယာဉ်ဗုံးကြောင့် သေဆုံးသူ ၄ ဦးထဲမှာ ကလေးငယ် တစ်ဦးပါဝင်ပြီး ၃ ဦးက မိသားစုတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။  ထိခိုက်ဒဏ်ရာပြင်းထန်သူ ၇ ဦးရှိနေပြီး ဒီမနက်လေကြောင်းဗုံးကြဲခံရမှုမှာ နေအိမ် ၄ အိမ် ပျက်ဆီးသွားတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် နမ္မတူမြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ပြည်သူတွေ အသက်သေဆုံးခဲ့ရတဲ့ မြင်ကွင်း

သေဆုံးသူတွေထဲမှာ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၂ ဦး ၊ အမျိုးသား ၁ ဦး ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာတော့ ကလေးငယ် ၁ ဦး ၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး တို့ ဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။

နမ္မတူမြို့ လေကြောင်းဗုံးကြဲခံရမှုထဲ အသက်သေဆုံးသွားသူတွေဟာ ကျောက်မဲဘက်ကနေ လာရောက်တိမ်းရှောင်နေကြသူ စစ်ဘေးရှောင်ပြည်သူတွေဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။

အခုထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုစရင်းတွေက နမ္မတူမြို့ထဲကသာဖြစ်ပြီး ဒီမနက်မှာ စစ်တပ်က မန်တုံမြို့ကိုလည်း လာရောက်ဗုံးကြဲခဲ့ပါတယ်။ မန်တုံဘက်က အခြေအနေတော့ မသိရှိရသေးဘူးလို့ KNG ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါက နမ္မတူမြို့ကို TNLA အုပ်ချုပ်ပြီးနောက် စစ်တပ်ကတော့ ပထမဆုံးလေကြောင်းကနေ ဗုံးကြဲခြင်းဖြစ်တယ်။ ဒါက TNLA အနေနဲ့ ကျောက်မဲမြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် စစ်တပ်က နမ္မတူ၊ မန်တုံဘက်လည်းလာမယ်၊ သတိထားကြဆိုတဲ့ သတိပေးချက်ပုံစံလုပ်တယ်လို့ သုံးသပ်မိတယ်။ နမ္မတူကို သတိပေးတဲ့ပုံစံမျိုးပေါ့။ ဘာကြောင့်လဲဆိုရင် ကျောက်မဲကို စစ်တပ်ဝင်ရောက်နိုင်ပြီးနောက် နမ္မတူ၊ မန်တုံ၊ နမ့်ဆန်ဘက်ကို TNLA တွေစုစည်းသွားတာ သူတို့လည်းသိတယ်လေ လို့ နမ္မတူဒေသခံက သုံးသပ်ပြော ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းယူထားခဲ့တဲ့ ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်တွေက မနေ့က အောက်တိုဘာ ၁ ရက်နေ့မှာပဲ အင်အားအလုံးအရင်းနဲ့ ပြန်လည် ဝင်ရောက်ထိန်းချုပ်တပ်စွဲလိုက်ပြီဖြစ်ပါတယ်။

နမ္မတူမြို့မှာ လေယာဉ်ဗုံးကြဲခံရပြီး အသက်သေဆုံးခဲ့ရတဲ့ မိသားစုဝင်များ

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ကို TNLA လက်ထဲကနေ ပြန်ရယူဖို့ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်း ကျောက်မဲမြို့ကို အပြီးပြန်လည် ရယူသိမ်းပိုက်ထိန်းချူပ်လိုက်နိုင်ကာ လက်ရှိမှာ TNLA ထိန်းချူပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်နဲ့ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ်တွေကို ပစ်မှတ်ထားခြိမ်းခြောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

စစ်ကော်မရှင်တပ်နဲ့ တအာင်အမျိုးသားတပ်မတော် PSLF/TNLA နှစ်ဖက်တပ်တွေဟာ တရုတ်ကြားခံမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လနောက်ဆုံးအပတ်က နောက်ဆုံး စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြတာဖြစ်ပေမဲ့ သဘောတူညီမှု မရရှိခဲ့တဲ့ အနေအထားလို့ သိရပါတယ်။

စစ်တပ်က TNLA  ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းနဲ့ အဓိကဗုံးကြဲ ဖိအားပေးနေခြင်းဖြစ်ကာ ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာ စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button