သတင်း

တရုတ်ငွေစက္ကူအတု ကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ KIO ပြော

တရုတ်နယ်စပ်တစ်လျှောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တချို့မှာ တရုတ်ငွေ စက္ကူအတု တွေ့ရှိလာပြီးနောက် ကြပ်မတ် စစ်ဆေး အရေးယူဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလဆန်းပိုင်းကနေ KIO လိုင်ဇာ နဲ့ မိုင်ဂျာယန် စတဲ့မြို့တွေမှာ တရုတ်ငွေအတုတွေ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်တွေအကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အခုလို ပြောပါတယ်။

တရုတ်ငွေအတု တွေ့ရှိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မေးမြန်းတာတွေ လုပ်နေပါတယ်။ ဘယ်ကနေ ဘယ်လို ရောက်လာတယ် ဆိုတာကို တိတိကျကျဆုံးဖြတ်ပြောဆိုတာတွေ မလုပ်သေးပါဘူး။ လုပ်ဆောင်နေတာ လုပ်ငန်း မပြီးစီး သေးတော့ ပြောဖို့ခက်ခဲနေသေးတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလဆန်းပိုင်းကပဲ လိုင်ဇာမှာ အမျိုးသမီးတစ်ဦးဆီကနေ တရုတ်ငွေအတု သိန်းချီ ဖမ်းမိတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

ဒါပေမယ့် အဲဒီဖြစ်စဉ်ဟာ အမျိုးသမီးဆီကနေ ဖမ်းဆီးရမိခဲ့တာမဟုတ်ပဲ အမျိုးသမီးကိုယ်တိုင်က တာဝန်သိစိတ်ဖြင့် တရုတ်အမျိုးသားတစ်ဦးဆီကနေ ရရှိထားတဲ့ ငွေကို မသင်္ကာတဲ့အတွက် သက်ဆိုင်ရာ KIO ရဲဌာနဆီ သွားရောက်ပို့ဆောင် စစ်ဆေးခံခဲ့ရာမှ ငွေအတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် KIO အစိုးရအနေနဲ့လည်း တရုတ်နယ်စပ်တစ်လျှောက် တရုတ်ငွေအတုပျံ့နှံ့မှုရှိမရှိ ကြပ်မတ်ဆောင်ရွက်ဖို့ အုပ်ချုပ်ရေးဌာနဆိုင်အသီးသီးကို သတိပေးညွှန်ကြားချက်ထုတ်ပြန်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။

လက်ရှိ တရုတ်ငွေအတုအများဆုံးတွေ့ရတဲ့ နေရာက လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့တွေမှာ ဖြစ်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို့လည်း လွယ်ဂျယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ကျနော်တို့ လွယ်ဂျယ်မှာက ငွေလွှဲတဲ့ နေရာမှာတင် အတုအစစ်ခွဲပြီး ယူကြတယ်ဆိုတော့ လောလောဆယ်အထိတော့ သိပ်မတွေ့ရသေးဘူးလို့ပြောလို့ရတယ်။ ဒါပေမယ့် မိုင်ဂျာယန်မှာ စျေးရောင်းတဲ့ ကျနော့်သူငယ်ချင်းတစ်ယောက် ပြောပြတာက သူ့ဆီ ယွမ် ၃၀၀ လောက်လာပေးရင် တစ်ရာလောက်က အတုဖြစ်တယ်လို့တော့ပြောပြတယ်။ ပြီးရင် မိုင်ဂျာယန်တဝိုက်မှာက ပျံ့နေပြီလို့တော့ ပြောနေကြတယ်လို့ ပြောပါတယ်။

အခုလို KIO ထိန်းချုပ်ဒေသတွေမှာ ငွေစက္ကူအတုတွေ ပျံ့နှံ့လာတဲ့ အခြေအနေပေါ်မှာ စီးပွားရေးစျေးကွက်တစ်ခုတည်းအတွက်ကြောင့်သာ မဟုတ်ဘဲ KIO ထိန်းချုပ်နယ်မြေအတွင်း နယ်မြေမတည်ငြိမ်မှုကို ပိုပြီးတက်ရောက်စေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတာလည်းဖြစ်နိုင်တယ်လို့ လွယ်ဂျယ်ဒေသခံအမျိုးသားက သုံးသပ်ပြောဆိုပါတယ်။

မြန်မာတရုတ် နယ်စပ်ဂိတ်တွေကို တရုတ်ဖက်က ဖွင့်ပေးလိုက်တဲ့ အခြေအနေနဲ့တစ်ပြိုင်နက် တရုတ် ငွေစက္ကူအတု သတင်းလည်း ပျံနှံလာနေတာဖြစ်ပါတယ်။

တရုတ်ငွေစက္ကူအတု KIO ထိန်းချုပ်နယ်မြေမှာ ပျံ့နှံ့နေတဲ့အကြောင်း သတင်းတွေ ထွက်နေပေမယ့် မည်သည့် ပမာဏခန့် ပျံနှံနေတဲ့အကြောင်း နဲ့ ဖမ်းဆီးရရှိမှု အခြေအနေ အသေးစိတ်ကို မသိရှိရပေးပါဘူး။

ကချင်ပြည်နယ် တရုတ်နယ်စပ်မြို့တွေမှာ တရုတ်ယွမ်ငွေကိုသာ အဓိက သုံးစွဲနေကြတာ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button