ဆဒုံးမြို့တစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်လောက်မှာ Y 12 အမျိုးစားရဟတ်ယာဥ်နဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။
“တိုက်ပွဲမဖြစ်ပါဘူး။ ပစ်ခတ်တာလည်းမရှိပါဘူး။ အဲ့နားKIA ဂိတ်ကိုချတာထင်တယ်။ ဒါပေမဲ့ တခြားနေရာကိုကျသွားတယ်။ ဘာမှတော့ထိခိုက်မှုမရှိလိုက်ဘူး။ ဒီလေကြောင်းတိုက်ခိုက်တဲ့နေရာနားမှာ လမ်းထိပ်မှာ ကားဝပ်ရှော့ပဲရှိတယ် ဘာမှမရှိဘူး။ အရပ်သားတွေပဲရှိတာဟုတ်တယ်”လို့ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ လူနေထိုင်တာမရှိတဲ့လမ်းမကြီးတစ်ခုရဲ့တစ်ဖက်ကမ်းကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် အပါအဝင်အရပ်သားတွေထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခဲ့ရတဲ့ ဆဒုံးမြို့မှာ နှစ်ဖက်လက်နက်ကိုင်တပ်တွေအကြားထိတွေ့တိုက်ပွဲလည်းမရှိသလို၊ ပစ်ခတ်သံတွေလည်း မကြားရပေမဲ့ ရုတ်တရက်လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေကတော့ထိတ်လန့်ခဲ့ရတယ်လို့ပြောပါတယ်။
“အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ အာဏာသိမ်းစစ်ကောင်စီက သူ့ဘက်မှာမရှိတဲ့သူအားလုံးကို သူ့ရဲ့ရန်သူလို သတ်မှတ်ပြီးတော့ကို တိုက်ခိုက်တာဖြစ်တယ်လို့မြင်ရတယ်။ ထူးထူးခြားခြား ဒီဘက်ကိုဗုံးလာကြဲရလောက်တဲ့အထိ အကြောင်း လည်းမရှိပါဘူး”လို့အထက်ပါဒေသခံက ဆဒုံးမြို့လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေနေနဲ့ပတ်သက်လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကဆိုရင် စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်း နဲ့ တောင်ကုန်းနေရာတွေကို ပစ်မှတ်ထားပြီး လေယာဉ် ၄ ကြိမ်ထက်မနည်းလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် အရပ်သားတွေအပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူအပါအဝင် အရပ်သားစုစုပေါင်း ၇၄၆၄ ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ◌်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP ကသတင်းထုတ်ပြန်ထားပါတယ်။
By – အမိုး



