နာဂဒေသမှာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဘက်ကလုပ်ဆောင်လာ
ဒေသခံတွေကန့်ကွက်ဖို့ပြင်ဆင်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ဖို့ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
အိန္ဒိယအစိုးရဘက်က နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကနေစပြီး အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲကနယ်စပ်ကျောက်တိုင်အမှတ် ၁၇၂နဲ့ ၁၇၃ မှာ ခြံစည်းရိုးခတ်ဖို့ စက်ယန္တရားကြီးတွေနဲ့စတင်လုပ်ဆောင်နေတာဖြစ်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K) နဲ့နီးစပ်တဲ့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဘတ်ဖိုး(မြေတူးစက်)သုံး၊လေးစီးတော့ရောက်ထားပြီ ခြံစည်းရိုးခတ်ဖို့စရှင်းနေပြီလို့ပြောတယ် ဒီနှစ်မကုန်ခင်မှာ နယ်စပ်ကျောက်တိုင်အမှတ် ၁၇၂ကနေ၁၇၃ အထိအပြီးခတ်မယ်တဲ့နောက်ထပ်ဘယ်ထိခတ်မလဲတော့မသိသေးဘူး”လို့သူကပြောပါတယ်။

အိန္ဒိယအစိုးရဘက်က အခုလိုနယ်စပ်ခြံစည်းရိုးခတ်ဖို့ အရှိန်အဟုန်မြင့်လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီးအခြေအနေအသေးစိပ်မသိရသေးပေမယ့် နှစ်နိုင်ငံနယ်စပ်တလျောက် လက်နက်ကိုင်ပဋိပက္ခနဲ့ နယ်မြေအငြင်းပွားမှုပြဿနာတွေကြောင့် ဖြစ်နိုင်တယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားကအခုလိုသုံးသပ်ထားပါတယ်။
“အတိအကျတော့မသိရသေးဘူးဗျ ဖြစ်နိုင်ခြေများတာကတော့ ဒီဘက်က NSCN-Kအဖွဲ့နဲ့ အိန္ဒိယဘက်ကမဏီပူလက်နက်ကိုင်ပေါ့ ကသည်းအဖွဲ့တွေအခုနောက်ပိုင်းနယ်စပ်ဖြတ်ကျော်လုပ်ရှားတာ ခပ်စိပ်စိပ်လိုဖြစ်လာနေတယ်။နောက်ပြီး NSCN-K ကလည်း အရှ့နာဂ(နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ)နဲ့ အနောက်နာဂ (Nagaland) ကိုပေါင်းစည်းဖိုကြိုးပမ်းနေတော့ဒါတွေကြောင့်ဖြစ်နိုင်တယ်”လို့ သူကသုံးသပ်ပါတယ်။
အိန္ဒိယအစိုးရက အခုလိုနယ်စပ်ခြံစည်းရိုးခတ်ဖို့လုပ်ဆောင်နေတဲ့အပေါ် နာဂပြည်သူလူထုတွေက ကန့်ကွက်ဖို့ပြင်ဆင်နေကြောင်းလည်းသိရပါတယ်။
“နာဂမြေကြီးကိုနှစ်ပိုင်း ပိုင်းသလိုဖြစ်သွားမှာ နောက်ပြီးဟိုဘက်ဒီဘက်အရင်လိုသွားလာလို့မရတော့ဘူးဖြစ်သွားမယ်ဒါကြောင့်နာဂလူထုကတော့ဒါကိုလုံးဝကန့်ကွက်ဖို့လုပ်နေကြပါတယ်။ လောလောဆယ်မီဒီယာပေါ်တော့မတက်လာသေးဘူးဗျကန့်ကွက်ဖို့တော့ပြင်ဆင်နေကြတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
နာဂဒေသတစ်ခုလုံးမှာ အိန္ဒိယ–မြန်မာနယ်စပ်ဂိတ် တရားဝင်ဂိတ်ပေါက်တစ်ခုတည်းသာရှိပြီး တရားမဝင်သွားလာနေကြတဲ့ နယ်စပ်ဝင်ပေါက်တွေလည်းအများအပြားရှိနေတာဖြစ်ပါတယ်။
အိန္ဒိယအစိုးဘက်က ဘယ်အတိုင်းအတာထိ ခတ်မယ်မသိရသေးပေမယ့် နယ်စပ်ခြံစည်းရိုးခတ်လိုက်လို့ နှစ်နိုင်ငံဝင်ထွက်သွားလာဖို့ခက်ခဲသွားမှာကိုဒေခံတွေအထူးစိုးရိမ်နေကြောင်းသိရပါတယ်။
NSCN- K (ယုန်းအောင်) အဖွဲ့ဟာပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်နေ့ကနယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ အာရူးလ်နာချလ်ပြည််နယ်( Arunachal Pradesh) ထဲက Hatman ကျေးရွာ အနီးမှာရှိတဲ့ အိန္ဒိယစစ်တပ်ရဲ့ တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Assam Rifles အဖွဲ့စခန်းကိုဒရုန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက် အိန္ဒိယစစ်တပ်ဘက်ကလည်း အောက်တိုဘာ ၂၀ ရက်နေ့မှာနာဂဒေသ လဟယ်မြို့နယ်မှာရှိတဲ့ ကမ်မော်လော်ရီကျေးရွာထဲက NSCN-K အဖွဲ့ထဲကဗိုလ်ချုပ်ပီးအောင်ရဲ့ နေအိမ်ကိုဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဗိုလ်ချုပ် ပီးအောင်ရဲ့သားကြီးဖြစ်သူနဲ့ အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။
ထို့အပြင် နိုဝင်ဘာ လဆန်းပိုင်းတုန်းကလည်း အိန္ဒိယနိုင်ငံ မဏီပူပြည်နယ်ထဲက အိန္ဒိယအစိုးရက သူပုန်အဖြစ်ကြေငြာထားတဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး နာဂဒေ လေရှီးမြို့နယ်အနောက်ခြမ်းအထိဝင်ရောက်လာခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ်တလျောက်အထက်ဖော်ပြပါ ပြဿနာတွေဆက်တိုက်ဖြစ်လာပြီးနောက် အိန္တိယ အစိုးရက နယ်စပ်ခြံစည်းရိုးခတ်ဖို့ရုတ်တရက်လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။
By – Zaw Zaw



