သတင်း

နန်းမားရဲစခန်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိတယ်လို့ဆို

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက နန်းမားမြို့မ ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုများခဲ့ကြောင်း နန့်မားပြည်သူတွေဆီကနေ သိရပါတယ်။

နန်းမားမြို့ ၊မြို့မရပ်ကွက်မှာရှိတဲ့ ရဲစခန်းကို ဒီကနေ့မနက် အစောပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

မနက် ၇နာရီတိတိမှာဝင်ပစ်တာ နာရီဝက်လောက်ကြာတယ် အခုတော့ငြိမ်သွားပြီ နာရီဝက်လောက်တော့အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ကြတယ်လို့ နန်းမားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ကားကြီးသုံးစီးဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြေပြင်ထိုးစစ်နဲ့ ဝေဟင်ဒရုန်းတို့ဖြင့်တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်အများအပြားထိခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒရုန်းတွေနဲ့အရင်ဝင်တာပြီးမှမြေပြင်ထိုးစစ်ဝင်လာတာ ရဲစခန်းကတော့စုတ်ပျက်သွားတာပါ့ ဗုံးတွေထိထားတာ တိုက်ပွဲငြိမ်သွားတော့ လူနာတင်ကားတွေ အများကြီးရောက်လာတယ် သယ်ထုတ်သွားတယ် ဒဏ်ရာရတဲ့သူများမှာပဲသေဆုံးတာတော့မကြားမိသေးဘူးအထဲမှာတော့သေကြမှာပဲ သတင်းပဲထွက်မလာတာလို့ အသက် ၄၀ ကျော်အရွယ်နန်းမားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေ ရဲ့တိုက်ခိုက်မှုကြောင့် နန်းမားရဲစခန်းပျက်စီးမှုများခဲ့ပြီး ရဲစခန်းအနီးက ဘုန်းကြီးကျောင်းလည်းလက်နက်ကြီးထိမှန်တာကြောင့်အမိုးအကာတွေပျက်စီးသွားတယ်လို့သိရပါတယ်။

မိနစ်သုံးဆယ်ကျော်ကြာမြင့်တဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ အရပ်သားထိခိုက်မှုမရှိကြောင်းသိရပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေ ပြန်ဆုတ်ခွာသွားပြီးနောက်  စစ်ကောင်စီရဲ့နန်းမားမြို့အထိုင်တပ်နဲ့ အမြှောက်တပ်ထဲက စစ်ကောင်စီစစ်သားတွေဟာ မြို့တွင်းကင်းပုန်းဝပ်တာ၊ လှုပ်ရှားသွားလာတာတွေရှိနေကြောင်းသိရပါတယ်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲမှာတော့ အင်းတော်ကြီးကန်ရဲ့အရှေ့ဘက် နန်းမား၊နန့်မွန်း၊ လုံးတုံ၊ မိုင်းနောင်၊ မမုံကိုင်စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီး အင်းတော်ကြီးကန်ရဲ့အနောက်ဘက်ဝှေလုံ၊ချောင်းဝ၊ ညောင်ပင်စတဲ့ကျေးရွာတွေကိုတော့ KIAနဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button