သတင်း

နောင်မွန်မြို့ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲကြုံတွေ့နေရ

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နယ်ထဲက ပြည်သူတွေ ဆေးကုသဖို့ ပိုမိုခက်ခဲကြပ်သည်းလာတယ်လို့သိရပါတယ်။

နောင်မွန်မြို့နယ်ထဲမှာ ဆေးဝါးတွေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာ၊ အစိုးရပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးအလုံအလောက်မရှိတဲ့အပြင် ဆေးကုစရိတ်အဆမတန်များတာကြောင့် ပြည်သူတွေဆေးဝါးကုသဖို့အတွက် တစ်နေ့တခြားပိုခက်ခဲလာတယ်လို့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ထဲမှာပိုက်ဆံအနည်းဆုံးငါးသောင်းမှမရှိရင် ဆေးရုံသွားလို့မရဘူး အကြောဆေးလေးတစ်လုံးထိုးရင် ၁၈၀၀၀ ပေးရတယ်။ ဆေးရုံတစ်ညအိပ်ရင် သုံးသိန်းကအနည်းဆုံးကုန်တယ် အဲ့ကြောင့်ဒီကလူတွေဖျားနာရင်ဆေးရုံတောင်မသွားကြဘူးလို့ အသက် ၄၀ ကျော်အရွယ်နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိနောင်မွန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးအလုံအလောက်မရှိတဲ့အပြင် အပြင်ဆေးဆိုင်ပိုင်ရှင်တွေအနေနဲ့လည်းဆေးဝါးတွေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာကြောင့် နောင်မွန်မြို့ပေါ်မှာဆေးဝါးရှားပါးတာ ၊ အဆမတန်စျေးကြီးတာတွေကြုံတွေ့နေရကြောင်းသိရပါတယ်။

ဆေးဝါက လွတ်လွတ်လပ်လပ် သယ်လို့လည်းမရဘူး မဂွေဇဂိတ်မှာအရမ်းစစ်ဆေးတယ် တဲ့ လိုသလောက်သယ်လို့မရဘူးပြီးတော့ ပါရာတို့သာမာန်ဖျားနာတို့လောက်အတွက်ပဲဆေးတွေတင်ခွင့်ရတယ်အဲ့ကြောင့်ရှိတဲ့ဆေးတွေလည်းအရမ်းစျေးကြီးတယ်လို့ အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။

ဆေးဝါးသယ်ယူဖို့ခက်ခဲနေတာကြောင့် လက်ရှိနောင်မွန်မြို့ပေါ်မှာ ပါရာစိမ်းတစ်လုံး ၅၀၀၊ ဒီဂိုဂျင် တစ်လုံး ၇၀၀၊ အန်နာဘွန်စီ တစ်လုံးကျပ် ၂၀၀၀ စသဖြင့်အဆမတန်စျေးတက်နေကြောင်းသိရပါတယ်။

နောင်မွန်ပြည်သူ့ဆေးရုံကြီးမှာဆေးဝါးပြတ်လပ်ပြီး ကုန်ကျစရိတ်များနေတဲ့အတွက် ပြည်သူတွေဆေးဝါးကုသဖို့အခက်အခဲ ဖြစ်နေကြောင်းကို နောက်ထပ်မြို့ခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

ဆေးရုံကနေတော့ပါရာလောက်ပဲပေးတယ် ပြီးခဲ့တဲ့ရက်က အသိတယောက် မြွေကိုက်လို့သွားတာ ဖြေဆေးမပြောနဲ့ဘာမီတွန်တောင်ဆေးရုံမှာမရှိဘူး။ ဆေးရုံတစ်ညအိပ်ရင်သုံးသိန်းအနည်းဆုံးကုန်တယ်ဒါတောင်ရိုးရိုးကုတာ ခွဲစိပ်တာတွေမပါဘူးလို့မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

အခုလိုပြည်သူ့ဆေးရုံကြီးမှာဆေးဝါးကုသစရိတ်အဆမတန်များတာနဲ့ဆေးဝါးတွေလုံလုံလောက်လောက်မရှိတာတွေကြောင့် ပြည်သူအခက်အခဲ ဖြစ်နေကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအို‌ဒေသေထဲကို ကားလမ်းနဲ့ဆေးဝါးသယ်ယူခွင့်ကို ၂၀၂၄ ခုနှစ်ကတည်းကနေတားမြစ်ထားတာဖြစ်ပါတယ်။

လက်ရှိပူတာအိုမြို့နယ်ထဲမှာတော့ ဆေးဝါးတွေက်ို လေကြောင်းနဲ့သယ်ယူလို့ရနိုင်ပေမယ့် လေကြောင်းမရှိတဲ့ နောင်မွန်လိုဒေသတွေမှာ ကုန်ကြောင်းကနေဆေးဝါးသယ်ယူခွင့်တင်းကြပ်ထားတာဟာ ပြည်သူတွေအတွက်အခက်အခဲ ဖြစ်စေတာဖြစ်ပါတယ်။

နောင်မွန်နဲ့အလားတူ ခေါင်လန်ဖူးဒေသဘက်မှာလည်း ကုန်ကြောင်းနဲ့ဆေးဝါးသယ်ယူခွင့်တွေတင်းကြပ်ထားတာ ကြောင့် ပြည်သူတွေဆေးဝါးကုသဖို့အခက်အခဲ ဖြစ်နေကြောင်းသိရပါတယ်။

မြန်မာနိုင်ငံတွင်း ဆေးဝါး ၈၅ ရာခိုင်နှုန်းကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေကလည်း အဓိကတင်သွင်းပြီး ကျန် ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

နောင်မွန်မြို့ဟာ မြန်မာပြည်မြောက်ဖျားပိုင်းကအစွန်ဆုံးကျတဲ့မြို့တစ်မြို့ဖြစ်ပြီး ပူတာအိုမြို့နဲ့ မိုင်းပေါင်း ၇၀ ကျော် မိုင်ကွာဝေးပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button