သတင်း

လန်ဟီဆင်ဘက်စစ်ကြောင်းထိုးနေတဲ့ ပြည်သူ့စစ်အဖွဲ့ တပ်စိတ်လိုက်အဆုံးစီရင်သွားတယ်လို့ သတင်းထွက်ပေါ်

ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ထဲက လန်ဟီဆင်စခန်းကုန်းဘက်ကို ထိုးစစ်ဆင်နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်စိပ်တစ်စိပ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။

ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်ထဲက  KIAနဲ့ KPDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လန်ဟီဆင်စခန်းကုန်းဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းဖြစ်ပြီး လမ်းခုလတ်မှာတင်အဆုံးစီရင်မှုဖြစ်သွားခဲ့တယ်လို့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ဖြစ်စဥ်အမှန်ကိုတော့ ဘယ်သူမှအတိအကျတော့မသိသေးဘူး။ ဒါပေမယ့်တာဝန်ရှိသူတွေကတော့စုံစမ်းစစ်ဆေးမှုအရ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာလို့ပဲ ကောက်ချက်ချလိုက်တာပေါ့ ဒီကနေထွက်သွားတဲ့ တပ်စိပ်တစ်ခုလုံးက တစ်နေရာထဲမှာစုပုံပြီးသေဆုံးသွားတယ်လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။

တပ်စိပ်လိုက်အဆုံးစီရင်သွားတယ်လို့ယူဆရတဲ့ စစ်ကြောင်းဟာ စစ်အင်အား ၃၀ ခန့်ရှိပြီး လန်ဟီဆင်တောင်ကုန်းနဲ့ ခေါင်လန်ဖူးမြို့ကြားထဲက တောင်ကြားတစ်နေရာမှာ ရှေ့တန်းထွက်နေတာ တစ်လကျောက်ကြာမြင့်လာတဲ့နောက် ဒီဇင်ဘာလဆန်းပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အေလောင်းပုံကို မြင်တွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့က ရှေ့တန်းထွက်သွားတာနည်းနည်းတော့ကြာပြီတဲ့တစ်လကျော်ပြီ ဘာအဆက်အသွယ်မှမရ၊ ပြန်လည်းမခေါက်လာတော့ အနောက်ကနေစစ်ကြောင်းတစ်ကြောင်းကသူတို့သွားတဲ့လမ်းကြောင်းအတိုင်းလိုက်သွားတဲ့အချိန်မှာ တောင်ကြားမှာ အလောင်တွေတွေ့တာပဲလို့ အထက်ဖော်ပြပါ ခေါင်လန်ဖူးမြို့ခံအမျိုးသားကဆက်ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သပ်ပြီး ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့နီးစပ်သူ နောက်ထပ်ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦးက KNG ကိုအခုလိုသုံးသပ်ထားပါတယ်။

တစ်ချို့တွေပြောကြတာကတော့ သူတို့စစ်ကြောင်းကို KIAKPDF တွေဝိုင်းလာလို့ ထွက်ပေါက်ပိတ်သွားတော့အဖမ်းမခံချင်တာနဲ့ အဆုံးစီရင်သွားတာတဲ့သဘောမျိုးဖြစ်နိုင်တယ်ဆိုပြီးပြောကြတာရှိတယ်။ တစ်ချို့တွေကတော့ အချင်းချင်းလုပ်ကြံတာလို့လည်းပြောကြတယ် ဒါပေမယ့်တာဝန်ရှိတွေဘက်ကတော့အတိအကျမဖြေမထွက်သေးဘူးစစ်ဆေးနေတုန်းလို့ ပြောပါတယ်။

ပြည်သူ့စစ်တပ်စိပ်တစ်စိပ်လုံးမသင်္ကာဖွယ်သေဆုံးသွားတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့တာဝန်ရှိသူတွေကို  KNG ကဆက်သွယ်နေပေမယ့် ဖုန်း၊အင်တာနက်အခက်ခဲကြောင့် ဆက်သွယ်လို့ခက်ခဲနေဆဲဖြစ်ပါတယ်။

အဲ့ဒီတပ်စိပ်ထဲမှာ အသက် ၃၀ ကျော်အိမ်ထောင်သည်အများစုနဲ့ အသက် ၂၀ ကျော်လူငယ်တွေပါဝင်ပြီး ရုပ်အလောင်းတွေကိုတော့ သေဆုံးမှုဖြစ်တဲ့နေရာနဲ့နီးတဲ့တောတွင်းတစ်နေရာမှာပဲ မြှပ်နှံထားခဲ့တယ်လို့သိရပါတယ်။

အလောင်းကတော့သယ်မလာနိုင်တော့ဘူး တောတောင်တွေဖြတ်ရ၊လမ်းကလည်းကြမ်းနောက်ပြီးတစ်လောင်း၊နှစ်လောင်းပဲလည်းမဟုတ်ဘူးအများကြီးဖြစ်နေတာတော့အဲ့မှာပဲမြှပ်ထားတယ်တဲ့လို့ သေဆုံးသွားတဲ့ တပ်သားတစ်ဦးရဲ့ အစ်မတော်စပ်သူတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတစ်ဖက်က ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုမေးမြန်းရာ အခုလိုတုံ့ပြန်ထားပါတယ်။

အဲ့ဒီကိစ္စကတော့ကျနော်တို့မသိဘူးဗျ ကျနော်တို့ဘက်ကတော့သုံ့ပန်းဖမ်းမိရင်တောင်ဒါမျိုးသုတ်သင်တာတော့မလုပ်ဘူးလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိ KIAနဲ့ KPDF ပူးပေါင်းတွေထိန်းချုပ်ထားတဲ့ လန်ဟီဆင်စခန်းကုန်းဟာ ၂၀၂၄ ခုနှစ်အောက်တိုဘာလ လမတိုင်ခင်အထိ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် တပ်ဖွဲ့ရဲ့မဆုတ်တမ်းရှေ့တန်းခံစစ်စခန်းအထိုင်ထိုင်ထားတာဖြစ်ပါတယ်။

ဒါ့ပြင်အဲ့ဒီလန်ဟီဆင်စခန်းဟာ ယခင်က ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကထိန်းချုပ်ထားတဲ့ လက်ရှိKIAထိန်းချုပ်ထားဆဲဖြစ်တဲ့ လန်ဆယ်ရွှေမှော်ဒေသကိုသွားတဲ့လမ်းပိုင်းမှာရှိနေတာလည်းဖြစ်ပါတယ်။

လန်းဆယ်ရွှေမှော်ဒေသကိုတော့ KIAနဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်အောက်တိုဘာလ လမှာသိမ်းပိုက်ထားပြီး လာဟီဆင်စခန်းကိုတော့ဒီဇင်ဘာလ လမှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button