မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

လုံးခင်းဆေးရုံမြေ၊ သင်္ချိုင်းမြေနေရာ မြေကွက်ဖော်ဆောင်တာ ရပ်တန့်ပေးဖို့ ဖားကန့်ပြည်သူတွေတောင်းဆို

ဖားကန့်မြို့လုံးခင်းနဲ့ မှော်ဆီစာကျေးရွာနှစ်ခုကြားရှိ အများပြည်သူပိုင်သင်္ချိုင်းမြေနဲ့ ဆေးရုံမြေနေရာဖျက်ဆီးပြီး မြေကွက်ရိုက် ရောင်းချပေးတာတွေရှိနေတာကြောင့် ဖားကန့်ပြည်သူတွေကန့်ကွက်နေကြပါတယ်။

လက်ရှိ မြေတူးဖော်ရှင်းလင်းပြီး အကွက်ရိုက်ရောင်းချပေးတဲ့နေရာဟာ ရုပ်အလောင်းတွေ သဂြိုလ်မြှုပ်နှံထားတဲ့ သင်္ချိုင်းမြေဖြစ်တဲ့အပြင် သင်္ချိုင်းမြေနဲ့ တစ်ဆက်တည်းရှိတဲ့ လုံးခင်းတိုက်နယ်ဆေးရုံမြေနေရာအထိ ကျူးကျော်ပြီး လုပ်ဆောင်နေတယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။

သင်္ချိုင်မြေဖျက်ဆီးရှင်းလင်းလိုက်တဲ့နေရာမှာ မြေကွက်ရိုက်တိုင်းတာပြီး လုပ်ငန်းရှင်တွေကို ဖြည်းဖြည်းချင်းစီရောင်းချပေးတယ်လို့ ကန့်ကွက်တဲ့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သင်္ချိုင်းမြေတူးတာက ဘယ်လောက်ဆိုးလဲဆိုရင် တကယ့်လူသေရုပ်အလောင်း အရိုးတွေပေါ်တဲ့အထိတူးတာ။ ဒီသင်္ချိုင်းမြေနေရာက အပေါ်လမ်းအောက်လမ်းဆိုပြီးရှိတာ။ လူသေမြှုပ်တာက အပေါ်ဘက်ကနေ မြှုပ်ကြတာ။ အဓိက မြေနေရာက တန်းဖိုးရှိတော့ အောက်လမ်းခြေရင်းကနေ တူးဖော်တာ။ ပြီးရင် အောက်လမ်းကအရမ်းစီတာ။ အဲ့မှာအကွက်ရိုက်ပြီးတော့ ဆီဆိုင်ဖွင့်တယ်။ ဒီတိုင်းအကွက်ရိုက်ရောင်းတာတွေရှိတယ်။ ဒီဟာကို KIO လုပ်ဆောင်ပေးတယ်။ လုပ်ငန်းရှင်တွေကဝယ်တယ်လို့ပြောပါတယ်။

အများပိုင်သင်္ချိုင်းမြေနေရာဖျက်ဆီးရောင်းချဖို့ စက်ယန္တရားကြီးတွေနဲ့ဖဲ့ထွင်ရှင်းလင်းတဲ့လုပ်ငန်းဖော်ဆောင်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကနေ ဖားကန်ပြည်သူတွေစတင် မြင်တွေ့လာရတာဖြစ်ပြီး ဇွန်းလနောက်ပိုင်း ပိုပြီးဆိုးရွာလာတယ်လို့ သိရပါတယ်။

ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို  KIA တပ်မဟာ (ကနေ တိုက်ရိုက် ညွန်ကြားနေတာဖြစ်ပြီး ကျေးရွာအတွင်းက ရပ်မိရပ်ဖတစ်ချို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအထိ သင်္ချိုင်းမြေတူးဖော်လိုက်တဲ့နေရာမှာ အများပြည်သူ ပွင့်လင်းမြင်သာမှုမရှိဘဲ အပြင်ကနေ ကြည့်လို့မရအောင် သွပ်အဖြူနဲ့ ခြံခပ်ထားပြီး အထဲကနေ ဖြည်းဖြည်းချင်းစတင်လုပ်ဆောင်လာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဇွန်လအတွင်းမှာပဲ မြေတူးဖော်လိုက်တဲ့နေရာမှာ ရုပ်အလောင်းတွေ တစ်ပိုင်းတစ်စထွက်ပေါ်လာတာကြောင့် ပြည်သူလူထုကြားမှာ ဝေဖန်ပြောဆိုမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နှစ်လဝန်းကျင်ခန့် လုပ်ငန်းစီမံကိန်း ရပ်နားထားပြီး စက်တင်ဘာလကနေ တဖန်ပြန်လည်လုပ်ဆောင်နေတာဖြစ်တယ်လို့ အထက်ပါပြောဆိုတဲ့ အမျိုးသားက ဆက်ဆိုပါတယ်။

၈လပိုင်း   လပိုင်းလောက်ကနေ ပြန်စနေတယ်။ အခုဆိုရင် နေ့ဘက်အလုပ်မလုပ်ဘူးနားကြတယ်။ အခုနောက်ပိုင်းဆို ညမထွက်ရ အမိန့်တွေလည်းရှိနေတတော့ လူမထွက်ကြတဲ့အချိန် ညဘက်မှာပဲ တိတ်တိတ်လေးလုပ်နေကြတယ်။ ဒီနေရာတွေက အရမ်းနေရာကောင်းတော့ တစ်ကွက်ကို နှစ်ထောင်၊ သုံးထောင်တော့ပေါက်မှာပဲ။ အခုနောက်ဆုံးလုပ်နေတဲ့ နေရာဆိုရင် ဆီဆိုင်ဖွင့်ဖို့ လုပ်နေကြတယ်လို့ပြောတယ်။ နောက်ပြီး သင်္ချိုင်းမြေကျူးကျော်ထားတဲ့ နောက်တစ် ဆိုင်လည်းရှိသေးတယ်လို့ပြောပါတယ်။

မြေကွက်ရိုက်ရောင်းချမှုမှာ တစ်ကွက်စာကို ပေ ၃၀ နဲ့ ၄၀ ကြားမှာရှိပြီး မြေကွက်တစ်ခုရဲ့ လက်ရှိပေါက်စျေး သိန်း နှစ်ထောင်နဲ့ သုံးထောင်ကြားမှာရှိတယ်လို့ သိရပါတယ်။

နှစ်ပေါင်းကြာရှည်အသုံးပြုလာတဲ့ လုံးခင်းသင်္ချိုင်းမြေစုစုပေါင်းဧရိယာ  ဧကခန့်ကျယ်ဝန်းပြီး လက်ရှိမှာ  ပုံတစ်ပုံခန့် မြေတူးဖော်အကွက်ရိုက်ရောင်းချလိုက်ပြီးတော့ လုံးခင်းဆေးရုံမြေနေရာလည်း ထက်ဝက်ခန့် ပါသွားပြီလို့ နောက်ထပ် ဖားကန့်ပြည်သူ တစ်ဦးက ဆက်ပြီးပြောပြလာပါတယ်။

မှန်ပါတယ် ဆေးရုံခြမ်းလည်းပါသွားပြီ။ ‘ဂျိတ်လက်ဆိုတဲ့စျေးဆိုင်တစ်ခုလည်း ဆေးရုံဧရိယာခြမ်းဘက်ဖြစ်တယ်။ အခုပြောနေတဲ့ သုသာန်နေရာတွေကော အဲ့တစ်ကြောက မြေနေရာအားလုံးပါသွားပြီ။ သူတို့ အောက်လမ်းဘက်ကနေ စားလာတာ။ မြေကွက်ရိုက်တယ်။ စားသောက်ဆိုင်တွေဖွင့်တယ်။ ဆေးရုံကုန်း၊ သင်္ချိုင်းကုန်း ကုန်းပေါ်ရဲ့ အောက်ဘက်ခြမ်းကို ကပ်စားပြီးမြေကွက်ရိုက်တဲ့သဘောပါ။ မှော်ဆီစာနဲ့ နည်းနည်းကပ်တဲ့ အောက်လမ်းသုသာန်မြေမှာတော့ စားထားတဲ့ဟာတွေက အခုချိန်အထိ မြေကွက်ပုံဖော်နေတုန်းပါလို့ပြောပါတယ်။

လက်ရှိ အကွက်ရိုက်တဲ့နေရာဟာ လုံးခင်းရွာမိန်းလမ်းမကြီးကနေ သင်္ချိုင်းမြေဧရိယာထဲ ပေ ၅၀ နဲ့ ၁၀၀ ဝန်းကျင်တိုးချဲ့ကျူးကျော်ထားတယ်လို့ပြောပါတယ်။

ဒါ့အပြင် သင်္ချိုင်းမြေနဲ့ မြေနေရာတစ်ဆက်တည်းရှိကြတဲ့ ဆေးရုံးဝင်းမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြေနေရာတွေ ရှင်းလင်းကာ ရောင်းချပေးဖို့ မြေကွက်ချပုံဖော်နေဆဲဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ သင်္ချိုင်းမြေဧရိယာအတွင်းက မြေတူးဖော်ဖျက်ဆီးလိုက်တဲ့ မြေကွက်နေရာတွေဟာ လုံးခင်း၊ မှော်ဆီစာတစ်ကြောရှိ ခရစ်ယာန်ဘာသာပေါင်းစုံအသင်းအဖွဲ့တွေရဲ့ သင်္ချိုင်းမြေအဖြစ် သတ်မှတ်ဧရိယာတွေဖြစ်တယ်လို့ ဆက်သိရပါတယ်။

အခုလို သင်္ချိုင်းမြေတူးဖော် ရောင်းချနေတာနဲ့ ပတ်သက်ပြီး ခရစ်ယာန်ဘာသာဝင်တွေဘက်ကလည်း ကန့်ကွက်ပြောဆိုတာတွေမရှိဘဲ တိတ်ဆိတ်နေတယ်လို့ ပြည်သူတစ်ချို့ ဝေဖန်ပြောဆိုနေတာလည်းတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာရပ်ကွက်အသီးသီးမှာ  စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေပြတ်တောက်သွားပြီးနောက် မြို့ရဲ့ ၇၀ ရာခိုင်နှုန်းမှာ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။

ဖားကန့်ဒေသတစ်ခုလုံးရဲ့ အခွန်ကောက်ခံမှုစနစ်အများဆုံးနဲ့ မြေနေရာစီမံခန့်ခွဲလုပ်ကိုင်ခွင့်ကို KIO အစိုးရကသာ အဓိကလုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဖားကန့်ပြည်သူတွေက အသံမထွက်ရဲဘဲ တိတ်ဆိတ်နေကြတာဖြစ်တယ်လို့လည်း ဖားကန့်ပြည်သူတွေပြောပါတယ်။

လက်ရှိ စစ်တပ်နဲ့ KIA အစိုးနှစ်ခုကြား အခွန်ကောက်ခံမှုနဲ့ မြေနေရာခွဲဝေမှုအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ဖားကန့်ပြည်သူ ကချင်အမျိုးသားတစ်ဦးက ယခုလိုပြောပြလာပါတယ်။

ကျနော်မြင်သလောက်ပြောရရင် ဒီလုပ်ငန်းတွေအားလုံးက KIO ကပဲလုပ်နေတာပါ။ စစ်တပ်က ဖားကန့်မှာ နေရာယူထိန်းချုပ်ထားတယ်ဆိုပေမယ့် ဟိုမြေနေရာအသေးစိတ် မြေနေရာပိုင်ဆိုင်မှုအထိ သူတို့ထဲထဲဝင်ဝင်မလုပ်ကြဘူး။ ဥပမာ – ဗျူဟာမှူးကိုသွားတွေ့ပြီး ငွေးပေးလိုက်တာတို့၊ မြေကွက်ကစ္စတွေကလည်း မြေပြင်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးလုပ်ကြတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ လုပ်နေတာက KIO ကလုပ်နေတာလို့ပြောပါတယ်။

ဒါကြောင့် လုံးခင်းတိုက်နယ်ဆေးရုံးဝင်းအပါ သင်္ချိုင်မြေဖျက်ဆီးပြီး မြေကွက်ရိုက်ရောင်းချပေးနေတဲ့ လုပ်ငန်းစဉ်တွေက ဖားကန့်ဒေသ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အစိုးရက လုပ်ဆောင်နေတာဖြစ်တယ်လို့ပြောဆိုတာဖြစ်ပါတယ်။

KIO/KIA အစိုးရအနေနဲ့ အများပြည်သူသက်ဆိုင်တဲ့ သင်္ချိုင်မြေနေရာပေါ်မှာ လုပ်ငန်းဖော်ဆောင်မယ်ဆိုရင် စုပေါင်းသင်္ချိုင်းမြေနေရာအဖြစ် သတ်မှတ်ခြင်းခံရတဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့ ခရစ်ယာန်ဘာသာဝင်အသင်းအဖွဲ့တွေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ ညှိနှိုင်းပြီး လုပ်ငန်းဖော်ဆောင်သင့်တယ်လို့ အထက်ပါကချင်အမျိုးသားက ဆက်ပြီးပြောဆိုထားပါတယ်။

တစ်ခုရှိတာက KIO က ဒီလိုမြေကွက်ဖော်တော့မယ်ဆိုရင် အဲ့မှာ သဂြိုလ်မြှုပ်နှံထားရုပ်အလောင်းတွေကို ပြောင်းရွှေ့နိုင်ဖို့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်သင့်တယ်။ လုပ်ရင်လည်း လုပ်ကြောင်း ပြည်သူလူထုကိုပြောပြသင့်တယ်။ အဲ့လိုမလုပ်ပဲနဲ့ အစိုးရအာဏာသုံးပြီး လုပ်မယ်ဆိုရင်တော့ ဂိုင်းပေါင်းစုံနဲ့ သက်ဆိုင်တဲ့နေရာဖြစ်တဲ့အတွက်လုံးဝမလုပ်သင့်တဲ့လုပ်ရပ်ဖြစ်တယ်။ တကယ်လို့ မြှုပ်နှံထားတဲ့သူတွေအရမ်းများသွားရင်တောင် သက်ဆိုင်တဲ့ဘာသာရေးအဖွဲ့တွေကသိလိမ့်မယ်လို့ပြောပါတယ်။

လုံးခင်းသင်္ချိုင်းမြေနေရာကို တူးဖော်လိုက်တာကြောင့် ထွက်ပေါ်လာတဲ့လူသေအလောင်းများ Photo – CJ

သဂြိုလ်မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေကိုလည်း ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် မြေကွက်ဖော်လုပ်ဆောင်သွားမယ့် ကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ညှိနှိုင်းဆောင်ရွက်ကာ ပွင့်လင်းမြင်သာစွာ လုပ်သင့်တယ်လို့ ဆက်ဆိုပါတယ်။

လုံးခင်းကျေးရွာမှာ ပြီးခဲ့တဲ့ဇွန်လလောက်ကတည်းကနေ သင်္ချိုင်းမြေစတင်တူးဖော်လာတဲ့လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး KNG သတင်းဌာနက KIO ပြန်ကြားရေးတာဝန်ခံမှူးကြီးနော်ဘူကို မေးမြန်းခဲ့ရာမှာသင်္ချိုင်းမြေတူးဖော်တဲ့ကစ္စကိုမကြားမိသလို သတင်းပေးပို့လာတာမရှိဘူးလို့ပြန်လည်ဖြေဆိုထားတာရှိခဲ့ပါတယ်။

ယခုနောက်ဆုံး ဒုတိယအကြိမ်ပြန်လည်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးတာဖြစ်ပါတယ်။

ဒါ့အပြင် ခရစ်ယာန်ဘာသာပေါင်စုံ သဂြိုလ်မြှုပ်နှံနေတဲ့နေရာမှာ မြေကွက်ရိုက်ရောင်းချနေတဲ့ လုပ်ဆောင်ချက်ကို KIO အစိုးရနဲ့ ခရစ်ယာန်ဘာသာပေါင်းစုံအဖွဲ့ကြားညှိနှိုင်းမှုရှိမရှိ စုံစမ်းနေပေမယ့် အသေးစိတ်မသိရဘူးလို့ သတင်းအရင်းအမြစ်တွေက တုန့်ပြန်ပြောဆိုထားတာတွေလည်းရှိပါတယ်။

သင်္ချိုင်းမြေအပါ တစ်ဆက်တည်းရှိတဲ့ လုံးခင်းတိုက်နယ်ဆေးရုံကိုလည်း စစ်တပ်အာဏာသိမ်းပြီးနောက် အစိုးရဝန်ထမ်းတွေ CDM ဝင်ရောက်သွားတာကြောင့် ဆေးရုံပိတ်ထားတာ ခုဆိုလေးနှစ်ကျော်ကြာအတွင်းမှာ ဆေးရုံမြေနေရာဖျက်ဆီးခံရတာဖြစ်တယ်လို့ ဆက်သိရပါတယ်။

ဆေးရုံလည်ပတ်မှုရပ်တန့်သွားတာ  နှစ်ကျော်အတွင်းမှာ ဆေးရုံရှိ သွပ်မိုးပါမကျန်ခိုးယူ ဖျက်ဆီးတာတွေလုပ်ဆောင်နေတာတဲ့အတွက် လက်ရှိမှာ အုတ်နံရံနဲ့ အဆောက်အဦးသာကျန်ရှိနေတော့ဖြစ်တယ်လို့ လုံးခင်းပြည်သူ ၃ ဦးခန့်က KNG ကိုပြောဆိုထားပါတယ်။

ယခု ၂၀၂၅ ခုနှစ်ထဲမှာဆိုရင် ဆေးရုံဧရိယာအတွင်းအထိကျူးကျော်ပြီး ဆိုင်ခန်းနေရာချပေးတာတွေ၊ မြေကွက်ရိုက်ရောင်းချဖို့အထိ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဆေးရုံမြေ၊ သင်္ချိုင်မြေတွေကို အာဏာအသုံးပြုပြီး မြေနေရာဖျက်ဆီးကာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်နေပမယ့် လက်ရှိကြုံတွေ့နေတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေနှစ်ခုကြားမှာ ကန့်ကွက်ပြောဆိုဖို့ကို အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေပြောပါတယ်။

လုံးခင်းသင်္ချိုင်းကုန်းလမ်းမကြီးနဘေး Photo – CJ

ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်  အရပ်သားပြည်သူတွေ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေ၊ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိတဲ့ဖြစ်စဉ်၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီးသေဆုံးတဲ့ဖြစ်စဉ်၊ တိုက်ပွဲအတွင်းလက်နက်ကြီးကျပြီးသေဆုံးတဲ့ဖြစ်စဉ်တွေက ဖားကန့်ဒေသမှာဖြစ်ပျက်နေတာဟာ အဆိုးရွားဆုံးဖြစ်နေပါတယ်။

ဒါကြောင့် ဖားကန့်ပြည်သူတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ ကစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းလိုတာထက် လက်နက်ကိုင်အစိုးရနှစ်ဖွဲ့ကြား ရှင်သန်ဖို့ခက်ခဲနေတဲ့ အခြေအနေရပ်ကို ဖားကန့်ပြည်သူ ကချင်အမျိုးသားတစ်ဦးက ထပ်မံပြောဆိုထားပါတယ်။

ကျနော်တို့ပြည်သူတွေက အရမ်းလည်းပြောဆိုလို့လည်းမရ၊ နိုင်ငံရေးမှာလည်း ပြောလို့မရ၊ အခုလို မြေနေရာကစ္စတွေမှာလည်း ပြောလို့မရ၊ အားလုံးက သတ္တိရှိပြီး လုပ်ရဲကြတဲ့သူတွေကြီးပဲဆိုတော့ နေရာတကာမှာ ကြောက်လန့်စိုးရိမ်ပြီးမှပဲ နေရတယ်။ အကောင်းဘက်ပြောလိုက်ရင်လည်း အပြစ်ရှာဖို့ပဲဖြစ်လာတာ ဘယ်သူမှမပြောရဲမဆိုရဲဖြစ်ကြတယ်။ ရှင်းရှင်းပြောရရင် နှစ်ဖက်အစိုးရကို ကြောက်နေရတယ်လို့ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုမတိုင်မှီ ပြည်သူ့အစိုးရလက်ထက်မှာ တင်ပြတောင်းဆိုပြီး ပြေလည်သွားတဲ့ လုပ်ဆောင်ချက်တစ်ချို့တွေရှိပေမယ့် အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ ကန့်ကွက်ချက်၊ တောင်းဆိုချက်တွေကို အလေးမထားဘဲ လုပ်ဆောင်နေတာကြောင့် အရေးပါတဲ့အများပိုင်မြေနေရာတွေ တစ်နှစ်ပြီးတစ်နှစ်ပျောက်ကွယ်လို့နီးပါဖြစ်နေပြီလို့လည်း သူက ဆက်ဆိုပါတယ်။

ပြည်သူတွေကြား ပွင့်လင်းမြင်သာမှုမရှိတဲ့ စီမံကိန်းတွေကြောင့် ကန့်ကွက်ကြတဲ့ ဖားကန့်ပြည်သူတွေအနေနဲ့လည်း အရေးပါတဲ့ ပြည်သူပိုင်နေရာတွေကို ထိခိုက်ဖျက်ဆီးတာတွေမလုပ်ဖို့၊ စီမံကိန်းတွေကို ရပ်တန့်ပေးပြီး ထိန်းသိမ်းကာကွယ်ပေးဖို့ တောင်ဆိုနေကြတာဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ မြေနေရာနဲ့ပတ်သက်ပြီး လက်ရှိ လုံးခင်းကျေးရွာက သင်္ချိုင်မြေ၊ ဆေးရုံမြေနေရာတင်မဟုတ်ဘဲ တခြား မဇွပ်ယန်၊ ကုဋေမှော်စတဲ့ကျေးရွာအသီးသီးမှာလည်း အများပြည်သူပိုင်ဖြစ်တဲ့ ဘုရားကျောင်းဝင်မြေနေရာ၊ စာသင်ကျောင်းမြေနေရာတွေကိုကျောက်စိမ်းတူးဖော်လိုက်ဖို့ စီမံကိန်းတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေကြားကန့်ကွက်ပြောဆိုနေတာတွေလည်းရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လလောက်ကနေ စတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နေရာနဲ့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဝက်လောက်မှာပဲ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဖားကန့်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ထိန်းချုပ်ထားတဲ့ နေရာတွေမှာ KIO/KIA ရဲ့ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဖားကန့်ဒေသတစ်ခုလုံးရဲ့ ရတနာမြေနေရာတွေဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာရှိနေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button