စစ်ရေးလူ့အခွင့်အရေးချိုးဖောက်မှု

စစ်ကောင်စီ ရဲ့  ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် စစ်ရှောင် ၅ ဦး ထိခိုက် ဒဏ်ရာရ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မံမလင်းကျေးရွာမှာ စစ်ကောင်စီက လေယာဥ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင်  စစ်ရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် ဗန်းမော်မြို့ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မံမလင်းကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ထိခိုက်ဒဏ်ရာရရှိတဲ့ လူနာတွေကိုတော့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့လည်း ပြန်ရှောင်တိမ်းဖို့တော့ တွေးနေတယ်။ တဖန်ပြန်ပြီး စစ်ရှောင်ဖို့ ပြင်ဆင်နေတယ်” လို့ အမည်မဖော်လိုသူ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ သေချာ မသိရှိရသေးတဲ့အတွက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီဇင်ဘာလ ၂၀၂၄ ကတည်းကနေ စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်း တိုက်ပွဲဟာ လက်ရှိချိန်ထိ ပြင်းထန်နေဆဲဖြစ်ပြီး သောင်းနဲ့ချီတဲ့  ဗန်းမော်မြို့ခံ ဒေသခံတွေ အားလုံးကလည်း မိမိနီးစပ်ရာ နေရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ ကချင်ဒေသအပါအဝင် စစ်ကိုင်း၊ ရခိုင်၊ ကရင် စတဲ့ နေရာဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အစဥ်မပြတ် ပြုလုပ်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် လူရာနဲ့ချီ သေဆုံးနေမှုတွေ ဖြစ်နေပါတယ်။

ညဏ်လင်းသစ် သုတေတနအဖွဲ့ရဲ ဒီဇင်ဘာ ၁၂ရက်နေ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇၀ ဦး ရှိခဲ့ပြီး ၁၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီဇင်ဘာ ၁၉ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၈ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ဦးထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

HOPE

Show More

Related Articles

Back to top button