တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် နဲ့ ဖားကန့်မြို့နယ် ကျေးရွာ ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်တပ်ဝန်ခံ
ဇန်နဝါရီမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က ထည့်သွင်းခဲ့တဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီ၊မိုးမောက် ရွှေကူ နဲ့ ဖားကန့်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စု ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ပါတယ်။
ဗန်းမော်မြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မံစီမြို့နယ်က ကျေးရွာအုပ်စု ၄၃ အုပ်စု၊ မိုးမောက်မြို့နယ်ကကျေးရွာအုပ်စု ၆၅ခု၊ ရွှေကူမြို့နယ်ကကျေးရွာအုပ်စု ၃၉ ခု နဲ့ ဖားကန့်မြို့နယ်က ကျေးရွာအုပ်စု ၈ ခုတို့မှာ ရွေးကောက်ပွဲမလုပ်နိုင်တော့တာပါ။
ဒီဇင်ဘာလ ၂၇ ရက်နေ့ည ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၉ ခု၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် မဲဆန္ဒနယ် ၂ ခုနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် မဲဆန္ဒနယ် ၉ ခုတို့မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ကြောင်း ကြေညာလာတာဖြစ်ပါတယ်။

ချင်းပြည်နယ်က မြို့နယ် ၃ခု၊ စစ်ကိုင်းတိုင်းက မြို့နယ် ၂ခု၊ ရခိုင်ပြည်နယ်က မြို့နယ် ၄ခုအပါအဝင် ကချင်၊ ကရင်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းက ကျေးရွာအုပ်စုပေါင်း ၁၀၀၂ အုပ်စု၊ ရပ်ကွက် ၆၂ ရပ်ကွက်တို့မှာ ရွေးကောက်ပွဲမလုပ်နိုင်တော့တဲ့အကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့ကြောင့်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့မြို့နယ် ၆၅ မြို့နယ်အထိရှိလာပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်းက ၄၀၀၀ နီးပါးလောက်ရှိလာပြီဖြစ်ပါတယ်။
ဒီပမာဏဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းအဆက်ဆက်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ စံချိန်တင်ပမာဏပဲဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာကျင်းပနေပြီး လာရောက်မဲပေးမှု မရှိတဲ့ ဒေသတွေမှာ အတင်းအကြပ်ဖိအားပေး မဲပေးစေခိုင်းမှုတွေရှိနေတယ်လို့ လွတ်လပ်တဲ့ သတင်းဌာနတွေက ရေးသားနေတာ တွေ့ရပါတယ်။
ကချင်ပြည်နယ်မှာတော့ ပထမအကြိမ်အဖြစ် မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး နဲ့ တနိုင်းမြို့ပေါ်တွေမှာ ကျင်းပနေကြပြီး၊ ဒုတိယအကြိမ်အဖြစ် လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဝိုင်းမော်၊ မချမ်းဘော့၊ မိုးကောင်း နဲ့ တတိယအကြိမ်မှာတော့ ဖားကန့်၊ ရွှေကူ၊ ဗန်းမော် တွေမှာ ကျင်းပဖို့ ထုတ်ပြန်ထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန့်ယန်၊ ဆော့လော၊ ချီဖွေ မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲ မကျင်းပနိုင်သလို ဗန်းမော်နဲ့ တစ်ဆက်တည်းရှိသော မိုးမောက်နဲ့ မံစီမြို့ကိုလည်း KIA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
သို့သော်လည်း မံစီ၊ ရွှေကူ နဲ့ နောင်မွန်မြို့နယ် ပြည်သူ့လွှတ်တော် ၃ နေရာ နှင့် ရွေကူ ပြည်နယ်လွှတ်တော် ၁ နေရာ အတွက် ယှဉ်ပြိုင်သူမရှိတဲ့အတွက် USDP က ပြိုင်ဆိုင်ရန် မလိုအပ်ဘဲ အနိုင်ရရှိထားပါတယ်။
By – အမိုး



