ကသာမြို့ပတ်လည်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင်တွေထပ်တိုးလာနေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မနေ့ညပိုင်းကစလို့ ဒီကနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ယမန်နေ့ညပိုင်း ၉ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်နဲ့ အကြိမ် ၆၀ ကျော်နီးပါး မြို့ပတ်ပတ်လည်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်တွေဆက်တိုက်တိုးလာနေပါတယ်။
“ညတုန်းကတော့ ၉ နာရီကျော် ၁၀ နာရီလောက်ကို ထင်တာပဲ ဗုံးတွေတော်တော်များများချတယ်။ မြို့ပတ်ပတ်လည်ကို ချတာ လို့ ပြောတယ်။ ဘာထူးလဲဆိုတော့ ဒီနေ့ပြန်ပြီးထွက်ခွင့်ပေးတယ်ထင်တယ်။ ဒီနေ့လူတော်တော်များများထွက်လာကြတယ်။ ဆိုင်ကယ်တွေနဲ့ကားတွေနဲ့ ပြုံစုပြီးမှလာပြီးရှောင်နေကြတာရှိတယ်။ ကျနော်တို့လည်း ကျီးလန့်စာစားအနေနဲ့ပဲ နေနေရတာ။ လေကြောင်းရန်ကလည်းကြောက်ရတယ်။ ညတွေလည်းကောင်းကောင်းမအိပ်ရဲဘူး”လို့ ကသာမြို့ပြင် ဧရာဝတီမြစ်နဘေးနေထိုင်တဲ့ ဒေသခံတစ်ဦးက ဒီကနေ့ကြုံနေရတဲ့အခြေနေကိုပြောပြပါတယ်။
ကသာမြို့တွင်းမှာလည်း သွားလာသူမရှိတိတ်ဆိတ်ခြောက်ကပ်နေပြီး ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာဆိုရင် စစ်ဘေးရှောင်တွေတဖြည်းဖြည်းတိုးလာနေတယ်လို့ မြို့ခံတွေကပြောကြပါတယ်။
ကသာမြို့အဝင်အထွက်နေရာတွေမှာတော့ စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ကိုကန့်သတ်ထားပြီး တချို့ကိုလည်း မြို့ကနေ ထွက်ခွင့်ပေးခဲ့တယ်လို့သိရပါတယ်။
“အသံမြည်နေတုန်းပဲ၊ မနေ့ညတော့ ၉ ခွဲကနေ Y12 နဲ့ လာပစ်တယ်။ ဗုံး ၆၄ ကြိမ် မြို့ပတ်ပတ်လည် လာချတယ်။ အိပ်လို့တောင် မရဘူး။ လန့်တယ်ဟေ့ ကြောက်တယ်ဟေ့။ အခုလည်း မြည်နေတုန်းပဲ။ စစ်ရှောင်တွေ အကုန်ဘုရားကျောင်းမှာ စုနေကြတယ်။ အခု လမ်းပိတ်ထားတယ်။ မြို့ကနေ စွန့်ခွာသူတွေလည်း ထွက်တဲ့သူက ထွက်ကုန်ပြီ။ ကသာ–နဘားလမ်းက ပိတ်ထားတယ်။ ဆုတောင်းပေးကြပါ။” လို့ကသာမြို့ခံတစ်ဦးက ကသာမြို့အခြေနေကိုပြောပြရင်း ဆုတောင်းပေးကြဖို့တောင်းဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကသာမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနဲ့ တခြားသော ဒေသတွင်းမှာရှိတဲ့တပ်ဖွဲ့တွေစုပေါင်းတိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲနေ့မှာ စတင်ပြင်းထန်လာတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ကသာမြို့ အထိုင်တပ် ခမရ ၃၀၉ အနီးတစ်ဝှိုက် နဲ့ ဇေယျာချောင် ရပ်ကွက် ၅၊ ရပ်ကွက် ၈ တို့ တစ်ဝှိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါ တယ်။
တော်လှန်ရေးအင်အားစုတွေဘက်က မနေ့ကတိုက်ပွဲအထိ စခန်းကုန်းနှစ်ခုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့ပေါ်ရပ်ကွက်တွေ အထိ တိုက်ပွဲကပြင်းထန်လာနေတာလို့သိရပါတယ်။
ကသာမြို့နယ်အခြေနေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ငံတစ်ဝှမ်းမြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာချိန်ကစလို့ တော်လှန်ရေးအင်အားစု တွေက ကသာမြို့ပြင်ကကျေးရွာတွေအများစုကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ ကသာမြို့မှာ မြို့ပေါ် ရပ်ကွက် ၁၀ ခုနဲ့ကျေးရွာအုပ်စု ၃၂ ခုရှိပြီး လူဦးရေ ၁သိန်း၆သောင်း ကျောက်ရှိတယ်လို့သိရပါတယ်။
By – အမိုး



