ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခမှော်အနီးတဝိုက် လေကြောင်းအားကိုးပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က မှော်ဒေသအသီးသီးနေထိုင်ကြတဲ့ပြည်သူတွေကို အမြန်ဆုံးထွက်ခွာကြဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး KIA တပ်မဟာ (၂)၊ တပ်ရင်း ၁၄ ထိန်းချုပ်နယ်မြေ လပူခမှော်အနီးရှိ ရေကန်တောင်(Hka Lawng Kawng) နဲ့ ဝိုင်လော(Aoi Law ) နှစ်နေရာရာကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတပ်နေရာနှစ်ခုစလုံးကို KIA ဘက်ကလက်လွတ်လိုက်ရပြီးနောက် လက်ရှိမှာ မှော်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေ အမြန်ထွက်ခွာသွားကြဖို့ ပြည်သူ့စစ်အဖွဲ့ကို ခြိမ်းခြောက်ပြောဆိုနေတယ်လို့ လပူခမှော်နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“KIA ကလည်း လက်လွတ်လိုက်ရတဲ့နေရာကို ပြန်တိုက်ယူဖို့လုပ်နေတယ်။ မင်းဇေသန့်အဖွဲ့တွေဘက်ကလည်း မှော်ပြည်သူတွေ ဘယ်သူမှ နေလို့မရဘူး အမြန်ထွက်ကြ။ မထွက်ရင် ဒရုန်းဗုံးကြဲမယ်လို့ပြောနေတယ်။ အဲ့ကြောင့် ပြည်သူတွေက စက်ပစ္စည်းတွေလည်း သယ်ယူလို့မရဘဲ ထွက်ပြေးနေကြတယ်။ အရမ်းခက်ခဲနေကြတယ်”လို့ပြောပါတယ်။
မှော်ဒေသအတွင်းက မထွက်ရင်၊ လေကြောင်းအပြင် ဒရုန်းဗုံးကြဲမယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ခြိမ်းခြောက်ပြောဆိုမှုကြောင့် မှော်နေပြည်သူများ ထွက်ခွာနေကြတယ်လို့သိရပါတယ်။
တိုက်ပွဲကြောင့် ပရင်းမှော်၊ ရွှေမှော်အတွင်းက ထွက်ခွာနေတဲ့ပြည်သူတွေက စက်ယန္တရားတွေကို သယ်ထုတ်နိုင်ဖို့ ရက်အနည်းငယ်သတ်မှတ်ပေးဖို့ နှစ်ဖက်စစ်တပ်ကို တောင်းဆိုနေကြပါတယ်။
“ဒီမှာက မရှိဆင်းရဲသားတွေ လာရောက်လုပ်ကိုင်စားသောက်နေတဲ့ သူတွေလည်းအများကြီးရှိကြတယ်။ နှစ်ဖက်စစ်တပ်ဒီလိုဖြစ်လာတော့ ဘယ်မှာသွားနေကြမလဲ။ တနိုင်းမြို့ထဲမှာလည်း စစ်ရှောင်စခန်းတွေလည်းမထားခိုင်းဘူး။ တောင်းဆိုချင်တာက နှစ်ဖက်စလုံးသေချာလေးညှိနှိုင်းပြီး တကယ်လို့ပြည်သူတွေ နေထိုင်လို့မရတော့ဘူးဆိုရင်လည်း ရက်ပေးပြီး စက်ပစ္စည်းတွေ သယ်ထုတ်ခိုင်းရင်ကောင်းတယ်”လို့ပြောပါတယ်။
လပူမှော်အနီးတဝိုက် ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိနေသေးတာကြောင့် ပြည်သူတစ်ချို့က တနိုင်းဘက်ကိုထွက်ခွာလာလို့မရဘဲ ပိတ်မိနေတဲ့ မှော်ပြည်သူတစ်ချို့လည်းရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ လပူခမှော်နဲ့ ကပ်ယက်ရှိကြပြီး တိုက်ပွဲကြောင့် ထွက်ခွာနေရတဲ့ ကျေးရွာတွေက ထန်းဖရာ၊ ရခိုင်ကုန်း၊ ဝိုင်လော၊ လပူခ၊ ဂျာငိုင်၊ စန်လွင်၊ တိမ်ခွင်(၁)၊ တိမ်ခွင်(၂)၊ တိမ်ခွင်(၃)၊ အောင်ဂျတ်စတဲ့ကျေးရွာဖြစ်ပါတယ်။
အဲဒီမှော်ဒေသအသီးသီးမှာ ဗန်းမော်စစ်ရှောင်တွေအပါ ကချင်ပြည်နယ်ထဲက မြို့နယ်၊ ကျေးရွာအများအပြားက ပြည်သူတွေ ရွှေနဲ့ပရင်းလာရောက်လုပ်ကိုင်နေတဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆက်သိရပါတယ်။
KIA ထိန်းချုပ်ထားတဲ့ အဲဒီမှော်ဒေသတွေကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတော့ ထိုးစစ်ဖော်ဆောင်လိုက်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



