စစ်တပ်ရဲ့ သွေးကွဲစေမည့် တိုက်ခိုက်မှုများကို သတိပြုဖို့ KIO ဥက္ကဌက နှစ်သစ်မိန့်ခွန်းမှာ ပြောဆို
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စည်းလုံးပြီး အင်အားကြီးထွားလာမှာကို စိုးရိမ်နေတဲ့အတွက် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အုပ်စွဲကွဲသွားအောင် ပြည်သူ့စစ်၊ BGF ခေါင်းစဉ်အမျိုးမျိုးနဲ့လက်နက်တပ်ဆင်ပေးကာ တိုက်ခိုက်နေတာကို ပြည်သူတွေသတိထားဖို့ KIO ဥက္ကဌ က ပြောပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့ကြား၊ လူမျိုးအချင်းချင်းကြား အုပ်စုကွဲသွားအောင် ပြည်သူ့စစ်၊ BGF ခေါင်းစဉ်အမျိုးမျိုးနဲ့ လက်နက်တပ်ဆင်စစ်ကြောင်းဖွင့်ပြီးတစ်ကွဲတစ်ပြားဖြစ်သွားအောင် လုပ်နေတာကိုသတိထားနေရမှာဖြစ်တယ်။ ဘိုးဘေးခတ်အဆက်ဆက် အတူတကွနေထိုင်ယှဉ်တွဲလာခဲ့တဲ့ရှမ်းနဲ့ ကချင်လူမျိုးကြား လူမျိုးရေးပြဿနာ၊ရန်သူဖြစ်အောင်ဖန်တီးပေးနေတယ်။ ရှမ်းနဲ့ကချင်ဟာ ဘယ်တော့အခါမှလည်း ရန်သူတွေမဟုတ်ကြပါဘူး။ ရန်သူရဲ့ လှည့်ကွက်အောက်မှာနားယောင်ပြီး အချင်းချင်းတိုက်ခိုက်နေရတဲ့အတွက်လည်း အလွန်စိတ်ထိခိုက်နေရပါတယ်”လို့ ၂၀၂၆ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်မင်္ဂလာမိန့်ခွန်းမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လပြောကြားခဲ့ပါတယ်။
ပြည်သူလူထုတွေအနေနဲ့လည်း ရန်သူနဲ့ ဆွေမျိုးခွဲခြားမြင်တတ်ရမယ့်အချိန်ကာလဖြစ်တယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်ဒေသအတွင်း ဖော်ဆောင်နေတဲ့တိုက်ပွဲတွေဟာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ တိုက်ခိုက်တော်လှန်နေတာဖြစ်ပြီး ဒီစစ်ပွဲကြောင့် အတူတကွယှဉ်တွဲနေထိုင်ကြတဲ့ လူမျိုးအချင်းချင်းကြားမှာ ပြဿနာမဖြစ်အောင်လည်း KIO/KIA တာဝန်ထမ်းတွေထိန်းညှိဆောင်ရွက်သွားကြဖို့ပြောပါတယ်။
KIO/KIA အနေနဲ့လည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထားတဲ့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့နဲ့ နေရပ်ပြန်ကြပြီဖြစ်တဲ့ စစ်ရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ပေးနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်ခိုင်ဖြိုးပါတီ USDP ပါတီနဲ့ ပူးပေါင်းပြီး ၂၀၀၈ အခြေခံ ဥပဒေခိုင်မာစေဖို့ ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်ကြီးရဲ့ မိန့်ခွန်းမှာဆက်ပြီးသတိပေးလိုက်ပါတယ်။
“ပြည်သူလူထုတွေကို ပြောပြချင်တာက စစ်ကော်မရှင်နဲ့ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ အခြေခံဥပဒေကို ပိုပြီးခိုင်မာလာဖို့ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်နေပြီဖြစ်တယ်။ ကိုယ်ပါဝင်လိုက်တဲ့ မဲတစ်ပြားကပြည်သူလူထုအများအပြားရဲ့ ကံကြမ္မာကိုဆုံးဖြတ်ပေးလိုက်မှာကိုသတိပြုဖို့ရမှာဖြစ်တယ်”လို့ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ နှစ်သစ်မိန့်ခွန်းထဲမှာ KIO/KIA ဗဟိုဌာနချုပ်ကနေ ညွှန်ကြားလုပ်ဆောင်နေတဲ့ စစ်ရေး၊ နိုင်ငံရေးဟာ ယခု၂၀၂၆ ခုနှစ်ထဲ ပိုပြီးအောင်မြင်နိုင်ရေး၊ အကျဉ်းကျခံထားရတဲ့သူတွေလွတ်မြောက်လာဖို့လည်း နှစ်သစ်ဆုတောင်းစကားပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံး KIO/KIA ရဲ့ စစ်ရေး၊ နိုင်ငံရေးဟာ၂၀၂၄ ခုနှစ်က စစ်ရေးအနိုင်ရရှိခဲ့တဲ့ အတိုင်းအတာတိမရရှိခဲ့ပေမယ့်သိမ်းပိုက်နယ်မြေတွေကို လက်မလွတ်ရေးအတွက် ကာကွယ်တဲ့ ခုခံတိုက်ပွဲတွေဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။
ယခု ၂၀၂၆ ထဲမှာ KIA ရဲ့ စစ်ရေးဟာ စစ်ရှိုန်ပိုပြီး မြင့်မားလာနိုင်ပြီးကချင် – စစ်ကိုင်းအစပ်ဒေသမြို့နေရာတွေကို ပိုပြီး အားစိုက်လာနိုင်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူ အမျိုးသားတစ်ဦးက KNG ကိုသုံးသပ်ထားပါတယ်။
“KIA က သူတိုက်မဖော်ဆောင်ချင်တဲ့ နေရာတွေမှာဆို အတတ်နိုင်ဆုံးရပ်နားထားလိမ့်မယ်။ သူထိန်းချုပ်ချင်တဲ့ နေရာမှာဆိုရင်တော့ တိုက်ပွဲဖော်ဆောင်လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခရစ္စမတ်နေ့မှာတောင် ဗန်းမော်ကိုတစ်ကျော့ပြန်တိုက်တယ်။ ဒီဟာကိုကြည့်ရင် စစ်ကိုင်း – ကချင်အစပ်က မြို့ရွာတွေမှာ တိုက်ပွဲတွေပြန်ပြီးဖြစ်လာနိုင်တယ်။ ဖားကန့်တွေလိုနေရာက ဖြစ်တယ်ဆိုပေမယ့် ကြီးကြီးမားမားဖြစ်မှာမဟုတ်ဘူး။ဖြစ်လိုက်နားလိုက် ဒီလိုပဲဆက်သွားလိမ့်မယ်”လို့ပြောပါတယ်။
ကချင် – စစ်ကိုင်းအစပ် ကသာမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တိုက်ပွဲဖော်ဆောင်လိုက်တာ ယခုနှစ်သစ် ဇန်နဝါရီလဆန်းပိုင်းအထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
အလားတူ တစ်နှစ်ခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုလည်း KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကဒီဇင်ဘာလ ၂၅ ရက်နေ့တစ်ကျော့ပြန်တိုက်ပွဲ ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



