ပူတာအို၊မချမ်းဘော့မြို့နယ်တွေမှာ ရပ်နားထားတဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေပြန်စနေ
ကချင်ပြည်နယ် မြောက်ဘက်မှာရှိတဲ့ ပူတာအိုမြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေထဲမှာ ရွေးကောက်ပွဲကာလအတွင်းရပ်နားထားတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်ရဲ့ရွေးကောက်ပွဲ အပိုင်း (၁) မတိုင်ခင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့ကပြီး စစ်ကောင်စီတပ် အင်အား ၃၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်းကိုအသုံးပြုပြီး ပူတာအိုနဲ့မချမ်းဘောမြို့နယ်တွေမှာရှိတဲ့ ရွှေလုပ်ကွက်တွေမှာ စက်ယန္တရားတွေဖမ်းဆီးတာ၊ ရွှေလုပ်သားတွေကို ဖမ်းဆီးတာတွေလုပ်ခဲ့တာကြောင့် ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးရပ်နားထားကြာတာဖြစ်ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲအပိုင်း (၁)၊ကျင်းပပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ( ၉ ) ရက်နေ့ကစပြီး မြို့နဲ့အလှမ်းဝေးတဲ့ရွှေလုပ်ကွက်အားလုံး လုပ်ငန်းပြန်လည်စတင်နေကြပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မချမ်းဘောဘက်က နမ့်ခမ်းတို့ နမ့်စဘွမ်ဘက်တွေအကုန်တော့ပြန်တူးနေကြပြီတဲ့ မြို့ထဲက ဘတ်ဖိုးတွေတောင်အဲ့ဘက်ကိုသွားလိုက်ကြပြီ။ ရွှေတူးဖို့ မကြာပါဘူးခနပဲနားခိုင်းလဲပြီးရင်ပြန်တူးတာပဲပုံမှန်အတိုင်း”လို့အသက် ၄၀ ကျော်အရွယ် ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က ပူတာအိုမြို့နဲ့နီးတဲ့မကျော့ဝါကျေးရွာနောက်ကြောက ရွှေလုပ်ကွက်နဲ့နာမ်ဟော်၊နာမ်ဖန်၊ နမ့်ခမ်းကရွှေလုပ်ကွက်မှာ စစ်ကောင်စီဝင်ရောက်လာပြီး စက်ယန္တရားအချို့နဲ့ရွှေလုပ်သားအချိူ့ဖမ်းဆီးထိန်းသိမ်းခံရတာမျိုးရှိခဲ့တာကြောင့် ရွှေလုပ်ကွက်တွေရပ်နားခဲ့ကြတာဖြစ်တယ်လို့ သူဆက်ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ပူတာအိုဒေသထဲက အဓိကရွှေမှော်တွေဖြစ်တဲ့ နမ့်ခမ်း၊နာမ့်စဘွမ်၊မကပ်မုံ၊ နောင်ခိုင်၊နာမ်ဖန်၊နာမ်ဟော်၊ဆွမ်မီယန်ကျေးရွာတွေ အပါအဝင် မချမ်းဘော့အောက်ဘက်ရှိ မလိခမြစ်တစ်လျှောက်အားလုံးမှာရှိတဲ့ ရွှေလုပ်ကွက်တွေဟာ ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး စတင်တူးဖော်နေကြတယ်လို့ သိရပါတယ်။
“တကယ့်မှော်ကြီးတွေပဲမြို့နဲ့လည်းဝေးတဲ့မှော်တွေကတော့ပုံမှန်လိုပြန်တူးနေကြပြီ။ ဒါပေမယ့်မြို့နဲ့နီးတဲ့နေရာတွေမှာတော့ စကစတွေမထင်ရင်မထင်သလိုဝင်ဖမ်းတာမျိုးရှိတော့ မြို့နဲ့နီးတဲ့နေရာတွေကတော့လောလောဆယ်မတူးသေးဘူး။ အခုကမြို့ပတ်ပတ်လည်မှာတော့ ရွှေမတူးတဲ့နေရာတွေကမရှိသလောက်ပဲ”လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
ပူတာအိုဒေသမှာတော့ စစ်အာကာသိမ်းနောက်ပိုင်းစက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်မှုတွေတစ်နေ့တခြားပိုမိုးများပြားလာပြီး ရွှေတူးဖော်မှုကြောင့် ဒေသခံတွေအသုံးပြုနေတဲ့ချောင်းရေတွေတိမ်ကောပျက်စီးတာ၊လယ်ယာမြေတွေပျက်စီးတွေဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“မကပ်မုံဘက်မှာဆိုရင်လူနေအိမ်ဝန်းအထိရွှေတူးတယ် နောက်ပြီးနာမ့်စဘွမ်ဘက်ဆိုရင်တော့ ရွာအဝင်ကချောင်းတစ်ချောင်းတောင်ပျောက်တဲ့အထိပဲ အရင်ကရေစီးနေတဲ့ချောင်းကအခုရွှေတူးတော့ ရေလမ်းကြောင်းပြောင်းပြီးအခုရေမစီးတော့ဘူး သဲသောင်ပြင်ဖြစ်သွားတာ”လို့ မကပ်မုံကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

ပူတာအိုဒေသမှာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ မတိုင်မှီအထိ မကပ်မုံ၊ဆွမ်ပီယန်၊နာမ့်စဘွမ်၊နာမ်ထူခူးဘက်တွေမှာသာအဓိကရွှေတူးဖော်ကြပြီး ၂၀၂၅ ခုနှစ်ထဲမှာတော့ နမ့်ခမ်း၊ နမ်ဖန်၊မကျော့ဝါ၊နာမ်ထူခူးစတဲ့ကျေးရွာအပြင်အခြား ကျေးရွာဧရိယာတွေနဲ့ဝေးတဲ့တောတောင်တွေမှာလည်းရွှေတူးဖော်မှုတွေ ကျယ်ကျယ်ပြန်လုပ်ဆောင်လာတယ်လို့သိရပါတယ်။
လက်ရှိရွှေတူးဖော်နေကြတဲ့ နာမ့်စဘွမ်၊နမ်ခမ်းမှော်တွေဟာ မချမ်းဘော့မြို့နယ်ထဲပါဝင်ပြီး မကပ်မုံ၊ နောင်ခိုင်၊နာမ်ဖန်၊မကျော့ဝါ၊နာမ်ထူခူး၊ဆွမ်ပီယန် စတဲ့ကျေးရွာတွေဟာပူတာအိုမြို့နယ်ထဲပါဝင်တာကြောင့် ရွှေတူးဖော်မှုရဲ့သုံးပုံနှစ်ပုံခန့်ဟာပူတာအိုမြို့နယ်ထဲမှာဖြစ်ပါတယ်။
ဒါ့အပြင် ပူတာအိုဒေသမှာ တူးဖော်နေကြတဲ့ရွှေလုပ်ကွက်တွေရဲ့ သုံးပုံတစ်ပုံခန့်က ဒေသခံတွေရဲ့လယ်မြေတွေကိုတူးဖော်လုပ်ကိုင်နေကြတာကြောင့် လယ်ယာပျက်စီး ထိခိုက်မှုတွေအများအပြားရှိနေကြောင်း နောက်ထပ်ပူတာအိုဒေသခံအမျိူးသားတစ်ဦးက ပြောပါတယ်။
“နာမ့်စဘွမ်တို့ ၊နမ့်ခမ်းတို့ပြီးတွေက လယ်တောင်မရှိတော့ဘူးလေ။ လုပ်ငန်းရှင်တွေကိုရောင်းပြီးရွှေတူးစားကုန်ပြီ။ သူတို့ကလယ်တွေဝယ် တယ်ရွှေတူးတယ်ပြီးရင်မြေပြန်ဖို့ပေးပြီးတော့ပိုင်ရှင်တွေဆီပြန်အပ်ခဲ့တယ်။ ဒါပေမယ့်ဘာလုပ်တော့မလဲရွှေတူးထားတဲ့နေရာဆိုတော့သိတဲ့အတိုင်းပဲအပေါ်ယံတူးတာမှဟုတ်ပဲဟိုမြေကြီးအောက်ကရွှေကြောအထိလှန်ထားတာဘာမှလုပ်စားမရတော့ဘူးလေ”လို့ သူကပြောပါတယ်။
အဲ့ဒီရွှေတူးဖော်မှုတွေထဲကအဆိုးဝါးဆုံးဟာနာမ့်ခမ်းနဲ့ နာမ့်စဘွမ်ကျေးရွာတို့ဖြစ်ပြီး နာမ့်စဘွမ်ကျေးရွာမှာဆိုရင်ရွာအဝင် ချောင်းရေတိမ်ကောသွားသလို အဲ့ဒီချောင်းရေကိုအားထားပြီးလုပ်ကိုင်တဲ့လယ်မြေတွေလည်း စပါးစိုက်ပျိုးလို့မရတာ သုံးနှစ်ရှိပြီလို့သိရပါတယ်။

ရွှေတူးဖော်မှုအဆိုးဝါးဆုံးဖြစ်နေနဲ့ နာမ့်ခမ်းနဲ့ နာမ့်စဘွမ်ဟာ ပူတာအိုမြို့ရဲ့ အရှေ့မြှောက်ဘက် ပူတာအိုနဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတာလို့သိရပါတယ်။
စစ်အာဏာမသိမ်းမှီက ပူတာအိုဒေသမှာ လက်လုပ်လက်စားရွှေတူးဖော်မှုအဆင့်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းကနေတော့စက်ယန္တရားကြီးတွေနဲ့ရွှေတူးဖော်မှုတွေအများအပြားရှိခဲ့ပြီးလက်ရှိအချိန်ထိဖြစ်ပါတယ်။
ကချင်ပြည်နယ် ပူတာအိုဒေသတွင်းမှာနေထိုင်တဲ့ပြည်သူတွေဟာ တောင်ယာ၊လယ်ယာလုပ်ငန်းလုပ်ကိုင်တာ၊ ဂရိတ်ဖရုလိုနှစ်ရှည်သီးနှံစိုက်ပျိုးတာ၊ ရာသီအလိုက်ထွက်တဲ့ သစ်ဥ၊သစ်ဖုကိုရှာဖွေတာပြီး အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းမြင့်တက်မှု၊ငွေကြေးဖောင်းပွမှုအပြင် ပူတာအိုဒေသဆိုရင် စစ်ရေး၊နိုင်ငံရေးကြောင့် သွားလာဖို့ခက်ခဲတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ ဒေသထွက် ရာသီသီးနှံတွေရောင်းအားကျဆင်းသွားတာ၊ လက်နက်ကိုင်တပ်တွေရဲ့ တပ်သားစုဆောင်းမှုတွေကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ လူ့အရင်းအမြစ်ရှားပါးလာတာတွေကြောင့် ဒေသခံတွေဟာ မိမိလယ်ယာတွေကို ရွှေတူးဖော်တဲ့လုပ်ငန်းရှင်များထံ ရောင်းချတာတွေများလာတာဖြစ်တယ်လို့ သိရပါတယ်။

ခုလို အိမ်ယာ၊လယ်ယာမကျန် ရွှေတူးဖော်လာကြတဲ့အတွက် ဒေသတွင်းရှိ ချောင်းရေတွေတိမ်ကော်လာတာ၊လယ်ယာတွေပျက်စီးသွားတာတွေကြုံတွေ့နေကြရပြီး ပိတ်ပင်တားဆီးမှုမျိုးမရှိရင် နောက်ဆုံးကျေးရွာတွေ၊လယ်တွေပျာက်ကွယ်သွားနိုင်တယ်လို့ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အခုတောင်နှစ်ရွာသုံးရွာလောက်ကလယ်တွေမရှိတော့ဘူး တချို့ရွာတွေလည်းဖြစ်လာမှာပဲဒီတိုင်းဆက်တူးနေရင်ပေါ့နော် အခုမှစတူးတဲ့ နာမ်ဖန်တို့မကျော့ဝါဘက်တွေလည်းဖြစ်လာမှာ မတားဘူးဆိုရင်တခြားမတူးသေးတဲ့ရွာတွေလည်းထပ်တူးလာနိုင်တယ်”လို့သူကပြောပါတယ်။
အထက်ဖော်ပြပါ ရွှေတူးဖော်နေတဲ့ ကျေးရွာတွေဟာ မြို့နဲ့ ၁၀ မိုင်ဝန်းကျင်မှာသာရှိနေတာကြောင့် စစ်ကောင်စီတပ်နဲ့ တန်ဂူးတန်ပြည်သူ့စစ်တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပါတယ်။
လက်ရှိ ပူတာအိုဒေမှာ တူးဖော်နေကြတဲ့ရွှေလုပ်ကွက်အားလုံး လုပ်ကွက်ပေါင်း ၃၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေခန့်မှန်းပြောဆိုနေကြပြီး ဒီရွှေလုပ်ကွက်အားလုံးဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေက တရားဝင်လုပ်ကွက်ချပေးတာမျိုးမဟုတ်ပဲ စစ်ကောင်စီတပ်၊ထွေအုပ်စတဲ့အဖွဲ့အစည်းကတောင်းခံတဲ့အပေါ်မှုတည်ပြီး အခွန်ပေးဆောင်ရတယ်လို့သိရပါတယ်။
ပူတာအိုမြို့ဟာ မြန်မာနိုင်ငံရဲ့မြေက်ဘက်အစွန်ဆုံးမှာရှိပြီး မြစ်ကြီးနားမြို့နဲ့ ၂၁၈ မိုင်အကွာမှာရှိသလို ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။
By – Zaw Zaw



