ပယင်းမှော်ရှိ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ စစ်တပ်က ဆေးသမားတွေကို ငွေပေးပြီးစေခိုင်းနေ
ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခ(Lapu Hka) အနီး ဝိုင်လော(Wailaw) မှော်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို သယ်ယူနိုင်ဖို့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဆေးသမားတွေကို ငွေပေးပြီး စေခိုင်းနေတယ်လို့ သိရပါတယ်။
“ကျနော့ကျင်းသားတစ်ယောက်ကိုတောင်ခေါ်နေတာတဲ့ တစ်ရက်ကို တစ်သိန်းပေးမယ်ဆိုပြီး ပစ္စည်းတွေသယ်ထုတ်ယူဖို့ ပြည်သူ့စစ်အဖွဲ့တွေက လိုက်ခေါ်နေတာ။ မှော်ထဲမှာ သေမထူးနေမထူး ဆေးသမားတွေကို ခေါ်တယ်။ ပြီးရင် တိုက်ပွဲဖြစ်လို့ ပြည်သူတွေချန်ထားတဲ့ စက်ပစ္စည်း၊ သံတို၊ သံစ အကုန်ကားပေါ်ကို တင်ခိုင်းတာ။ အခုဆိုရင် မှော်ထဲမှာ ချန်ထားတဲ့ ပစ္စည်းတွေလည်း အကုန်ပျောက်ကုန်ပြီ”လို့မှော်ပြည်သူအမျိုးသားတစ်ဦးပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ၊ ဒီဇင်ဘာလထဲမှာ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ လပူခမှော်အနီးရှိ ရေကန်တောင်နဲ့ ဝိုင်လော မှော်ဒေသနှစ်ခုစလုံးကို စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ မှော်ပြည်သူတွေရဲ့ တန်ဖိုးရှိ စက်ပစ္စည်းတွေကို ကုန်တင်ကားကြီးတွေနဲ့ လိုက်လံသယ်ယူနေတာဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် မှော်ထဲကပြည်သူအများပိုင်းက တနိုင်းမြို့ပေါ် ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် မူးယစ်ဆေးဝါး ဆေးစွဲသူတစ်ချို့ မှော်ထဲ ကျန်ရစ်နေပြီး ပြည်သူ့စစ်အဖွဲ့က တစ်ဦးကို ငွေကျပ်တစ်သိန်းပေးပြီး ပစ္စည်းသယ်ခိုင်းနေတာဖြစ်ပါတယ်။
KNG ရဲ့သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ဝိုင်လောမှော်မှာ ဝင်ရောက်နေရာယူထားတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ရှေ့ဆုံးမှာ လုံခြုံရေးအကာအကွယ်ယူထားပေးပြီးတော့ အနောက်မှာ ပစ္စည်းတွေ ထမ်းပိုး သယ်ယူခိုင်းနေတာလို့ ဆက်ပြီးပြောပြပါတယ်။
“KIA တပ်တွေက ပြည်သူ့စစ်တွေဝင်လာရောင် နောက်ဆုတ်ပေးတယ်။ ပြည်သူ့စစ်အဖွဲ့တွေက ရှေ့ဆုံးကနေ ပြေးထားပြီး အကာအကွယ်ယူ ရှင်းလင်းပေးတယ်။ ဆေးသမားတွေကိုတော့ ပစ္စည်းတွေကို သယ်ယူခိုင်းတယ်။ တိုက်ပွဲအချိန်ဆိုတော့ ဆေးသမားတွေကို KIA က လုပ်မယ့်အချိန်လည်းမရှိသေးတာလည်းပါမှာပေါ့”လို့ပြောပါတယ်။

မှော်စွန့်ခွာသွားတဲ့ ပြည်သူတွေက လက်ရှိမှာ တနိုင်းမြို့ပေါ်ထဲ စစ်ရှောင်အဖြစ် သောင်တင်နေတာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
ပြည်သူတွေက မှော်ထဲကို ဝင်ရောက်ချင်ပေမယ့် နှစ်ဖက်တပ် စစ်ရေးတင်းမာနေသေးတဲ့အခြေအနေမှာ သွားလာရေးခက်ခဲတာတွေ၊ နောက်ပြီး နှစ်ဖက်တပ် လက်နက်ကြီး၊ ဒရုန်းအပြန်အလှန်ပစ်ခတ်တာတွေပုံမှန်လုပ်ဆောင်နေသေးတာကြောင့် ပိတ်မိနေကြတာဖြစ်ပါတယ်။
တနိုင်းမြို့ပေါ်ထဲမှာ သောင်တင်နေတဲ့ အချိန်ကာလကြာမြင့်လာတဲ့အတွက် နေထိုင်ဖို့အခက်အခဲကြုံတွေ့နေတဲ့ မှော်ပြည်သူတစ်ဦးလည်း ယခုလိုဆက်ဆိုပါတယ်။
“မှော်က ထွက်လာတုန်းကတော့ ပါလာတဲ့ဟာနဲ့ နည်းနည်းချင်းစီဖဲ့ပြီး အဆင်ပြေအောင်နေရတယ်။ အခုက အချိန်လည်းကြာလာတော့ အိမ်ငှာစရိတ်၊ စားစာရိတ်တွေက မလွယ်လာဘူး။ အိမ်ခန်းအောက်ထပ်ပဲ ငှာနေတာတောင် သိန်း၊ ၁၀ သိန်းလောက်ရှိတယ်။ ကြာလာတော့ မတောင့်ခံနိုင်တော့ဘူး။ ဖြစ်နိုင်ရင် နှစ်ဦး နှစ်ဖက်သေချာလေးညှိနှိုင်းပြီး အမြန်လုပ်စေချင်တယ်”လို့ပြောပါတယ်။
လက်ရှိ မှော်ပြည်သူအများပိုင်းက ပိုင်ဆိုင်တဲ့ ပစ္စည်းတွေချန်ထားပြီးတော့ တနိုင်းမြို့ပေါ် လာရောက်တိမ်းရှောင်နေတဲ့ အချိန် စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့အပြင်း ဆေးသမားတွေ ခိုးယူ၊ ထုခွဲရောင်းပေးနေတယ်လို့ သတင်းတွေကြောင့်လည်း စိတ်မကောင်းဖြစ်နေရတယ်လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် ဆေးသမားတွေက ဖောက်ထွင်းခိုးယူထားတဲ့ တန်ဖိုးရှိပစ္စည်းတွေကို မိုင်းခွန်မှော်ဘက်ကို တဆင့်လိုက်လံရောင်းပေးနေကြတယ်လို့လည်း ဆက်သိရပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လပူခနဲ့ ဝိုင်လောမှော်နှစ်ခုစလုံးကို သိမ်းပိုက်လိုက်ပြီးနောက် မှော်အတွင်းကျန်ရှိနေသေးတဲ့ မှော်ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး ကား၊ ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံ လုယူတဲ့ လုပ်ရပ်တွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း (၁၄) နယ်အတွင်းက ပယင်းနဲ့ ရွှေအဓိကထွက်ရှိ လပူခမှော်ဒေသထဲကို စစ်တပ်အပါ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လေကြောင်းအသုံးပြုပြီး မြေပြင်စစ်ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



