ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့အနီး စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူတွေစတင်တိမ်းရှောင်နေကြပြီလို့ ဒေသခံတွေပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၁၉ ရက်ည တစ်ကြိမ်၊ ဇန်နဝါရီ၂၀ ရက်နေ့လည် ၁၂ နာရီတစ်ကြိမ် နန်းမားမြို့ လက်ပံတန်းဘက်ကို Y8 လေယာဉ်တစ်စီးပ်ဗုံးကြဲသွားတယ်လို့ နန်းမားဒေသခံတွေဆိုပါတယ်။
ဒါကြောင့် လက်ပံတန်း၊ဘုရားကြီးကွင်းကျေးရွာနေ ပြည်သူတစ်ချို့မိုးညှင်းမြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်လို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“မြို့ပေါ်ကြဲတာမဟုတ်ဘူး မနေ့က ဟိုပင်နန့်ရင်းဖက်လည်းလာကြဲတယ် ဟိုပင်ပြီးတော့ မိုးညှင်းအနီးက နန်းမားလက်ပံတန်းဖက်လည်းလာကြဲလို့ အဲနီးကလူတွေကတော့ ထိတ်လန့်နေကြတယ်။ တစ်ချို့က ဒီမိုးညှင်းမြို့ထဲ စပြီးရှောင်လာကြပြီ”လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ ညနေ ၃ နာရီဝန်းကျင်အထိ စစ်တပ်ရဲ့ Y8 လေယာဉ်တစ်စီးဟာ မိုးညှင်းမြို့အနီးဆက်ပျံဝဲခဲ့တဲ့အတွက် မိုးညှင်းမြို့ပေါ်နေပြည်သူတွေလည်း စိုးရိမ်နေကြတယ်လို့ သူကဆက်ပြောပါတယ်။
နန်းမားမြို့နယ် လက်ပံတန်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလမှာလည်း စစ်တပ်အင်အား ၂၀၀ ဝန်းကျင် ရွာအတွင်းဝင်ရောက်တပ်စွဲနေထိုင်နေမှုကြောင့် လက်ပံတန်းကျေးရွာနှင့်ကြာကြီးကွင်းကျေးရွာဒေသခံများ ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒေသခံများနေရပ်ပြန်ပြီးနေထိုင်ခဲ့ကြပေမယ့် မကြာခနဆိုသလို နန်းမားမြို့အနီးဝန်းကျင် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေစိုးရိမ်ထိတ်လန့်စွာနေထိုင်ကြရတာဖြစ်ပါတယ်။
“နေလို့အဆင်မပြေတော့ဘူး ခနနပစ်ကြ ခတ်ကြတာလေ ဟိုတစ်ခါလည်း ရဲစခန်းလာပစ်တယ်။ ပြီးတော့ မနေ့ကလည်း ရွာအနီးတစ်လုံးလာကျတယ်။ ထိခိုက်တာတော့မသိရဘူး ခုတစ်ချို့က ရှောင်နေကြပြီ”လို့ လက်ပံတန်းရွာအမျိုးသားတစ်ဦး ပြောပါတယ်။
လက်ပံတန်းရွာနဲ့ ဘုရားကြီးကွင်း၊ကြာကြီးကွင်းကျေးရွာတွေဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့် စီသာရှိတဲ့ ကျေးရွာများဖြစ်ပြီး လက်ရှိထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများ ၄၀၀ ထက်မနည်းရှိနိုင်ကြောင်း သိရပါတယ်။
မိုးညှင်းမြို့နယ်ဟာ နန်းမားမြို့ဟာ မြစ်ကြီးနား– မန်းလေးသွားလမ်းမပေါ်ရှိပြီး နိုဝင်ဘာလတွင်း နန်းမားရဲစခန်းကို KIA ပူးပေါင်းတပ်ပစ်ခတ်တိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ထိခိုက်သေဆုံးတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
By – Zami



