လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသတင်း

ကသာမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ခက်ခဲနေ

စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ တိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှု တွေအကြား အရပ်သားသေဆုံးမှုများရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့နေ့ကစလို့ ကသာမြို့ခံအများစုဟာ‌ဘေးလွှတ်ရာတွေကိုထွက်ပြေး နေကြရပြီး အဲ့ဒီရက်ပိုင်းအတွင်းနှစ်ဖက်ပစ်ခတ်မှုတွေပြင်းထန်ခဲ့တာကြောင့် အရပ်သားတွေထွက်ပြေးကြရင်း သေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရုတ်တရက်ထွက်ပြေးကြရတဲ့စစ်ဘေးရှောင်တွေဟာ တိုက်ပွဲခေတ္တငြိမ်သက်ချိန်မြို့တွင်းပြန်ဝင်ပြီး ကျန်ရစ်ပစ္စည်းတွေ သယ်ယူကြချိန် ဘယ်အဖွဲ့အစည်းကပစ်ခတ်မှန်းမသိတဲ့လက်နက်ကြီးကြောင့်သေဆုံးမှုတွေရှိခဲ့သလို စစ်ကော်မရှင်တပ်ရဲ့ စနိုက်ဘာနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုတွေကြောင့် အရပ်သားတချို့လည်းသေဆုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုပါသေဆုံးမှုတွေကို စာရင်းအတည်အကျအတည်ပြုဖို့ခက်ခဲနေကြောင်း ကသာမြို့ခံလည်းဖြစ် ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးလည်းဖြစ်တဲ့ အမည်မဖော်လိုသူတစ်ဦးကအခုလိုပြောပါတယ်။

သေဆုံးမှုတွေက ရပ်ကွက် ၅၊ ရပ်ကွက် ၉၊ ရပ်ကွက် ၈ ပိန္နဲကုန်းစေတီကုန်း။ အဲ့ဘက်တွေမှာအများဆုံးတွေ့ရတယ်။ တောစပ် လိုချောင်ကျတဲ့ အဲ့ဒီရပ်ကွက် ၅ ဘက်တွေမှာ လူသူမသိစစ်ရှောင်တွေပြေးလွှားကြပြီး တချို့ကျန်ရစ်ခဲ့တာ။ နေရစ်ခဲ့တာ။ အဲ့ဒီကနေ အမှတ်တမဲ့ ပစ္စည်းသွားသယ်ကြရင်းတွေ့တာမျိုးပေါ့ဒါပေမဲ့အရပ်သားထိခိုက်သေဆုံးမှုက သတင်းအတိအကျ တိတိကျကျစာရင်းကောက်ဖို့ကမလွယ်ဘူးပေါ့‌။ အတွင်းထဲမှာဖြစ်နေတော့ သူတို့ စစ်ရှောင်တွေ ကနေတစ်ဆင့်နောက်ကျမှ ပြန်သိရတာမျိုးပေါ့ ကျနော်တို့ကခန့်မှန်းဘဲသိနေရတဲ့သဘောပေါ့ဗျာလို့ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကခန့်မှန်းတာကတော့ တိုက်ပွဲစဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကနေ ဒီလ ဇန်နဝါရီလ ၂၇ ရက်နေ့ အထိ တစ်လအတွင်း အရပ်သားသေဆုံးမှုက ၂၀ ဦးထက်မနည်းရှိနိုင်တယ်လို့ပြောပါတယ်။

ကသာမြို့တွင်းအသက်စွန့်ဝင်ရောက်ကာ ကျန်ရစ်ပစ္စည်းတွေပြန်ယူကြချိန် ပိုင်ရှင်မရှိ ပုပ်သိုးနေတဲ့ရုပ်အလောင်းများတွေခဲ့ ကြောင်း ဒေသခံ ၂ ဦးထက်မနည်းက KNG ကိုပြောပါတယ်။

အခုလို ဒေသခံတွေမြို့တွင်းအသက်စွန့်ဝင်ရောက် ပစ္စည်းသယ်ယူကြတာဟာ ပြင်းထန်လာတဲ့မြို့သိမ်းတိုက်ပွဲကိုအခွင့်ကောင်းယူ နေအိမ်တွေကိုဖောက်ထွင်းခိုးယူနေကြတဲ့ အုပ်စုဖွဲ့သူခိုးရန်ကြောင့်လို့ သိရပါတယ်။

စစ်ဘေးရှောင်တစ်ဦးကကျနော်တို့လည်းကိုယ့်အိမ်ကိုယ်ရာပြန်ချင်တာပေါ့၊မနေ့ကသူငယ်ချင်းတစ်ယောက်ဇေယျာချောင်သားသူ့အိမ်ကပစ္စည်းလေးရလိုရငြားဧရာဝတီမြစ်ဘက်နေဝင်ပြီးလာတာဘီအိုစီအကွေ့နားမှာစကစကပစ်သတ်ထားတဲ့အလောင်းအချို့ရှိနေတာ အလောင်း လာကောက်ရဲတဲ့လူတောင်မရှိဘူးလို့ကျနော်နားခိုတဲ့ရွာတဲမှာဖေါက်သည်လာချသွားတယ်လို့ပြောပြပါတယ်။

စစ်ကောင်မရှင်ရဲ့နိုင်ငံရေးထွက်ပေါက်လို့လေ့လာသူတွေသုံးသပ်နေတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် နိုင်ငံတစ်ဝှမ်းက စစ်ကော်မရှင်ထိန်းချုပ်ထားနိုင်သေးတဲ့ နေရာတချို့အပါအဝင် ကသာမြို့မှာလည်း ရွေးကောက်ပွဲပြုလုပ်နေတဲ့အချိန် ကသာမြို့ကို တော်လှန်ရေးအင်အားစုတွေက ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့အထိ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နေသေးသလို ကသာမြို့တွင်းနေရာတချို့အထိနေရာယူထားနိုင်ပေမဲ့ စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းကနေ ဒရုန်း၊ဂျက်ဖိုက်တာ၊Y12 အမျိုးအစားရဟတ်ယာဥ်များအသုံးပြု ခုခံနေဆဲလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ကသာမြို့တွင်းကဒေသခံတွေဟာ ကသာမြို့ပြင် ဧရာဝတီမြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါအဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရသူတွေများတာကြာင့် အကူအညီများစွာလိုအပ်နေကြတယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button