တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် NSCN-K ယုန်းအောင်အဖွဲ့ကို လက်နက်ချဖို့ အန်းမိုင်းအဖွဲ့ သတိပေး
ကချင်ပြည်နယ် အနောက်ဖက်၊ အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ NSCN-K ယုန်းအောင်နဲ့ အန်းမိုင်းအဖွဲ့တွေ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီးတဲ့နောက် ယုန်းအောင်တပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ NSCN-K အန်းမိုင်းအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
ဒီတစ်လထဲ နာဂဒေသမှာ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ NSCN-K ယုန်းအောင်နဲ့ NSCN-K အန်းမိုင်း အဖွဲ့တွေကြား တိုက်ပွဲသုံးကြိမ်တိတိ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အန်းမိုင်းဦးဆောင်တဲ့အဖွဲ့က NSCN-K ယုန်းအောင်ရဲ့ တပ်သားတွေအားလုံးကို လက်နက်ချပြီး မိမိရပ်ရွာ၊ မိမိနေအိမ်မှာ ပြန်ကြဖို့ ဇန်နဝါရီလ ၂၄ ရက်နေ့ (စနေနေ့)မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
“သူတို့ထုတ်ပြန်တဲ့အထဲမှာအချက်ကတော့လေးချက်ပါတယ်အဓိက အချက်ကတော့ ယုန်းအောင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ၊ ရဲမေတွေအားလုံး နှုတ်ထွက်ပြီးကိုယ့်အိမ်ကိုယ့်ရွာပြန်ကြဖို့ဆိုတာပဲ မပြန်ဘူးဆိုရင် အရေးယူမယ်လို့လည်းပါတယ်”လို့ NSCN-K ယုန်းအောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
NSCN-K အန်းမိုင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အထက်ဖော်ပြပါအချက်အပြင် ရာထူးတာဝန်ကနေ မနှုတ်ထွက်ပဲ ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ သူတွေကို ဖမ်းမိရမိရင် အာဏာဖိဆန်မှုနဲ့ စစ်ဘက်ဆိုင်ရာအရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ NSCN-K အန်းမိုင်းအဖွဲ့ရဲ့ လက်ရှိထုတ်ပြန်ချက်ရဲ့ လုပ်ရပ်ကိုမည့်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်ကမှ ဝင်ရောက်နှောက်ယှက်ခြင်းမပြုရစတဲ့ အချက်တွေထည့်သွင်း ထားပါတယ်။

NSCN-Kယုန်းအောင်တပ်ဖွဲ့ရဲ့ တပ်သားတွေဟာ လက်ရှိနန်းယွန်း၊ လဟယ်၊ ပန်ဆောင်စတဲ့နာဂဒေသထဲက ကျေးရွာတွေမှာ ပြန့်ကျဲနေထိုင်နေတယ်လို့သိရပြီး အန်းမိုင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်ကြောင့် ယုန်းအောင်ရဲ့တပ်ဖွဲ့ဝင်တွေသွားလာရေးနဲ့ ကျေးရွာအတွင်းမှာ ယခင်ကလိုလွှတ်လပ်စွာနေထိုင်ခွင့်တွေ ဆုံးရှူံးသွားနိုင်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဒီဘက်ဒေသမှာတော့ အရင်ခတ်အဆက်ဆက်ပေါ့ တစ်ရွာမှာဆိုရင် လေး၊ငါး၊ဆယ်ယောက် အဲ့လိုပဲထားရွာတိုင်းလိုလို ရွာလုံခြုံရေးအတွက် လေး၊ငါးယောက်လောက်ပဲထားတာ ဖြန့်ထားတာပေါ့။ သွားသွားလာလာလည်းအေးဆေးပဲ အခုထုတ်ပြန်ချက်အရတော့ ခက်ခဲသွားနိုင်တယ်။ ယုန်းအောင်အဖွဲ့အတွက်လေးအရင်လိုလူလေး၊ ငါးယောက်ထားလို့ မရတော့ဘူး။ သွားရေးလာရေးလည်းဂရုစိုက်ရမှာသူတို့က ဖမ်းမယ်ဆီးမယ် တကယ်လုပ်လာရင်တော့”လို့ သူကပြောပါတယ်။
NSCN-Kအန်းမိုင်းရဲ့ထုတ်ပြန်ချက်ဟာ ဒေသတွင်းလက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကို ပိုမိုပြင်းထန်စေတယ်လို့ ဒေသခံတွေကသုံးသပ်နေကြပြီး ဒီထုတ်ပြန်ချက်အပေါ် NSCN-K(YA)အဖွဲ့က တစ်စုံတစ်ရာတုံ့ပြန်ထားခြင်းမရှိသေးကြောင်း သိရပါတယ်။
NSCN-K (YA)အဖွဲ့နဲ့ AM အဖွဲ့တွေဟာ ယခုနှစ်ဇန်နဝါရီလ ၉ ရက်နေ့မှာ AM အဖွဲ့က YA အဖွဲ့ရဲ့ အဓိကစိုးမိုးနယ်မြေဖြစ်တဲ့ ပန်းဆောင်မြို့နယ်ခွဲ ခမ္မတိုင်ရွာထဲမှာ စခန်းချနေထိုင်နေတာကြောင့် YA အဖွဲ့ကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စဖြစ်ပွားတခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့ ခမ္မတိုင်ကျေးရွာမှာ တိုက်ခိုက်ခံရစဥ် AM အဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ပါတယ်။
အဲ့ဒီဖြစ်စဥ်ကိုလက်တုံ့ပြန်တဲ့အနေနဲ့ AM အဖွဲ့က ထပ်မံပြီး နန်းယွန်းမြို့နယ်ထဲက တကားကျေးရွာနဲ့နန်ဖာကျေးရွာကြားထဲက YAအဖွဲ့ရဲ့တပ်စခန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ယင်းနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာလည်း နန်းယွန်းနဲ့ လဟယ်မြို့နယ်ကြားရှိ တုံကီကျေးရွာကြားမှာ တစ်ကြိမ်ထပ်မံပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
NSCN-K အန်းမိုင်းအဖွဲ့ဟာ ၂၀၂၃ ခုနှစ်မှာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကနေခွဲ ထွက်သွားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်နဲ့ ငြိမ်းချမ်းရေးယူထားကာ စစ်ကောင်စီတပ်နဲ့ တွေ့ဆုံမှုတွေ မကြာခနရှိတယ်လို့လည်းသိရပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)အဖွဲ့တည်ထောင်သူ ဦးခပ္ပလန် ၂၀၁၇ ခုနှစ်မှာကွယ်လွန်သွားပြီးနောက် ဦးယုံးအောင်ဟာ NSCN-Kရဲ့ ဥက္ကဋ္ဌရာထူးကိုဆက်ခံသူဖြစ်လာပါတယ်။
By – Zaw Zaw



