ရှမ်းမြောက် မိုးမိတ်မြို့နယ် မဘိမ်းသွားလမ်း ရွှေလီမြစ်တံတားအထိ စစ်ကောင်စီတပ်ကိုနေရာပေးနိုင်ဖို့ TNLA က ပြင်ဆင်နေတာကြောင့် KIA နဲ့ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ KIA ဘက်က ပြောပါတယ်။
“မိုးမိတ်ကနေ မဘိမ်းဘက်သွားလမ်း မြစ်ဆုံရွာအထက် ရွှေလီမြစ်တံတားအထိ TNLA တွေ စစ်တပ်ကိုပေးမယ်လို့ သဘောတူလက်မှတ်ရေးထိုးထားတာတဲ့။ အဲဒီကြားမှာ အခု ကျနော်တို့KIA တွေနေရာယူလိုက်တော့ အဲဒီနေရာအထိ စစ်တပ်က အခုချိန်ထိ မရောက်နိုင်သေးတာကြောင့် TNLA အဖွဲ့တွေ အခုထိ မပြန်နိုင်သေးဘူးလို့ ပြောတယ်။အဲဒီနေရာအထိ စစ်တပ်တွေ ရောက်ပြီဆိုမှ TNLA က သူတို့ရဲ့ဗဟို မန်တုံ၊ နမ့်ဆန်ကို ပြန်ရမှာ ဟုတ်တယ်တဲ့။ အခု စစ်တပ်ကို သူတို့ အဲဒီနေရာအထိ မပို့နိုင်သေးတာကြောင့် TNLAတပ်မဟာအရာရှိတွေက မိုးမိတ်မြို့ပြင်နားတွေမှာ ကျနော်တို့နေတဲ့ နေရာနားတွေမှာ ဟိုနား၊ဒီနား လိုက်လံနေရာယူနေတယ်။ ကြားရသလောက်တော့ မိုးမိတ်ထဲမှာတောင်အတူတူရှိနေသေးပုံပဲ။ ကျနော်တို့ လုပ်ဆောင်မယ့်လုပ်ငန်းတွေကို အမျိုးမျိုးလိုက်လံနှောင့်ယှက်နေတယ်”လို့ မိုးမိတ်ဒေသ KIA အရာရှိတစ်ဦးက ပြောပါတယ်။
တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ဟာ မိုးကုတ်နဲ့မိုးမိတ်ကို စစ်ကောင်စီတပ်ဆီပြန်လည်လွှဲပြောင်းလိုက်ပြီးနောက်မှဆုတ်ခွာဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် ခုလိုမြို့တွေထဲအရောက်ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ TNLA တပ်ဖွဲ့တွေ မိုးမိတ်ဒေသထဲကနေ မထွက်ခွာနိုင်သေးပဲရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

ဒါဟာ TNLA အနေနဲ့ စစ်တပ်ကို မိုးမိတ်အပြင် မဘိမ်းဘက်သွားလမ်း မြစ်ဆုံရွာနဲ့ ရွှေလီမြစ်တံတားအထိနေရာထပ်ယူပေးဖို့ သဘောတူထားတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကလည်း မိုးမိတ်နဲ့မြစ်ဆုံရွာကြားမှာ နေရာယူကာ လုံခြုံရေးတင်းကြပ်လိုက်ပြီး စစ်ကောင်စီတပ်တွေ မြစ်ဆုံရွာဘက်ကိုမလာနိုင်အောင် တားဆီးသွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
TNLA တပ်ဖွဲ့ကလည်း KIA နဲ့ PDF တွေလှုပ်ရှားနေတဲ့နေရာတိုင်းမှာလိုက်နေရာယူလှုပ်ရှားနေပြီး စစ်တပ်ကို မြစ်ဆုံတံတားအထိ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့အနေအထားဖြစ်တယ်လို့ မြေပြင်မှာ တာဝန်ယူနေတဲ့ KIA အရာရှိကပြောပါတယ်။
“ကျနော်တို့ KIA အနေနဲ့တော့ ဒီနေရာတွေကို လုံး၀ စစ်တပ်လက်ထဲ ပြန်မပေးနိုင်ပါဘူး။ အခုတော့ ဟိုဘက် မိုးကုတ်ဘက်ကို အရင်ထိုးစစ်ဆင်ပြီး ဒီဘက် မိုးမိတ်ဘက်ကို လှည့်လာမလားလို့သုံးသပ်နေတယ်။ ကျနော်တို့ ကြားသိရသလောက်တော့ စစ်တပ်ကလည်းTNLA ကို ဖိအားပေးတာတွေရှိတယ်။ သူတို့ကို ရွှေလီမြစ်ဆုံအထက် ရွှေလီမြစ်တံတားအထိရောက်ဖို့ မင်းတို့တာဝန်ပေါ့၊ ရွှေလီမြစ်အထိအမြန်ရောက်အောင်လုပ်ပေးဆိုတာမျိုးတွေ ပြောနေတယ်လို့ အပေါ်ယံ ကြားသိရတယ်။ဒါပေမဲ့ ကျနော်တို့ KIA တွေလည်း ကြားမှာ ခိုင်ခိုင်မာမာပိတ်ပင်ထားလို့ စစ်တပ်မရောက်လာနိုင်သေးဘူး”လို့ မိုးမိတ်ဒေသ KIA အရာရှိကဆက်ပြောပါတယ်။
လက်ရှိ မိုးမိတ်မှာ တပ်မ ၉၉ တပ်ဖွဲ့က အင်အား ၆၀၀ လောက် နေရာယူထားတယ်လို့သိရပါတယ်။
မြို့တွင်းအုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသေးဘဲ စစ်တပ်တွေက အရင်စစ်တပ်စခန်းတွေမှာ အတည်တကျတပ်ချနေတာမျိုးမဟုတ်ဘဲ မြို့တွင်းအရပ်သားနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေထဲမှာသာနေရာယူနေကြတယ်လို့ သိရပါတယ်။
TNLA က မိုးမိတ်ကို စစ်တပ်လက်ထဲ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတဲ့အချိန် KIA နဲ့တပ်ပေါင်းစုတွေကလည်း မိုးမိတ်ကိုကာကွယ်ဖို့ သွားရောက်ခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်က TNLA နဲ့ အချေအတင်ပြဿနာဖြစ်ပွားခဲ့တာ နောက်ဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ ထပ်မံထိပ်တိုက်တွေ့ဆုံတာမျိုးတွေ မရှိတော့ဘူးလို့ KIA ဘက်က ပြောဆိုပါတယ်။
မြို့တွင်းရှိ ပြည်သူတချို့ကတော့ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေသေးတာကြောင့်ဆက်လက်စစ်ရှောင်နေကြတာတွေရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မိုးမိတ်မြို့ကနေ မဘိမ်းဘက်ကို ဦးတည်ပြီး စစ်တပ်ကထိုးစစ်ဆင်တာမျိုးမရှိသေးပေမဲ့ မိုးကုတ်ဘက်မှာတော့ ဆက်တိုက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
မိုးကုတ်ရဲ့အရှေ့မြောက်ဘက် PDF တပ်ပေါင်းစုတွေရှိတဲ့ဘက်ကို စစ်တပ်ကဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေရှိတာကြောင့် PDF ဘက်က လက်လွှတ်ထားရတဲ့စခန်းတချို့လည်းရှိတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့ကို TNLA မတိုက်ခိုက်ခင် လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး တစ်လနီးပါး KIA က အရင်ဆုံး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာ TNLA က သူတို့တိုက်ခိုက်မှာဖြစ်တဲ့အတွက် KIA ကဆုတ်ပေးဖို့ပြောဆိုခဲ့တာကြောင့် ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး KIA က ဆက်မတိုက်တော့ဘဲ ရပ်နားခဲ့ကာ TNLA က မိုးမိတ်ကို ဆက်လက်တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်နဲ့ စစ်တပ်ရဲ့ ဖိအားအမျိုးမျိုးတွေကို TNLA က မခံနိုင်တော့တဲ့အဆုံး မိုးမိတ်နဲ့ မိုးကုတ်ကို စစ်တပ်ထံ ၂၀၂၅ ခုနှစ် နိုင်ဝင်ဘာလမှာ ပြန်လွှဲပေးလိုက်ရတာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ KIA နဲ့ ပူးပေါင်းတပ်တွေကတော့ မိုးမိတ်မြို့ပြင်နားတွေကနေ နေရာယူလိုက်ကာ လုံခြုံရေးအားလုံးတင်းကြပ်လိုက်ပြီး စစ်တပ်တွေ မိုးမိတ်ကနေအထက်ကိုဆက်မတက်လာနိုင်အောင် စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ



