မြစ်ကြီးးနားမြို့မှာ မူးယစ်ဆေးလာဝယ်တဲ့စစ်သားတစ်ဦး ရိုက်နှက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦး ရိုက်နှက်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညနေ တစ်နာရီဝန်းကျင်အချိန် ရမ်ပူရပ်ကွက် အပိုင်း၂၁ မှာ အရပ်ဝတ်နဲ့ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦးကို အဲဒီအနီးနားက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ ဝိုင်းရိုက်နှက်ခဲ့တဲ့အတွက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။
“လူမှားရိုက်တာလား ဘယ်လိုကြောင့် ရိုက်သလဲတော့ မသိဘူး။ အဲကောင်က ယူနီဖောင်းမပါဘူး။ ဆေးလာဝယ်တာလို့ပြောတယ်။ ရိုက်ခံရတဲ့လူ ဒီမနက်ကြားတာကတော့ အခြေအနေ သိပ်မကောင်းဘူးတဲ့ ဘယ်နေရာရိုက်လဲတော့ မသိဘူး အဲလိုကြားတာဘဲ”လို့ဆိုပါတယ်။
စစ်သားတစ်ဦး အရိုက်ခံရပြီးနောက် နာရီပိုင်းအကြာမှာဘဲ သံချပ်ကာ အလုံပိတ် စစ်ကားကြီးတွေနဲ့ ရောက်လာပြီး လမ်းတွေပိတ်ကာ အဲဒီအနီးနားတစ်ဝိုက်ကို သွားလာခွင့် ပိတ်လိုက်တယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦး ခုလို ဆက်ပြောပါတယ်။

“သူတို့က ဆိုင်ကယ်ကို ပေးမဖြတ်ဘူး။ တွေ့တဲ့လူရိုက်တာဘဲ ဆေးသမားတွေ လာဝယ်တဲ့သူတွေကိုလည်း ရိုက်တာဘဲ အရူးမီးဝိုင်းဖြစ်နေတာ ပတ်ရမ်းနေတာ”လို့ ဆိုပါတယ်။
ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့က အမှတ် ၂ ရဲစခန်းနဲ့ နီးတဲ့အပြင် မူးယစ်ဆေးဝါးကိုလည်း တရားဝင် ရောင်းဝယ်ခွင့် ပြုထားတဲ့ နေရာဖြစ်ပါတယ်။
ရမ်ပူရပ်ကွက်ဟာ အရင်ကတော့ာ သာမန်ငြိမ်းချမ်းတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ခိုးဆိုးလုနှိုက်လဲ မရှိသလို ရပ်ကွက်နေပြည်သူတွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ သွားလာလို့ ရနေတာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့က စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဒေသအသီးသီးက ရွှေ့ပြောင်းနေထိုင်သူတွေများလာကာ မူးယစ်ဆေးဝါးပြသာနာကလည်း ပိုဆိုးလာပြီး ရမ်ပူရပ်ကွက်မှာ တခြားနယ်ကလာရောက်နေထိုင်တဲ့လူတွေ ပိုများလာတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
ရပ်ကွက်ကနယ်မြေအားဖြင့် ၂၄ ပိုင်းထိရှိသလို အပိုင်းတစ်ပိုင်းမှာတင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး တခြားရပ်ကွက်တွေထက်စာရင် အိမ်ငှားတန်းလျားတွေလည်း ပိုများတဲ့နေရာတစ်ခုဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေ ဆီကနေ သိရပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ စတင်ပျံနှံ့လာတာကတော့ ရမ်ပူအပိုင်း ၂၁ ကဖြစ်ပြီး သုံးပုံတစ်ပုံဝန်းကျင်က မူးယစ်ဆေးဝါးရောင်းတဲ့အိမ်တွေဖြစ်တယ်လို့ သိရပါတယ်။
By – Hope



