စစ်ပြေးဒုက္ခသည်များသတင်း

အူရိမုန်ရာယန်ရွာ လက်နက်ကြီးကျ၊ ဒေသခံများ စတင်တိမ်းရှောင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မှန်ပြတောင်အနီးရှိ အူရိမုန်ရာယန်ကျေးရွာဘက်မှာ လက်နက်ကြီးမကြာခဏ ကျရောက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီရွာဟာ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ခြမ်း၊ မိုင်းနားကျေးရွာနဲ့ မှန်ပြတောင်အနီးမှာရှိပြီး ဗလမင်းထင်တံတားကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်သာ ဝေးပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာလည်း ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီနောက် ဒေသခံအများစုဟာ လုံခြုံတယ်လို့ ယူဆရတဲ့ နီးစပ်ရာဒေသတွေကို ရွှေ့ပြောင်းသွားကြတယ်လို့ သိရပါတယ်။

လုံခြုံမှုမရှိတော့ဘူးလို့ ခံစားနေရပါတယ်။ အရင်ကာလတွေတုန်းကလည်း ဒီရွာထဲကို လက်နက်ကြီးနဲ့ ၅ ကြိမ်လောက် ပစ်ခတ်ခဲ့ဖူးပါတယ်။ ကံကောင်းလို့ ပြည်သူတွေ အချိန်မီ ရှောင်ပြေးနိုင်ခဲ့တဲ့အတွက် ထိခိုက်မှုမရှိခဲ့ပါဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ဒီရက်ပိုင်းအတွင်း နှစ်ဖက်တပ်အကြား တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။

အူရိမုန်ရာယန်ကျေးရွာမှာ ဒေသခံအိမ်ခြေ ၃၀ ခန့်ရှိပြီး နောက်ထပ် စစ်ရှောင်အိမ်ခြေ ၄၀ ဝန်းကျင်လည်း ခိုလှုံနေကြပါတယ်။ ဒါပေမယ့် လက်နက်ကြီးအန္တရာယ်ကြောင့် ဒီရက်ပိုင်းအတွင်း လူအများစု ပြောင်းရွှေ့သွားကြပြီလို့ ဆိုပါတယ်။

ရွာသူရွာသားအများစုဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်း၊ အနီးအနားရှိ ငှက်ပျောခြံတွေမှာ နေ့စားအလုပ်လုပ်ခြင်းတို့နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြပါတယ်။ ဒါပေမယ့် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေ မကြာခဏ ဖြစ်လာတဲ့အတွက် စစ်ရှောင်သွားသူတွေ များလာသလို၊ ရွာမှာ ကျန်နေသူတွေအတွက်လည်း အလုပ်အကိုင်ရှားပါးလာပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒေသခံတွေပြောချက်အရ အူရိမုန်ရာယန်ကျေးရွာမှာ စစ်ကောင်စီတပ်လည်း မရှိသလို KIA ပူးပေါင်းတပ်တွေပါ မရှိတဲ့နေရာဖြစ်ပေမယ့် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေ ပြန်လည်စတင်လာပြီးနောက် စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားမြို့ဘက်ကနေ မိုင်းနားကျေးရွာ၊ မှန်ပြတောင်ဘက်ကို လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်အတွင်း KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာဘက်ကို ဦးတည်ပြီး စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးနေတဲ့အတွက် လမြန်နဲ့ မိုင်းနားကျေးရွာအနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button