ဆောင်းပါး

၃၈ မိုင်မြစ်ရိုးပေါ်က ရွှေတူးဖော်မှုနဲ့အာဏာဆက်စပ်မှု

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့၏ အထင်ကရ ဗလမင်းထင်တံတားအောက်မှ မြင်ကွင်းသည် စစ်ဘေးနှင့် စားဝတ်နေရေး အကျပ်အတည်း၊ တရားဥပဒေနှင့် နည်းလမ်းကျ တာဝန်ယူပေးမည့် အစိုးရမရှိပုံကို ဖော်ပြနေသည့် ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။

မြစ်ကြောင်း ရှင်းလင်းရေး၊ မြစ်ကမ်း နဘေးရေကာတာ တည်ဆောက်ခြင်း၊ မြစ်ဆုံဒေသထိန်းသိမ်းရေးစသည့် ခေါင်းစဥ်များဖြင့် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်ကြီးများက စက်ယန္တရားကြီးများအသုံးပြုကာ တရားမဝင်ရွှေတူးဖော်မှုကို ခေါင်းစဥ်အမျိုးမျိုးတပ်ကာ ဆက်လက်လုပ်ကိုင်နေကြသည်။

ဧရာဝတီမြစ် စတင်သန္ဓေတည်ရာ မြစ်ဆုံမှ မြစ်ကြီးနားမြို့အထိ  ၃၈ မိုင် ရှည်လျားသည့် မြစ်ရိုးတစ်လျှောက် ဖြစ်ပွားနေသော ရွှေတူးဖော်မှုများသည် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့အတော်များများကို နှစ်နှစ်ဆက်တိုက် စံချိန်တင် ရေဘေးသင့်စေခဲ့သည်။ ဒီဆောင်းပါးမှ တရားမဝင်ရွှေတူးဖော်မှု နှင့် နိုင်ငံရေးအာဏာ ဆက်စပ်မှုကို ဖော်ထုတ်တင်ပြသွားမည် ဖြစ်ပါသည်။

ဧရာဝတီမြစ်က ကျမရဲ့ကျေးဇူးရှင်ဟု အသက် ၆၀ ကျော်အရွယ် ဒေါ်မေသန်းတစ်ယောက် တဖွဖွပြောနေသည်။
ဒေါ်မေသန်း ( အမည်လွှဲ )

အကြောင်းမှာ ဒေါ်မေသန်းသည် ဧရာဝတီမြစ်စတင်သန္ဓေတည်ရာ မြစ်ဆုံဒေသတွင်မွေးဖွားလာသူတစ်ဦးဖြစ်သည်။ ဧရာဝတီမြစ်ရေကိုပဲချိုးသည်။ ဧရာဝတီမြစ်ရေကိုပဲ သောက်ပြီးကြီးပြင်းလာသည်ဟု အားရပါးရ ပြောပြသည်။

ဒေါ်မေသန်းအရွယ်ရောက်ချိန်တွင်မူ ခရီးသွားဧည့်သည်များအလည်အပတ်လာရောက်လေ့ရှိသည့် အထင်ကရ မြစ်ဆုံဒေသတွင် ဈေးရောင်းပြီးအသက်မွေးသည်။ ခရီးသွားဧည့်သည်များအတွက် လမ်းပြလုပ်ပေးသည်။

ဧရာဝတီနှင့်သူမ၏အမှတ်တရကိုပြောပြနေပုံက ဒေါ်မေသန်းအတွက် အမှတ်တရအဖြစ် အတိတ်တွင် ကျန်ခဲ့သော်လည်း လတ်ဆတ်နေပုံပေါ်သည်။ အိမ်ထောင်ကျချိန်တွင်မူ ဒေါ်မေသန်း၏ အမျိုးသားမှာ တံငါသည်အလုပ်ဖြင့်အသက်မွေးသူဖြစ်သည်။

ဧရာဝတီမြစ်နှင့် သူမအကြောင်း ဆက်တိုက်ပြောနေရင်းပင် မြစ်ဆုံဒေသ မည်မျှလှသည့်အကြောင်း ဒေါ်မေသန်း တစ်ယောက် နှုတ်ဖြင့် တဖွဖွဖော်ကျူးပြနေပြန်သည်။

သို့သော် ဒေါ်မေသန်းလို ဧရာဝတီမြစ်ကိုအားကိုးနေကြရသည့် ဒေသခံများအဖို့ သူတို့ရဲ့ ကျေးဇူးရှင်မြစ်ကြီးကို စစ်အာဏာသိမ်းပြီး နောက်ပိုင်း တရားမဝင် ရွှေတူးဖော်မှုများနှင့် နိုင်ငံရေးဩဇာခံ လုပ်ငန်းရှင်များက ဖျက်ဆီးနေသည်ကို ရင်နာစွာဖြင့် လက်ပိုက် ကြည့်နေရသည်။

ပြောတာကတော့သဲကျောက်ပေါ့ သူတို့မှာ ခေါင်းစဥ်တပ်ပြီးမှ ခွင့်တောင်းရတယ် သက်ဆိုင်ရာမှာ‌ပေါ့။ ခေါင်းစဥ်တပ်တာ ကတော့ သဲကျောက်တူးတယ်ပော့။ တကယ်လည်း သဲကျောက်လည်းကောက်ရင်ကောက်မယ်။ ရွှေတူးတာကတော့အဓိကပေါ့ဟုဒေါ်မေသန်း ခပ်တိုးတိုးပြောသည်။

ဧရာဝတီမြစ်တွင်အရင်လိုငါးမရတော့ပေ။ ရေမသန့်ရှင်းတော့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်လာပြီ။ လက်ဖက်ရည် အရောင် ဝါညှစ်ညှစ်နှင့်။ သောက်သုံးဖို့မပြောနှင့် ရေချိုးရင်မူ တစ်ကိုယ်လုံးယားယံလာသည်အထိ ဧရာဝတီမြစ်‌ရေကမသန့် ရှင်းတော့ပေ။

ထို့အပြင် ကိုဗစ်ကူးစက်ရောဂါကြောင့် လာရောက်လည်ပတ်သူမရှိတော့သည့် အထင်ကရမြစ်ဆုံဒေသကို ကိုဗစ်ကင်းစင်သွား သော်လည်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လာရောက်လည်ပတ်သူများလည်းမရှိတော့ပေ။ လာရောက်လည်ပတ်သူများ ရှိသည်ထားအုံးတော့။

အရင်ကလှပတဲ့အရာတွေအခုတော့မရှိတော့ဘူးဟုဆိုရင်း စကားအဆုံးမှာဒေါ်မေသန်း သက်ပြင်းအရှည်ကြီးချသည်။

မြစ်ရိုးတစ်လျှောက်တောင်တန်းများနှင့်အပြိုင်နေရာယူနေသည့် သဲကျောက်ပုံကြီးများမှာ ခေါင်းစဥ်လှလှတစ်ခု သပ်သပ် ဖြစ်ကြောင်း နောက်ကွယ်တွင် ရွှေကိုအဓိကတူးဖော်နေကြသည်ဟု ဒေါ်မေသန်းက အားရပါးရဆက်ပြောသည်။

မြစ်ရိုးတစ်လျှောက် တောင်တန်းများ၏ အောက်ခြေက ယာယီတဲစိမ်းကလေးများသည် ရွှေတူးလုပ်သားများ၏ နေစရာအိမ်၊ ဝါးတစ်ပြန်ကျောအနက်ရှိသည့် ကျင်းကြီးများမှာမူ သဲကျောက်တူးသည်ဟုဆိုကာ ရွှေတူးဖော်နေသည့်ကျင်းကြီးများ၊ သဲကျောက်ပုံကြီးများမှာမူ ရွှေမျှောမတိုက်ရသေးခင်မြင်ရသည့်အခြေနေဟုသိရသည်။

အကြောင်းအမျိုးမျိုးပြ တရားမဝင်ရွှေတူးဖော်နေသည့် လုပ်ကွက်များစွာကို မြစ်ဆုံဒေသမှ မြစ်ကြီးနားမြို့အထင်ကရ ဗလမင်းထင်တံတားအောက်အထိ မိုင်ပေါင်း ၃၈ မိုင်ရှည်လျားသည့် မြစ်ရိုးဝဲယာတစ်လျှောက် အဖွေးသားတွေ့မြင်နိုင်သည်။

အုံနဲ့ကျင်းနဲ့ရောက်လာသည့် စီမံကိန်းအသစ်များ

ယခင်က ရွှေကိုရိုးရာနည်းလမ်းဟောင်းအတိုင်း မျှောတိုက်စနစ် လက်ဖြင့်သာတပိုင်တနိုင်ရွှေကျင်ကြသည်။
သို့သော် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုပ်ငန်းရှင်တချို့သည် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြေနေရာများကို သဲကျောက်တူးဖော်မည်ဆိုကာ စက်ယန္တရားများကို အသုံးပြု စီးပွားဖြစ်ရွှေကျင်လာကြခြင်းဖြစ်သည်။

တရားဥပဒေနှင့်နည်းလမ်းကျတာဝန်ယူပေးမည့်အစိုးရမရှိသည့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရွှေတူးဖော်ဖို့ရန် လုပ်ငန်းရှင် များက လက်ရှိအခြေနေကိုအသုံးချလာကြသည်ဟု ဒေသခံများကဆိုသည်။

ထို့အပြင် ဧရာဝတီမြစ်ရိုးနှင့်အပြိုင်ရှိနေပြီး မြို့အစွန်ရပ်ကွက်များဖြစ်သည့် စီတာပူ၊ မိုင်းနားဆိပ်၊ စက်မှုဇုန်၊ မန်ခိန်၊ ရွှေစက် ရပ်ကွက်များတွင် သဲကျောက်ကုမ္ပဏီကြီးများနေရာယူထားကြသည်။

နေ့စဥ် အဆိုပါသဲကျောက်ဟုခေါင်းစဥ်တည်ထားသည့်လုပ်ငန်းများမှ သဲကျောက်တင်ကားကြီးများ အထက်ပါမြစ်ရိုးတစ်လျှောက် ရပ်ကွက်များထဲ အခေါက်ရေရာနဲ့ချီသွားလာနေကြပြီး ရပ်ကွက်တွင်းရှိမြေကွက်လွတ်များတွင် သဲကျောက်ပုံကြသည်။

သဲကျောက်များကိုပုံထားသည်က လူနေအိမ်တစ်လုံးစာအမြင့်ရှိပြီး ခြံပတ်ပတ်လည်လူမမြင်နိုင်လောက်အောင် မြင့်လွန်းသည့် သွပ်များကာရံကာ ရွှေမျှောတိုက်ကြသည်ဟု မြို့ခံများကပြောသည်။

အာဏာသိမ်းထားသည့် စစ်ကောင်စီတပ် လက်ထက်တွင် မြစ်ကြောင်းရှင်းလင်းရေး၊ မြစ်ကမ်းနဘေးရေကာတာ တည်ဆောက် ခြင်း၊ မြစ်ဆုံဒေသထိန်းသိမ်းရေးစသည့် ခေါင်းစဥ်များဖြင့် အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီနှင့်နီးစပ်သည့် လုပ်ငန်းရှင်များ မြစ်ရိုးတစ်လျှောက် တစ်ဖြည်းဖြည်းရောက်ရှိလာကြသည်။

ဧရာဝတီမြစ်စတင် သန္ဓေတည်သည့် မြစ်ဆုံဒေသတွင်မူ ရွှေတူးဖော်နေသူများထဲ ကချင်ပြည်နယ်၏နာမည်ကြီးသူဌေး ဦးယွပ်ဇော်ခေါင်၏ JADE LAND ကုမ္ပဏီက အကြီးမားဆုံးပြုလုပ်နေသူဟု မြန်မာ့သယံဇာတစောင့်ကြည့်ရေးအဖွဲ့ Myanmar Resource Watch က ၂၀၂၄ ခုနှစ်မတ်လတွင် အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း တရားမဝင်ရွှေတူးဖော်မှုများကြောင့် ဒေသခံပြည်သူလူထုအတွက် ကျိန်စာများနှင့်အရေးပေါ်ဖြေရှင်း ရမည့် ပြဿနာ၊ စိန်ခေါ်မှုများဟု Myanmar Resource Watch က ခေါင်းစီးပေးထားသည်။

အရှိန်အဟုန်မြင့်လာသည့် ရွှေတူးဖော်မှုများကြောင့် နောက်ဆက်တွဲဆိုးကျိုးများကိုသိသည့် ပြည်နယ်တစ်ဝှမ်းကဒေသခံတစ်ချို့ က ၂၀၂၂ ခုနှစ်တစ်နှစ်ပတ်လုံး မြစ်ဆုံဒေသရွှေတူး‌ဖော်မှုများကို တောက်လျှောက် ကန့်ကွက်ခဲ့ကြရာမှ ရွှေတူးဖော်မှုရပ်တန့် သွားသည်။

ရပ်တန့်သွားသည့်ရွှေတူးဖော်မှုမှာ ၂လ ခန့်သာကြာလိုက်သည်။ မြစ်ဆုံကိုပြန်လည်မွမ်းမံရန် ဟုဆိုသည့်ခေါင်းစဥ်နှင့်အတူ ဦးယွပ်ဇော်ခေါင်တို့အဖွဲ့ ရွှေတူးဖော်မှုစတင်ခဲ့ပြန်သည်ဟု မြစ်ရိုးတစ်လျှောက်နေထိုင်သည့် ဒေသခံတချို့ကပြောသည်။

ဘာတွေပြန်ဖြစ်သွားလည်းဆိုတော့ ၂၀၂၃ မှာ ပြည်သူတွေရွာသားတွေကိုလည်း အဲ့ဘက်ကိုလုံးဝမဝင်ခိုင်းဘူး။ သတင်းယူဖို့ မပြောနဲ့ လူတွေတောင်မဖြတ်ခိုင်းတော့ဘူး။ ၂၀၂၂ ၂၀၂၃ ၂၀၂၄ တောက်လျှောက်ပေါ့ သူ့ရဲ့လူတွေပဲ ယန္တရားကြီးတွေနဲ့ပဲ တူးတော့ နောက်ဆုံးအဲ့နေရာတွေကရေအိုင်ကြီးတွေပဲဖြစ်သွားတယ်မြစ်နဘေးကျေးရွာတစ်ရွာက ဒေသခံတစ်ဦးကပြောသည်။

ဦးယွပ်ဇော်ခေါင်ပိုင်ဆိုင်သည့် Jade Land ကုမ္ပဏီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ တွင် မြစ်ဆုံအနီး တန်ဖရဲရွာ၌ လေးဧကရှိ ရွှေလုပ်ကွက်ရခဲ့သည်ဟု Myanmar Resource Watch ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သို့သော် ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတ်မှတ်ထားသည့်ဧကထက်ကျော်လွန်ကာတူးဖော်လာပြီး ရွှေတူးဖော်ရေး လုပ်ငန်းများ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အရှိန်အဟုန်မြင့်လာခဲ့သည်ဟု Myanmar Resource Watch ကထောက်ပြသည်။

ကချင်ပြည်နယ်အတွင်း နာမည်ကြီးသည့် သူဌေး ဦးယွပ်ဇော်ခေါင်သည် လက်ရှိစစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်ခမည်းခမက်တော်ဆက်သူဖြစ်သည်။ ဦးယွပ်ဇော်ခေါင်၏သားနှင့် ဦးခက်ထိန်နန်၏သမီးတို့ လက်ထပ်ထား ကြသည်။

ထို့အပြင် ၂၀၁၀၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီး ဦးလဂျွန်ငန်ဆိုင်းနှင့်လည်း ဦးယွပ်ဇော်ခေါင်သည် ခမည်းခမက်တော်ဆက်ပြန်သည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးလဂျွန်ငန်ဆိုင်း၏ သမီးနှင့် ဦးယွပ်ဇော်ခေါင်၏ တတိယမြောက်သားသည်လည်းလက်ထပ်ထားကြသည်။

ဦးယွပ်က အစိုးရခေတ်အဆက်ဆက်ကို သူကအရမ်းပိုင်တယ်။ ပိုင်တယ်ဆိုတာက ရွေးကောက်ပွဲမလုပ်ခင် ၂၀၁၀ရှေ့ကာလ တွေကတည်းက အာဏာပါဝါရှိတယ်။ ပိုက်ဆံရှိတော့အာဏာပါဝါရှိတယ်ပေါ့။ အခုဒုစစ်ခေါင်းဆောင်ဖြစ်နေတဲ့ စိုးဝင်းတို့ အုန်းမြင့်တို့ဆိုတာ အားလုံးကိုပိုင်တယ်။ အခုလိုပိုင်လို့လည်း PCG ဆိုတာဖြစ်လာတာပေါ့” ဟု ကိုနောနော်ကဆိုသည်။

ကိုနောနော်သည် ကချင်ပြည်နယ်ဒေသတွင်းသတင်းထောက်တစ်ဦးအဖြစ်လုပ်ကိုင်လာသည်မှာ ၁၀စုနှစ်တစ်ခုရှိတော့မည်။

ဦးယွပ်ဇော်ခေါင်သည် ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်သည့်လုပ်ငန်း၊ သစ်လုပ်ငန်းများလည်းလုပ်ကိုင်ခဲ့ရာမှ ချမ်းသာလာ သူဟုကိုနောနော်ကဆိုသည်။ မြစ်ကြီးနားမြို့၏ အထင်ကရ မနောကွင်းဆောက်လုပ်ရေးမှာလည်း အဓိကငွေကြေး ထောက်ပံ့ ခဲ့သည်ဟု သိရသည်။

မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအောက် မြစ်ကမ်းနဘေး သဲကျောက်တွေကို သယ်ယူနေတဲ့မြင်ကွင်း Photo – Crd

ကိုနောနော်ပြောသည့် PCGဆိုသည်မှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace Talk Creation Group ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း  PCGအဖွဲ့ဟုသာလူသိများသည်။ ဦးယွပ်ဇော်ခေါင်သည် အဆိုပါအဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်နေပြန်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် နေ့တွင်မူ စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့သည်အထိ စစ်အစိုးရနှင့်အဆင်ပြေသည်။

ကချင်လူထုအပေါ် ဩဇာလွမ်းသူတစ်ဦးလည်းဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်နှင့်လည်း ဆက်ဆံရေးကောင်းသည်။

လက်ရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက် ရွှေတူးဖော်မှုများတွင် တရုတ်လုပ်ငန်းရှင်များလည်းပါဝင်နေပြီး ကချင်ပြည်နယ်ဒေသခံ လောပန်း(သူဌေးများ) ဆက်လက်လုပ်ကိုင်နေကြသည်ဟုသိရသည်။

ဤသို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရွှေတူးဖော်မှုလုပ်ငန်းကြီးများ ရပ်တန့်ခြင်းမရှိသည့် ကိစ္စရပ်များအပေါ် အတည်ပြုနိုင်ဖို့ အတွက် လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

မြစ်ရိုးပေါ်က တရားမဝင်ရွှေတူးဖော်ရေး နှင့် လက်နက်ကိုင်နှစ်ဖက်အခွန်

တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းများအတွက် လုပ်ငန်းရှင်များသည် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖက်လုံးကို အခွန်အခ ပေးဆောင်ရသည်ဟု ဒေသခံများကဆိုသည်။

ဟိုးဘက်ကမ်းမှာတွေ့လား….”  ဟုဆိုကာ မြစ်ကြီးနားမြို့ခံ ကို အားတားက မြစ်ကြီးနားမြို့ဧရာဝတီမြစ်ကမ်းပါးတစ်နေရာမှ ဝိုင်းမော်မြို့မြစ်ရိုးတစ်လျှောက် သဲကျောက်တူးဖော်သည့်နောက်ကွယ်က ရွှေတူးနေသည့် လုပ်ကွက်များနှင့်အပြိုင်ရှိနေသည့် တောင်ပေါ်က စစ်စခန်းတစ်ခုကို လက်ညိုးထိုးပြနေသည်။

အလံအနီရောင် ရေးရေးလေးသာမြင်ရသည်။ ရံဖန်ရံခါ အဆိုပါနေရာမှ စစ်ရေး‌လေ့ကျင့်နေသည့်အသံများ တစ်ဖက်ကမ်းကနေပါ ကြားရသည်ဟု ကိုအားတားကပြောသည်။

အဆိုပါနေရာသည် ကွယ်လွန်သူ စစ်ကောင်စီလက်အောက်ခံအဖွဲ့များထဲမှတစ်ခုဖြစ်သည့် လဆန်အောင်ဝါအဖွဲ့၏နယ်မြေ ဖြစ်သည်။

မြစ်ကြီးနားမြို့၏တစ်ဖက်ကမ်း ဂွေထူ၊ လဝါးယန်၊ မလိယန်၊ ခမ်းပူ ၊အင်ဂမ်၊ အင်ပွမ်၊ နောင်းချိန်း၊ လဘန်၊ မခေါဒီ၊ မခေါယာန် စသည့် ဝိုင်းမော်မြို့နယ် မြစ်ရိုးတစ်လျှောက်ရှိကျေးရွာများကို ၎င်းတို့အဖွဲ့ နေရာအဖြစ် စစ်ကောင်စီကသတ်မှတ်နေရာပေးထား သည်ဟု ဒေသခံများကပြောသည်။

လဆန်အောင်အဖွဲ့ဆိုသည်မှာ လွန်ခဲ့သည့်၂၀၀၄ ခုနှစ်တွင် ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ KIOမှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး လဆန်အောင်ဝါ၏ အဖွဲ့ကိုအမည်ပြုပြီး ဒေသခံများက လဆန်အောင်ဝါအဖွဲ့ဟုခေါ်ဆိုကြခြင်းဖြစ်သည်။

ဦးလဆန်အောင်ဝါသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ပြီးနောက် ဦးမဂျီနော်လီဆိုသူက အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူထားသည်ဟုသိရသည်။

လဆန်အောင်ဝါအဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှခွဲထွက်စတွင် နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ခဲ့သည့် ကချင်ဒီမိုကရေ စီသစ် တပ်မတော် NDAK ထိန်းချုပ်ရာ ဒေသအတွင်း ခိုလှုံခဲ့သည်။

၄င်း ဗိုလ်မှူးကြီးလဆန်အောင်ဝါ၏အဖွဲ့သည် ၂၀၀၉ အောက်တိုဘာလတွင် စစ်ကောင်စီလက်အောက်ခံ လဝါးယန်ပြည်သူ့စစ်အဖွဲ့ အဖြစ်အသွင်ပြောင်းလဲခဲ့ပြီး ယနေ့အထိ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့အဖြစ်လှုပ်ရှားနေဆဲဖြစ်သည်။

ထိုစဥ်က လဝါးယန် ကျေးရွာတွင်ကျင်းပခဲ့သည့် ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းဖွဲ့စည်းသည့်အခမ်းအနားကို လက်ရှိ ဒုစစ်ခေါင်းဆောင် ဦးစိုးဝင်း ကိုယ်တိုင်တက်ရောက်ခဲ့သည်။

ထို့အပြင် ဒေသတွင်းရွှေတူးဖော်မှုများကို ခွင့်ပြုပြီးအကျိုးအမြတ်ရယူနေသည့်အဖွဲ့အစည်းများထဲတွင် ဝါရင့်လက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA လည်းပါဝင်သည်ဟု Myanmar Resource Watch ကဆိုသည်။ ထို့အပြင် ဒေသခံများထံမှ KNG ကအတည်ပြုနိုင်ခဲ့သည်။

မြစ်ရိုးတစ်လျှောက်ရွှေတူး‌ဖော်ဖို့ ကေအိုင်အေကို အခွန်မဆောင်ပဲနဲ့ တူးလို့မရဘူး ဟု ကိုနောနော်ကဆိုသည်။

စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်နေတဲ့မြင်ကွင်း Photo – Crd

မြို့၏အထင်ကရ ဗလမင်းထင်တံတားအောက်က ရွှေတူးဖော်မှုများ

ကချင်ပြည်နယ်၏ ဆောင်းရာသီအစ နိုဝင်ဘာလသည် ဧရာဝတီမြစ်ရေ စကျသည့် ကာလဖြစ်သည်။ နိုဝင်ဘာလမှ မိုးရာသီ မရောက်ခင် ဇူလိုင်လဝန်းကျင်အထိသည် ရွှေတူးဖော်သည့် ရာသီချိန်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။

မကြာသေးသည့် ပြီးခဲ့သည့်လ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကချင်ပြည်နယ်အတွင်း မိုးရာသီကာလ ဧရာဝတီမြစ်ရေကြီး ရေလျှံ မှုကြောင့်ဟုဆိုကာ မြို့တော်မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ငံရေးအတွက် ဗလမင်းထင်တံတားအောက်တွင် သောင်တူးခြင်းလုပ်ငန်းအား စတင်ခဲ့သည်။

သောင်တူးခြင်းလုပ်ငန်းဧရိယာဖြစ်သည့် ဗလမင်းထင်တံတားအောက်နေရာအထိ စစ်ကောင်စီခန့်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့ကလည်း ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သည်ကို စစ်ကောင်စီ၏ ပြည်နယ်ပြန်ဆက် ( ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန) က ပုံနှင့်တကွသတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မြစ်ကြီးနားမြို့၏အထင်ကရ ဗလမင်းထင်တံတား ကြံ့ခိုင်မှုအားနည်းလာသဖြင့်ဟုဆိုကာ တံတား၏ အောက်ဘက် မီတာ၄၀ အကွာကပ်လျှက်တွင်မူ ဒေသဖွံ့ဖြိုးရေးကိုအကျိုးပြုမည့် အမှတ် ၂ ဗလမင်းထင်တံတားသစ်တစ်စင်း စီမံကိန်းကို ၂၀၂၁ ခုနှစ် အောက်တို ဘာလ ၁၆ ရက်နေ့တွင် အာဏာသိမ်းစစ်အစိုးရက စတင်ခဲ့သည်။

အဆိုပါတံတားဆောက်လုပ်မှုနှင့်အတူ မြစ်ရေကျချိန်တိုင်း ရွှေတူးဖော်မှုများတစ်ပြိုင်နက်လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဦးယွပ်ဇော်ခေါင်၏ မြစ်ဆုံမွမ်းမံရန် ဆိုသည့်ခေါင်းစဥ်အလား မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ကမ်းနဘေးတစ်လျှောက် ရေကာတာ ဘောင်များ ဆောက်လုပ်ဖို့အတွက် သဲကျောက်တူးဖော်မည်ဆိုကာ ကချင်ပြည်နယ်အစိုးရက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မှစတင်ကာ စီမံကိန်းတစ်ခု လုပ်ပြန်သည်။

စီမံကိန်းဆိုသည့် ခေါင်းစဥ် အမျိုးမျိုးဖြင့် ရောက်လာသော ဘက်ဟိုး နှင့် စက်ယန္တရားကြီးများမှာ နေ့ညမရွေး မြစ်ကမ်းနဘေး ဝဲယာရှိ သဲကျောက်များကို တူးထုတ်ကာ ရွှေကိုပါတစ်ပြိုင်နက်တူး‌ဖော်နေကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် အတိအကျဆိုရလျှင် မေလ ပထမအပတ်တွင်ဖြစ်သည်။ ဗလမင်းထင်တံတားပေါ်မှမြင်ရသည့် တံတား အောက်ကရွှေတူးဖော်မှုများကို ကိုအားတားအပါအဝင် ဒေသခံတချို့သတင်းပေးလာကြသည်။

တံတားအောက်ခြေမှမြင်ကွင်းကို လှမ်းကြည့်လိုက်လျှင် ပုရွက်ဆိတ်များဝိုင်းအုံနေသလို မြင်ရသည့် လူအုပ်ကြီးမှာ အများစုက တိုက်ပွဲများကြောင့် ဘေးလွှတ်ရာထွက်ပြေးလာကြရသည့် ဝိုင်မော်ဒေသခံစစ်ဘေးရှောင်များဖြစ်သည်။

ဗလမင်းထင်တံတားအောက်ရှိ ရွှေတူးဖော်မှုများတွင် ၂၀၂၄ ခုနှစ် မတ်လက လိုင်ဇာဌာနချုပ်အနီးမှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ကစတင်ခဲ့သည့် ထိုးစစ်ကြောင့် ပြင်းထန်လာသည့်တိုက်ပွဲများအကြား တစ်ဖက်ကမ်းမြစ်ကြီးနားမြို့ဆီ စစ်ဘေးရှောင်လာကြသည့် ဝိုင်းမော်ဒေသခံများဖြစ်သည်ဟု သိရသည်။

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့မြင်ကွင်း

ထို့အပြင် စီမံကိန်းခေါင်းစဥ်တပ်ရောက်လာကြသည့် ဘက်ဟိုးနှင့် စက်ယန္တရားမောင်းနှင်သူများသည် တပိုင်တနိုင်လက်ကျင်းဖြင့် တူးဖော်နေသည့် လူအုပ်ကြီးကို ဘက်ဟိုးဖြင့် သဲကျောက်တစ်ကော်ကို ကျပ်၄သိန်းဖြင့် ဈေးခေါ်ရောင်းပေးသည်။

နှက်ရက်လောက်ကို ရွေးနှစ်ဆယ်လောက်ရတဲ့ သူလဲရှိတယ်” ဟုကိုအားတားတစ်ယောက်ပြန်ပြောင်းပြောပြသည်။

‌ရွှေရွေး ၁၂၀ ပြည့်လျှင် ရွှေတစ်ကျပ်သားရသည်။ ရွှေတစ်ကျပ်သားကို လက်ရှိပေါက်ဈေး မြန်မာငွေ ကျပ်သိန်း ၁၀၀ ကျော်ရှိ သည်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအတွက်ပင်မပြောနှင့် ၂ ရက်အတွင်း ရွှေရွေးနှစ်ဆယ်ရသည်က အခြေခံ လုပ်ခလစာ တစ်လတွင် ၂ သိန်း ၄သောင်းဝန်းကျင်သာရသည့် မြန်မာနိုင်ငံတွင် ဘဝရပ်တည်ရေးအတွက် လူတစ်ယောက်အဖို့ မလွဲမရှောင်သာရွေးချယ်စရာ ဖိအားဖြစ်လာသည်မှာဧကန်ပင်ဖြစ်သည်။

ဗလမင်းထင်တံတားအောက်ရှိ ထိုအချိန်မြင်ကွင်းသည် စစ်ဘေးနှင့် စားဝတ်နေရေး၏ပြယုဂ်တစ်ခုဖြစ်လာသော်လည်း ဒေသခံများသည် စက်ယန္တရားများအသုံးပြုလုပ်ကိုင်ကြခြင်းတော့ မဟုတ်ပေ။

ရွှေတူးဖော်နေသည့်မြင်ကွင်းကို ဗလမင်းထင်တံတားပေါ်မှ အရှင်းအလင်းမြင်ရသည်။ တံတားထိပ် အဝင်နှင့် တံတားအထွက် အဆုံးတွင်မူ စစ်ကောင်စီတပ်သားများလုံခြုံရေးအပြည့်ဖြင့်အထိုင်ချထားသည့် ဂိတ်များလည်းရှိနေသည်။ သို့သော် သာမန် စစ်ဆေးရေးဂိတ်မဟုတ်ပ။

ရဲ၊ စစ်သား၊ စည်ပင်၊ ယာဥ်ထိန်းရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ စရဖ ဟုခေါ်သည့် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ စသည့် ဌာနဆိုင်ရာ အဖွဲ့အသီးသီးက အထိုင်ချထားသည့် စုပေါင်းဂိတ်ဖြစ်သည်။

ဗလမင်းထင်တံတားအောက်ရွှေတူး‌ဖော်မှုများ ပိုမိုဆိုးရွားလာသော်လည်း ဗလင်းမင်းထင်တံတားစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ လက်အောက်ခံများ တာဝန်ယူဖြေရှင်ခြင်းအလျင်း မရှိခဲ့ပေ။ သို့သော် အဆိုပါတူးဖော်မှုများပုံနှင့်တကွ ဆိုရှယ်မီဒီယာတွင် အလျှင်အမြန် ပျံ့နှံ့သွားသည်။

သတင်းဌာနများစွာ အဆိုပါသတင်းကိုရေးသားလာကြသည့်နောက်မှ ရွှေတူးဖော်မှုများကို တံတားပေါ်က စုပေါင်းဂိတ်က မြင်သွားပုံပေါ်သည်။

ကျနော်အကိုတို့တူးဖို့သွားကြသေးတယ် ရွှေတူးဖော်ခွင့် မပေးတော့ဘူး” ဟု ကိုအားတားကပြောပြသည်။ သို့သော် သဲကျောက် နှင့်အတူ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခြင်းလုပ်ငန်းများတော့ ရပ်နားသွားခြင်းမရှိပေ။

ကိုအားတားသည် ဧရာဝတီမြစ်ကမ်းနဘေး မြစ်ကြီးနားမြို့ခံတစ်ဦးဖြစ်ပြီး အသက် ၂၄ နှစ်ရှိပြီဖြစ်သည်။ လူမှန်းသိတတ်စအရွယ် မှစတင်ကာ ဖခင်ဖြစ်သူ၏ တပိုင်တနိုင် ငါးဖမ်းလုပ်ငန်းတွင်ဝင်ကူရာမှ ယနေ့အထိ သူကိုယ်တိုင်လည်းတပိုင်တနိုင်ငါးဖမ်းသည်။

ဧရာဝတီမြစ်ရေတက်သည့် ရာသီချိန်တွင်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ပြီး ရေကျချိန်တွင်မူ တပိုင်တနိုင်လက်ကျင်းဖြင့် ရွှေတူးသည်။

“ရွှေဆိုသည့်အသံကြားလျှင် လူတိုင်းကနားရွက်ထောင်ကာ စိတ်ဝင်စားကြသလို ရွှေသည် မည်သည့်နေရာကိုရောက်သွားမှန်း လက်ဆုပ်လက်ကိုင်ပြဖို့ရန်ခက်ခဲသည်။ကမ္ဘာတစ်ဝှမ်း ရွှေဈေးမြင့်တက်နေလည်းဖြစ်သည့် ယခုကာလတွင် မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် ရွှေ ရောင်းဝယ်ရေးလုပ်နိုင်သည်။

နိုင်ငံတကာသို့ မြန်မာပြည်မှတင်ပို့နေသည့် သယံဇာတများ တစ်နှစ်လျှင်မည်မျှရှိသည်ကို ပွင့်လင်းမြင်သာစွာလေ့လာနိုင်သည့် အွန်လိုင်းဝက်ဆိုဒ်များရှိသည်။ သို့သော် ရွှေတင်ပို့မှုကို ရှာလို့မရပေ။

မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့ မြင်ကွင်းဖြစ်ပါတယ်

စစ်ကောင်စီ၏ ဟန်ပြဖမ်းဆီးမှုများ

စစ်ကောင်စီသည် ရွှေတူးဖော်မှုများကိုကန့်ကွက်မှုများရှိလာတိုင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ အသေးစားရွှေတူးဖော်မှုများကို ဖမ်းဆီးပြသည်။ အသေးစားရွှေတူးဖော်မှုဆိုသည်မှာ ရေငုပ်ကျင်း၊ လက်ကျင်းစသဖြင့်ရှိသည်။

ရေငုပ်ကျင်းဟု‌ခေါ်သည့် ရွှေဖောင်လုပ်ငန်းတစ်ခုကို အနည်းဆုံး လူနှစ်ဦးနှင့် စတင်လုပ်ကိုင်ရပြီး တစ်ဦးက ပိဿာ ၂၀ ဝန်းကျင် အလေးချိန်ရှိတဲ့ အလေးကိုလွယ်ကာ မြစ်ကြမ်းပြင်ရောက်သည်အထိ ရေငုပ်ပြီးနောက် မြေစာတွေကို လေးလုံးထိုး ရှစ်လုံးထိုး မုန်စုပ်စက်များဖြင့် စုပ်ယူသည်။

ထို့နောက် နောက်တစ်ဆင့်အနေဖြင့် ရရှိလာသည့်မြေစာများကို ရွှေမျှော်စင် ရွှေခံ စကာပေါ်သို့ သွန်ချပြီး အဆင့်ဆင့် ရွှေရရှိသည် အထိ စကာချ စစ်ထုတ်ကာ ပြဒါးဖြင့် ဖမ်းယူရသည့်တူးဖော်မှုမျိုးဖြစ်သည်။

လက်ကျင်းဆိုသည်မှာမှု စက်ယန္တရားကြီးများအသုံးမပြုပဲ တပိုင်တနိုင်ရွှေတူးဖော်ခြင်းကိုဆိုလိုသည်။ မည်သို့ပင်ဆိုစေကာမူ မည်သည့်နည်းလမ်းဖြင့်မဆိုရွှေတူးဖော်မှုများသည် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသည်။ သို့သော် ဒေသခံအများစု လုပ်ကိုင် ကြသည့် အဆိုပါ အသေးစားရွှေတူးဖော်မှုများကိုသာ စစ်ကောင်စီကအရေးယူသည်။

အဲ့နေရာတွေက ခုမှတူးတာမဟုတ်ဘူး အရင်ကတည်းကတူးနေတာ ပြီးတော့လည်း ဒီမှာတူးတဲ့သူတွေအားလုံးက ဒေသခံတွေဘဲ ပြောချင်တာက သူများတွေလိုစက်ကြီးတွေနဲ့ တူးနေတာမဟုတ်ပါဘူး။ ရှင်းလင်းရေးလုပ်တယ်ဆိုရင် ရှိရှိသမျှအားလုံးလုပ် ရမယ်မလား ခုဟာကဒီဒေသခံတွေတူးနေတာကိုဘဲ ပစ်မှတ်ထားလုပ်သလို ဖြစ်နေတယ်

ရေငုပ်ကျင်း(ရွှေဖောင်) ဟုခေါ်သည့် အသေးစားရွှေတူးဖော်မှုလုပ်ကိုင်သူ ဦးအိုက်(အမည်လွှဲ)ကဆိုသည်။

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဦးအိုက်တို့ရွှေဖောင်မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ကျန်းမာရေးမကောင်းသည့် ဦးအိုက်ကို စစ်ကောင်စီကဖမ်းဆီးခြင်း မလုပ်ခဲ့ပေ။ သို့သော် ဦးအိုက်အစား သူ့အမျိုးသမီး ဖမ်းဆီးခံခဲ့ရသည်။

ဤကဲ့သို့လုပ်ရပ်များသည် မြစ်ရိုးတစ်လျှောက် ရွှေတူးဖော်မှုများကို ကန့်ကွက်သူများရှိလာသဖြင့် ဖမ်းဆီးပြခြင်းဖြစ်သည်ဟု ဒေါ်မေသန်းက ပြောသည်။ သို့သော် စစ်ကောင်စီ၏ မြစ်ကြောင်းရှင်းလင်းရေးလာမည်ဆိုလျှင် သဲကျောက်တူးဖော်သည့် လုပ်ငန်း များက ရုတ်တရက်ရပ်နားသွားပြီး ရက်သတ္တပတ်ခန့်အကြာတွင်ပင် ပြန်စလေ့ရှိသည်။

ယခုနှစ် ၂၀၂၅ မတ်လက မူ စစ်သားနှင့် ရဲအင်အားအပြည့်ပါသည့်အဖွဲ့က မြစ်ကြောင်းတစ်လျှောက် ရှင်းလင်းရေး ခေါင်းစဥ်ဖြင့် ဦးအိုက် တို့လို အသေးစား ရွှေဖောင်လုပ်ငန်းတွေကို ရွေးပြီး ဖမ်းဆီးမီးရှို့ခဲ့သေးသည်။

ရွှေတူးဖော်မှုများလည်း နှစ်စဥ် များသထက်များလာသည်။ ကန့်ကွက်သူများကလည်း နှစ်စဥ်နှစ်တိုင်း ကန့်ကွက်နေသည်။ စစ်ကောင်စီကလည်း မြစ်ရိုးတစ်လျှောက်ရှင်းလင်းရေးစီမံချက်ဖြင့် နှစ်စဥ်နှစ်တိုင်း အသေးစားရွှေတူးဖော်မှုများကို ဖမ်းဆီးမှုများပြုလုပ်လာသည်။

မြစ်ကြီးနား ဗလမင်းထင်တံတား အနီး စက်ယန္တရားကြီးတွေနဲ့ ရွေတူးဖော်နေတဲ့မြင်ကွင်း ဖြစ်ပါတယ်



မာန်ထလာသည့်ဧရာဝတီမြစ်နှင့်သဘာဝပတ်ဝန်းကျင်

ရုပ်သံမှတ်တမ်းရိုက်ကူးသူ ဆရာဖေမောင်စိမ်း၏ လွန်ခဲ့သည့် ၁၆ နှစ်ကျော်ကရိုက်ကူးခဲ့သော The River, Our Ayeyarwady ဆိုသည့်ရုပ်သံ မှတ်တမ်းထဲမှ အင်တာဗျူးတစ်ခုကိုသတိရမိသည်။

ဧရာဝတီမြစ်က သဘောကောင်းတယ်။ လယ်စင်းပြီးတော့ကိုခံနေတာပဲ။ ဘယ်နေ့မှ မာန်တွေထလာမလဲ မသိဘူး

ဆိုသည့်စကားဖြစ်သည်။ အဆိုပါရုပ်သံရိုက်ကူးချိန်နှင့်တွက်ကြည့်လျှင် ၁၆ နှစ်ကျော်အကြာကသဘောကောင်းခဲ့သည့် ဧရာဝတီသည် ယခုသဘော မကောင်းတော့ပေ။ မာန်ထစပြုလာပြီ။

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြို့တော်မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်တစ်ဝှမ်း နှစ်နှစ်ဆက်တိုက်ရေဘေးသင့်ခဲ့သည်။

၂၀၂၄ ခုနှစ်ဇွန်လတွင် ကချင်ပြည်နယ်အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းရာကနေ မေခ၊ မလိခမြစ်ရေကြီးပြီး ဧရာဝတီမြစ် ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၁၄၀၀ ကျော်စင်တီမီတာအထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့ခံ ၁၁ ဦးအထိသေဆုံးခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်များတွင်တွေ့ရသည်။ နေအိမ်များ မျှောပါသည်အထိ ရေကြီးမှုကြောင့် ကချင်ပြည်နယ်အတွင်းနေအိမ်ရာနှင့်ချီပျက်ဆီးခဲ့ရသည်။ ဧရာဝတီမြစ်အောက်ဘက်ဗန်းမော်၊ ရွှေကူ အပါအဝင် ကချင်စစ်ကိုင်းအစပ် ကသာမြို့ရှိ လယ်ဧကထောင်နဲ့ချီ ပျက်ဆီးခဲ့ရသည်။

၂၀၂၅ ခုနှစ်တွင်မူ မြစ်ကြီးနားမြို့ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ်အထက် ၁၂၀၀ စင်တီမီတာကျော်အထိရောက်ရှိခဲ့ပြန်သည်။

ယခုနှစ်ရေကြီးရေလျှံဖြစ်ပွားမှုတွင် ကချင်ပြည်နယ်အထက်ဘက် မေခ၊ မလိခမြစ်စီးဆင်းရာဒေသများဖြစ်သည့် ချီဖွေ၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊လန်ဆယ်၊ ဆဒုံး၊ ကံပိုက်တည်စသည့် ပြည်နယ်အထက်ပိုင်းရှိဒေသများက အလူးအလဲ ရေကြီးမှုဒဏ်ကို ခံခဲ့ကြရသည်။

လူနေအိမ် ၁၀၀ ကျော်လောက်ရေစီးနှင့်အတူမျှောပါသွားသည်အထိ မြစ်ရေစီးကသန်ခဲ့ပြီး ဆဒုံးမြို့မှလူ  ဦးသေဆုံးခဲ့ရသည်။ စစ်ဘေးရှောင်စခန်း အဆောက်အဦးများစွာရေစီးနှင့်မျှောပါ ပျက်ဆီးခဲ့ရသည်။

တစ်ချိန်က လယ်စင်းခံနေရင်း သဘောကောင်းခဲ့သည်ဟု ပြောကြသော ဧရာဝတီမြစ်သည် ယနေ့တွင် မာန်ထလာသည်ဟု ဒေသခံများ ခံစားနေကြရသည်။ နှစ်နှစ်ဆက်တိုက် ရေဘေးများ၊ မျှောပါသွားသော အိမ်များ၊ ဆုံးရှုံးသွားသော အသက်များက မြစ်၏ သက်ပြင်းသံကို ပို၍ထင်ဟပ်စေသည်။

မေခ မလိခမြစ်တို့ဆုံရာ မြစ်ဆုံမှ မြစ်ကြီးနားမြို့အထိ မိုင်သုံးဆယ်ကျော်မြစ်ရိုးတစ်လျှောက်မှ ရွှေတူးဖော်မှုများသည် သဲကျောက် တူးဖော်ခြင်းနှင့် အကြောင်းအမျိုးမျိုးသောစီမံကိန်းများသပ်သပ်သာမဟုတ်တော့ပေ။ အာဏာ၊ အကျိုးစီးပွား၊ လက်နက်ကိုင် အဖွဲ့များနှင့် ဆက်နွယ်နေသည့် စနစ်တကျ လည်ပတ်နေသော လုပ်ငန်းကွန်ယက်တစ်ခု၏ အရိပ်အယောင်များ ဖြစ်လာနေသည်။

By – အမိုး

Show More

Related Articles

Back to top button