ကချင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ ၂ ဦးသေဆုံး
မြစ်ကြီးနား – မန္တလေးလမ်းပေါ်က ကချင်ကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၂ ဦးသေဆုံးသွားတယ်လို့ ကောလင်းမြို့နယ်ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution KR ကသတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ကချင်ကုန်းရွာအနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမှာနေထိုင်သူ ကပ္ပရအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အဲဒီနောက် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက“ဘုန်းကြီးကျောင်းက ကပ်ပရလင်မယားထိတာပါ၊ မိန်းမကပြီးသေသွားပြီ။ ကချင်ကုန်းရွာလမ်းပေါ်မှာ တစ်လုံးကျတယ်။ တစ်လုံးကရှောက်ပင်ချုံဘက်၊ တစ်လုံးကနောက်ဘက်တောင်ရိုးပေါ်” လို့ ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းထပ်ရှိခဲ့သလို ကချင်ကုန်းကျေးရွာဘုန်းကြီးကျောင်း ကအဆောက်အဦးတချို့ထိမှန်ပျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ကချင်ကုန်းကျေးရွာကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ် ထားပေမဲ့လည်း လက်တလောမှာနှစ်ဖက်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမရှိသလို လေကြောင်းတိုက်ခိုက်ခံရတာဟာ အရပ်သား ပစ်မှတ်ဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
“ကချင်ကုန်းရွာက မန္တလေး–မြစ်ကြီးနားလမ်းမပေါ်မှာရှိတာ။ တော်လှန်ရေးအင်အားစုတွေဘဲထိန်းချုပ်ထားတဲ့နေရာ ဟုတ်တယ်။ လက်တလောမှာ မန္တလေး–မြစ်ကြီးနားလမ်းကလည်းဖွင့်နေတယ်ဆိုတော့ စစ်ရေးကလည်းငြိမ်တယ်။ အဲ့ဘက်လမ်းပေါ်က တိုက်ပွဲသာဖြစ်ရင် ကားတွေအကုန်ပိတ်မှာလေ။ အခုလက်ရှိက ကားတွေနေ့တိုင်းထွက်နေကြတယ်။”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကဆိုရင်လည်း စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့ကိုလည်း စစ်ကော်မရှင်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၉ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။
အလားတူ ဒီကနေ့မှာလည်း မော်လူးမြို့နယ် နန်းခွင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးလေကြောင်းတိုက်ခံရလို့ အရပ်သားတစ်ဥိီးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့ကျင်းပခဲ့တဲ့ တရားမဝင်ရွေးကောက်ပွဲအလွန်မှာလည်း မြန်မာပြည်တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ရှိနေဆဲဖြစ်သလို ဒီနှစ်ရဲ့ပထမဆုံးလ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၂ ဦးသေဆုံးခဲ့ရသလို ၂၄၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်ထားပါတယ်။
By – အမိုး



