မြေရှားလုပ်ကွက်တစ်ခုမှာ သမင်ကိုလှမ်းပစ်ရာကနေ အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး
ချီဖွေမြို့နယ် ပန်ဝါမြေရှားလုပ်ကွက်တစ်ခုမှာ KIA တပ်ဖွဲ့ဝင် ၂ ဦး တောဘက်ကိုသေနတ်နဲ့ သမင်လှမ်းပစ်ရာကနေ ထမင်းချက်တဲ့မိန်းကလေးတစ်ဦး ကျည်ထိမှန်ပြီးအသက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြေရှားလုပ်ကွက်လုပ်သားတွေဆီကနေ သိရပါတယ်။
ပန်ဝါအမှတ် (၃) ဘက် မြေရှားလုပ်ကွက်တစ်ခုမှာ မတ်လ ၅ ရက်နေ့ ညနေပိုင်း မှောင်ရီစပြုချိန်မှာ KIA တပ်ဖွဲ့ဝင် ၂ ဦးမှ သမင်တစ်ကောင်ကို လှမ်းပစ်ရာမှာ လုပ်ကွက်အနိီး အိမ်သာတက်နေတဲ့ အမျိုးသမီးတစ်ဦးဆီကို မတော်တဆထိကျည်မှန်သွားတာလို့ မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးပြောပါတယ်။
“အဲဒီအလုပ်ဆိုဒ်မှာ သမင်တစ်ကောင်တွေ့လို့ဆိုပြီး ရဲဘော် ၂ ဦးခေါ်လာတာ အဲဒီညနေ နည်းနည်းတော့မှောင်ပြီ၊ သိပ်မတွေ့တော့တဲ့အချိန်နေမှာ သမင်တစ်ကောင်ဖြတ်သွားတယ်ဆိုပြီး လှမ်းပစ်လိုက်တာ အဲဒီမိန်းကလေးရဲ့ လည်ပင်းမှာ ကျည်သွားထိမှန်တာ။” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီး မြေရှားလုပ်ကွက်မှာ ထမင်းချက်တဲ့အလုပ်လုပ်ကိုင်နေသူဖြစ်ကာ သူမ အိမ်သာတက်နေစဉ် သေနတ်ကျည်လာထိမှန်လို့ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။
သေနတ်ပစ်ခတ်ပြီး မတော်တဆလူသတ်မှုကျူးလွန်သူ KIA တပ်ဖွဲ့ဝင် ၂ ဦးကို လက်ရှိ KIA တာဝန်ရှိသူတွေက ဖမ်းဆီးပြီး အရေးယူထားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူ မိန်းကလေးအတွက်လည်း လျှော်ကြေးငွေတွေပေးအပ်မှုရှိတယ်လို့သိရပေမဲ့ အမှုဖြေရှင်းတဲ့ဖြစ်စဉ်အသေးစိတ်အတော့ မသိရသေးပါဘူး။
“သေနတ်ပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ခဲ့တာတော့ မှန်ပေမဲ့ သောက်စားမူးယစ်ပြီး ဖြစ်တာတော့မဟုတ်ဘူး။ အဲဒီဆိုက်မှာ လာလည်တဲ့ ရဲဘော်တွေ မတော်တဆဖြစ်သွားတာ။ အခုအဲဒီ KIA တပ်သား ၂ ဦးကို ဖမ်းဆီးပြီး ထောင်မှာ ထည့်ထားတယ်။ အမှုအတွက် အရေးယူပြီး ထိခိုက်သေဆုံးသွားသူအတွက် နစ်နာကြေးဘာညာနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်နဲ့ အရေးယူမှာပါ။” လို့ ပန်ဝါမှာတာဝန်ကျတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ KIA ရဲဘော်တွေနဲ့ မြေရှားလုပ်ကွ့က်က ထမင်းချက်ရေကြည့်အမျိုးသမီးတွေ သောက်စားမူးယစ်ရာမှသေနတ်ပစ်ခတ်လို့
ထမင်းချက်အမျိုးသမီးသေဆုံးသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်နေပြီး ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
“ခါတိုင်းလည်း အဲဘက်က ရဲဘော်တွေကို ပုံမှန်သားကောင်ပစ်စားနေကျ။အဲဒီညကလည်း အဲဒီလုပ်ဆိုဒ်မှာလည်း သမင်တစ်ကောင်တွေ့ထားလို့ သွားခေါ်လာတာဟုတ်တယ်။ အဲဒီညက အောက်ဘက်ပိုင်းမှာ ရဲဘော်သူငယ်ချင်းတချို့ ဘတ်ဒေးလည်းလုပ်နေတာဟုတ်တယ်။ အဲမှာတောင် အဲဒီ သေနတ်သံနဲ့ အဲဒီဖြစ်စဉ်ကြောင့် ပွဲပျက်သွားသေးတယ်။” လို့ မြေရှားလုပ်သားတစ်ဦးက ဆက်ပြောပါတယ်။
ချီဖွေ၊ ပန်ဝါ တရုတ်နယ်စပ်ဘက်မှ ရှားပါးမျိုးစိတ်သားကောင်တွေနဲ့ ဥပဒေနဲ့ကာကွယ်ထိန်းသိမ်းထားတဲ့ သားကောင်တွေကို စည်းကမ်းမဲ့ ပစ်သတ်စားတာတွေ ဆက်လက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။
By – ဂျဘောက်ရာ



