သတင်း

မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်၂ စီးတိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ မနေ့ည(မတ်လ၉ရက်) ၇နာရီဝန်းကျင်အချိန် အေးမြသာယာရပ်ကွက် ဘုရားတစ်ထောင်အကျော်မှာ ဆိုင်ကယ်အချင်းချင်း မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာကနေ ဆိုင်ကယ်မောင်းတဲ့ အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်အချင်းချင်း အရှိန်ပြင်းစွာ တိုက်မိကြတာဖြစ်တဲ့အတွက် အမျိုးသား ၂ ဦးအနက် တစ်ဦးက ဆေးရုံမှာသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

ဆိုင်ကယ်တွေ တော်တော်ပျက်စီးနေပြီ။ ဆုံးသွားတဲ့တစ်ယောက်က ခေါ်လို့မရတော့ဘူး။ သူက တော်တော် ဒဏ်ရာများတယ် ခြေထောက်တွေရောကျိုးတယ်။ နားထဲကနေလည်း သွေးတွေတော်တော်ထွက်နေတာလို့ ဆိုပါတယ်။

ကျန်အမျိုးသားတစ်ဦးကတော့ ခြေထောက်ကျိုးပြီး တစ်ခြားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့်လည်း အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။

မြစ်ကြီးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း ယာဉ်မတော်တဆမှု ၂၃ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်မှုတွေ ရှိခဲ့ပေမယ့်လည်း သေဆုံးသူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ဇန်နဝါရီလမှာတော့ တစ်လအတွင်း ယာဉ်မတော်တဆပေါင်း ၃၁ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အမျိုးသမီး၂ဦးထိ ရှိခဲ့တာ ဖြစ်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှုတွေဟာ များသောအားဖြင့် အရက်သေစာ သောက်စားမှု မောင်းနှင်မှု၊ လမ်းစည်းကမ်းမလိုက်နာမှုတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါအပြင် ညအချိန်မှာ ပိုအဖြစ်များပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ အမျိုးသားတွေ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

By – Hope

Show More

Related Articles

Back to top button