ဗုံးကြဲခံရပြီးနောက် တာမခန်၊ ဟောင်ပါးပြည်သူတွေ ဗုံးခိုကျင်းတူးပြီးနေနေရ
ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် တာမခန်ကျေးရွာထဲက ရှင်ကထောင်ကုန်းဗုံးကြဲခံရပြီးနောက် တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဗုံးခိုကျင်းတူးပြီးနေနေရကြောင်းသိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ တာမခန်ကျေးရွာအကျော်မှာရှိတဲ့ ရှင်ကထောင်ကုန်းကို တိုက်ပွဲမဖြစ်ပဲ ဗုံးကြဲခဲ့တာဖြစ်ပြီး အဲ့ဒီဗုံးကျဲခံရမှုဖြစ်စဥ်အပြီးမှာတော့ တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဟာဗုံးခိုကျင်းတွေတူးပြီးနေနေရတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“လေယာဥ်ပြန်လာမှာစိုးလို့ပြီးခဲ့တဲ့အပတ်ကနေစပြီး ဗုံးခိုကျင်းတွေတူးနေကြတာ တအိမ်မကျန်ပါ့တချို့ဆိုဗုံးခိုကျင်းထဲနေနေရတဲ့သူတွေလည်းရှိတယ် ဒီဘက်က ဖုန်းလိုင်းလည်းမရ၊အင်တာနက်လည်းမရဆိုတော့လေယာဥ်လာရင်လေးမသိရဘူးကိုယ့်ခေါင်မိုးပေါ်ရောက်မှသိရတာအဲ့ကြောင့်တချို့ကတော့သတိနဲ့နေတာကောင်းတယ်ပေါ့ဗုံးခိုကျင်းထဲဝင်နေတဲ့သူတွေလည်းရှိတယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

တာမခန်၊ဟောင်ပါးဘက်မှာ မတ်လ ၇ ရက်နေ့ဖြစ်စဥ်မတိုင်မှီအထိ ဗုံးခိုကျင်းတူးထားတဲ့သူတွေမရှိသလောက်နည်းပေမယ့် လက်ရှိမှာတော့ အိမ်တိုင်းဗုံးခိုကျင်းတူးနေရပြီး ရပ်ကျေးတာဝန်ရှိသူတွေဘက်ကလည်း ဗုံးခိုကျင်းတူးထားကြဖို့သတိပေးထားတာတွေရှိတယ်လို့သိရပါတယ်။
“လေယာဥ်ကတော့ထပ်ပြီးလာမဝဲတော့ဘူး ဒါပေမယ့်ကြောက်တယ်လေး ထပ်လာကျဲမှာအဲ့ကြောင့်ဒီတခါတော့အရင်မတူးတဲ့အိမ်တွေလည်းအားလုံးတူးထားကြတယ် ဗုံးခိုကျင်းတွေ”လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဗုံးကြဲသွားတဲ့နေရာဟာ တာမခန်ဘုရားကုန်းတောင်ခြေက ဒေသအခေါ် ရှင်ကထောင်ကုန်းက ကျောက်စိမ်းလုပ်ကွက်တစ်ခုကိုကျဲသွားတာဖြစ်ပြီး အဲ့ဒီဗုံးကျဲတိုက်ခိုက်မှုကြောင့်သားအမ်ိနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
“သူ့အမေက အသက် ၃၀ ကျော် ဗိုက်ပေါက်ပြီးပွဲချင်းပြီး ကလေးက အသက် ၃နှစ် ပဲရှိသေးတယ် ဒဏ်ရာနဲ့ဆေးရုံတင်တာဆေးရုံမှာပဲဆုံးသွားတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့်သားအမိနှစ်ဦးသေဆုံးခဲ့တဲ့အပြင်သုံးဦးဒဏ်ရာရရှိခဲ့ပြီး ရှင်ကထောင်ကုန်းထဲက နေအိမ်တွေလည်းပျက်စီးသွားတယ်လို့သိရပါတယ်။
ဒါ့အပြင်အဲ့ဒီဗုံးကျဲတဲ့နေ့ဟာ တာမခန်ရွာထဲ အလှူပွဲတစ်ခုလှုပ်နေတာဖြစ်ပြီးဗုံးကြဲခံရမှုကြောင့် အလှူပွဲထဲက အရပ်သားတွေကြောက်လန့်ပြီးထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ကတည်းက မရှီကထောင်နောက်ကြောဘက်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတာတစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။
By – Zaw Zaw



