မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်ချုပ်ရေး၊ ပြည်တွင်းစစ်များ၊ နိုင်ငံရေး စီးပွားရေး ပိတ်ဆို့ကန့်သက်မှုများနှင့် ဖွဲ့စည်းမှုဆိုင်ရာ ပြိုကွဲမှုများစွာကြောင့် အဖက်ဖက်မှအားနည်းလာနေသော နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာတွင် မကြာခဏ သရုပ်ဖော်လေ့ရှိပါတယ်။ သို့သော်လည်း ဤဖော်ပြချက်သည် ပိုမိုအရေးပါသော လက်တွေ့အခြေအနေတခုကို ဖုံးကွယ်နေပါတယ်။ ကန့်သတ်ပိတ်ဆို့မှုများစွာနှင့် နိုင်ငံတကာ၏ အာရုံစိုက်မှုများ တိတ်ဆိတ်နေချိန်မှာ မြန်မာနိုင်ငံဟာ အိမ်နီချင်းတရုတ်နိုင်ငံ၏ အကြီးမားဆုံး ပြင်ပမှ လေးလံမြေရှားသတ္တုရိုင်း (Raw Heavey Rare Earth or REE) တင်ပို့သူ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ ပြည်ပမြေရှားတင်ပို့မှုအားလုံးသည် တရုတ် နိုင်ငံသို့ တိုက်ရိုက်သွားပါတယ်။ တဖက်မှာလည်း အိမ်နီချင်းတရုတ်နိုင်ငံသည် လက်ရှိ ကမ္ဘာ့မဟာဗျူဟာမြောက် မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်၌ မြေရှားသတ္တုသန့်စင်မှု၊ ပြုပြင်ထုတ်လုပ်မှုစွမ်းရည်နှင့် ဖြန့်ဖြူးရေး၏ ၉၀ ရာခိုင် နှုန်းကျော်ကို ထိန်းချုပ်ထားပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့မဟာဗျူဟာမြောက်မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်၌ အလွန်အရေးပါသော အခန်းကဏ္ဌာမှာရှိနေသော်လည်း သတ္တုသန့်စင်နိုင်ရန် နည်းပညာမရှိခြင်း၊ တစ်ဖက်တည်းလွှမ်းမိုးထားသော ဝယ်ယူသူ အပေါ် မှီခိုနေရခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှုများ၊ ပြိုကွဲနေသောအုပ်ချုပ်မှုစနစ်များနှင့် အရင်းအမြစ် စီမံခန့်ခွဲမှုစနစ်များ အားနည်းခြင်းတို့ကြောင့် မဟာဗျူဟာမြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်၌ မြန်မာနိုင်ငံ၏ သြဇာလွှမ်းမိုးနိုင်မှု အခန်းကဏ္ဌာဟာ များစွာအကန့်အသတ်ရှိနေဆဲ ဖြစ်ပါတယ်။ ရလဒ်အနေဖြင့် ထိန်းချုပ်ထားသော မြေရှားသတ္တု အရင်းအမြစ်များမှ မဟာဗျူဟာမြောက် အားသာချက်နှင့်အကျိုးအမြတ် အနည်းငယ်ကိုသာ ဒေသတွင်း၌ ရရှိနေ ပါတယ်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုတန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံခန့် ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် မြေရှားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၂၄ သန်းကျော်ရှိပြီး တန်ချိန် ၂၈၀၀၀ ကျော်ခန့် ရှိခဲ့ပါတယ်။ ဤပြောင်းလဲမှုကြီး၏ ဗဟိုချက်၌ ကချင်ပြည် နယ်ရှိနေပါတယ်။ အဆင့်မြင့်ကာကွယ်ရေးနည်းပညာများ၊ ရိုဘော့တစ်များ၊ လျှပ်စစ်ယာဉ်များ၊ လေအားလျှပ်စစ်တာဘိုင်များကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အသွင် ကူးပြောင်းမှုများသည် ၎င်းတို့၌အဓိကအသုံးပြုနေသော အစိတ်အပိုင်းများဖြစ်ကြသည့် Dysprosium နှင့် Terbium ကဲ့သို့သော လေးလံမြေရှားသတ္တုရိုင်းထုပ်လုပ်မှုအပေါ် များစွာမူတည်နေပါတယ်။ ယနေ့ကမ္ဘာ့စီးပွားရေး အခန်းကဏ္ဌာ၌ စွမ်းအင် အသွင်ကူးပြောင်းမှု၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုအကြောင်းများကို ယုံကြည်မှုရှိရှိပြောဆိုနေသော်လည်း ဤရည်မှန်းချက်များကို လက်တွေ့ထောက်ပံ့ပေးနေသော ကုန်ကြမ်းများအား မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ မြေဆီလွှာများ အထူးသဖြင့် ချီဖွေ နှင့် မိုးမောက်ဒေသများမှ နိုင်ငံရေးနှင့် သဘာ၀ ပတ်ဝန်းကျင် မတည်ငြိမ်သော အခြေအနေများအောက်၌ များစွာ ထုတ်ယူလျက်ရှိပါတယ်။ ဤနေရာ၌ မဟာဗျူဟာမြောက်ထောက်ပံ့ရေးကွင်းဆက်ဆိုသည်မှာ အရင်းအမြစ်တစ်ခု၏ ထုတ်ယူခြင်း၊ သန့်စင်ခြင်း၊ ပြုပြင်ခြင်းမှ နောက်ဆုံး ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးခြင်းအထိ ဖြစ်စဉ်အပြည့်အစုံကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်တွင် ထုပ်ယူလျက်ရှိသော မြေရှားသတ္တုရိုင်း ရွှံ့စေးများသည် ကမ္ဘာ့မဟာ ဗျူဟာမြောက် မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်၌ အလွန်အရေးပါပြီး အထူးသဖြင့် ကမ္ဘာ့မြေရှားသတ္တုရိုင်း ထုတ်ယူမှုအဆင့် ကိုလည်းလွှမ်းမိုးထားပါတယ်။ အိမ်နီချင်းတရုတ်နိုင်ငံသည်လည်း ကမ္ဘာ့မြေရှားသတ္တု သန့်စင်ခြင်း၊ ဓာတုခွဲထုတ်ခြင်း၊ တန်ဖိုးမြင့် ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးရေးတို့ကို လွှမ်းမိုးထားပြီး မြေရှားသတ္တုထုတ်ကုန်အများစုကို တရုတ်နိုင်ငံအတွင်း နှင့် ၎င်း၏ ထုတ်လုပ်မှုစွမ်းရည်အပေါ် မှီခိုနေရသော စက်မှုလုပ်ငန်းများတွင် ထုတ်လုပ်ပါတယ်။ လက်ရှိ ဤမြေရှားသတ္တုရိုင်းများ ထုတ်ယူခြင်းအဆင့်ကို နိုင်ငံတကာမျက်နာစာတွင် အလွယ်တကူ အစားထိုးနိုင်ခြင်း မရှိသေးပါဘူး။ သြစတြေးလျ၊ အာဖရိကနှင့် အမေရိကတိုက်ရှိ သတ္တုတူးဖော်ရေးစီမံကိန်း အသစ်များသည်လည်း ပတ်ဝန်းကျင်ဆိုင်ရာခွင့်ပြုချက်များ၊ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် မြင့်မားခြင်း၊ နည်းပညာဆိုင်ရာ ကန့်သတ်ချက်များစွာ နှင့် ဒေသခံလူမှုအသိုင်းအဝိုင်းများ၏ အဖက်ဖက်မှ ခုခံမှုများကြောင့် စီမံကိန်းများ ဖော်ဆောင်ရန် အခက်အခဲများစွာရှိနေဆဲ ဖြစ်ပါတယ်။ ထို့ကြောင့် ကမ္ဘာ့မဟာဗျူဟာမြောက် မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်၌ နိုင်ငံတကာအနေဖြင့် အိမ်နီချင်းတရုတ်နိုင်ငံအပြင် အစားထိုးရွေးချယ်စရာများ အကန့်အသတ် ရှိနေဆဲဖြစ်ပြီး တိုးပွားလာနေသော ကမ္ဘာ့သန့်စင်မြေရှားသတ္တု ဝယ်လိုအားကို ဖြည့်ဆည်းရန် လုံလောက်မှုမရှိသေးပါဘူး။ ဤအခြေအနေများကြောင့် ကချင်ပြည်နယ်၏ မြေရှားသတ္တုရိုင်းထုတ်လုပ်မှုသည် လက်ရှိ တစ်ဦးတည်း၀ယ်ယူနေသော အိမ်နီချင်းတရုတ်နိုင်ငံအပြင် နိုင်ငံတကာနှင့် ကမ္ဘာ့မဟာဗျူဟာမြောက် မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက် အတွက်လည်း အချိန်ကာလတစ်ခုအတွင်း အလွန် အရေးပါနေဦးမည် ဖြစ်ပါတယ်။ သို့သော် မြေရှားသတ္တုအရင်းအမြစ် များ ထိန်းချုပ်ထားနိုင်ခြင်းနှင့် ဖွဲ့စည်းပုံဆိုင်ရာ အရေးပါမှု တစ်ခုတည်းကြောင့် မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်၌ အတိုင်းအတာတစ်ခုအထိ အလိုအလျောက် သြဇာလွှမ်းမိုးနိုင်ဦးမှာတော့ မဟုတ်ပါ။ ဤအခြေအနေတွင် သြဇာလွှမ်းမိုးနိုင်မှုဆိုသည်မှာ ထိန်းချုပ်ထားသောမြေရှားသတ္တုရိုင်းဈေးနှုန်းများကို ညှိနိုင်းနိုင်စွမ်း၊ ဒေသဆိုင်ရာ အကျိုးအမြတ်များအတွက် မြေရှားသတ္တုကုန်သွယ်ရေး စည်းကမ်းချက်များကို ညှိနှိုင်းနိုင်စွမ်း၊ အချို့သော ဈေးကွက်အခြေအနေများကို ပုံဖော်နိုင်စွမ်း စသည့် ထိန်းချုပ်ထားသောအရင်းအမြစ်များကို နိုင်ငံရေး-စီးပွားရေးအားသာချက်များအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းတို့ကို ရည်ညွှန်းပါတယ်။ သို့သော် ဤမြေရှား ထောက်ပံ့ရေးကွင်းဆက်၌ မြန်မာ၏ သြဇာလွှမ်းမိုးနိုင်မှုအခွင့်အရေးကို အားနည်းစေသည့် အဓိကအချက်မှာ ပြည်တွင်းရေးမတည်ငြိမ်မှုနှင့် ပြိုကွဲနေသော အုပ်ချုပ်မှုစနစ်များကြောင့် ဖြစ်ပါတယ်။ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်များအပေါ် ထိန်းချုပ်မှုများသည် မကြာသေးမီနှစ်များအတွင်း အပြောင်း အလဲရှိခဲ့ပါတယ်။ ယခင်က မြန်မာစစ်တပ်နှင့် မဟာမိတ်ဖွဲ့ထားသော New Democratic Army–Kachin (NDAK) မှ ကြီးကြပ်ခဲ့သော ကချင်ပြည်နယ်ရှိ အဓိကသတ္တုတူးဖော်ရေးဇုန်ကြီးများကို မကြာသေးမီကနှစ်များအတွင်း ကချင် လွတ်လပ်ရေးတပ်မတော် (KIO) က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ထို့ကြောင့် မြေရှားသတ္တုစီမံခန့်ခွဲမှုသည် တရုတ်-မြန်မာနယ်စပ်ဒေသ၏ နိုင်ငံရေး-စီးပွားရေးအရ ညှိနှိုင်းနိုင်ရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဌာ ဖြစ်လာပါတယ်။ သို့သော် မြေရှားသတ္တုတူးဖော်ရေးနှင့် တင်ပို့မှုလုပ်ငန်းများသည် အများအားဖြင့် အိမ်နီချင်း တရုတ်နိုင်ငံ၏ နားလည်မှုဆိုင်ရာ သဘောတူညီချက် စည်းမျဉ်းစည်းကမ်း စနစ်များအတွင်း၌သာ ဆက်လက်လည် ပတ်နေဆဲဖြစ်ပါတယ်။ ယခုအခါ KIO သည် ဤမြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်များကို ဆက်လက် စီမံခန့်ခွဲပြီး တရုတ်နယ်စပ်သို့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်များကို လုံခြုံအောင် ဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိ မြေရှားသတ္တုတင်ပို့မှုမှ အကျိုးအမြတ်နှင့် ဝင်ငွေ၏အစိတ်အပိုင်းအနည်းငယ်ကိုသာ ဒေသတွင်း၌ရရှိနေပြီး ပို့ကုန်အခွန်များသည်လည်း တစ်တန်လျှင် ယွမ် ၃၅၀၀၀ (အမေရိကန်ဒေါ်လာ ၄၈၀၀ ခန့်) ရှိသည်ဟု သတင်း ဖော်ပြချက်များ အရသိရှိရပါတယ်။ သတ္တုတူးဖော်ရေးနှင့် တင်ပို့မှုဆိုင်ရာပြဋ္ဌာန်းချက်များသည်လည်း နိုင်ငံရေးအရသာ ဆက်လက် တည်ရှိနေပြီး ရေရှည်ထက် လက်ငင်းဝင်ငွေရရှိနိုင်သော အစီအစဉ်များဖြင့်သာ ဆက်လက်ထုတ်ယူလျက် ရှိပါတယ်။ သို့သော် သဘာ၀ဘေးပတ်ဝန်းကျင်နှင့် လူမှုကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများစွာကို ကချင်ပြည်နယ်ရှိ ဒေသခံအသိုင်းအဝိုင်းများက အဓိကခံစားနေရပါတယ်။ ဤမြေရှားသတ္တုတူးဖော်ရေးတွင် အသုံးပြုနေသော မြေဆီလွှာအက်စစ်စိမ့်ထွက်ခြင်း နည်းလမ်းများသည် သဘာ၀ပတ်ဝန်းကျင် မြေဆီလွှာယိုယွင်းမှုများ နှင့် ပြန်လည်မွန်းမံ၍ မရနိုင်တော့မည့်ဂေဟစနစ်ဆိုင်ရာ အန္တရာယ်များစွာ ရှိပါတယ်။ ဒေသခံလူမှုအသိုင်း အဝိုင်းများ သည်လည်း ဤသတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသော သဘာ၀ဘေးပတ်ဝန်းကျင် ပျက်စီးမှု များအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပေမဲ့ ၎င်းတို့၏လက်ရှိ နိုင်ငံရေး-စီးပွားရေး လိုအပ်ချက်များကြောင့် တူးဖော်ရေးလုပ်ငန်းများအပေါ် တစုံတရာ နားလည်မှုပေးထားသည့်သဘော ရှိပါတယ်။ ယခုလက်ရှိ နိုင်ငံရေး-စီးပွားရေးအရ မတည်ငြိမ်သောကာလအတွင်း အသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်စရာအကန့်အသတ်များစွာ ရှိနေသော အခြေအနေများကြောင့် ဒေသခံလူမှုအသိုင်းအဝိုင်းများအနေဖြင့် ဤသတ္တုတူးဖော် ရေးလုပ်ငန်း များမှ အနည်းဆုံး နိုင်ငံရေး-စီးပွားရေး အကျိုးအမြတ်များ တစုံတရာ ရနိုင်မည်ဟု မျှော်လင့်ချက်ရှိသည့် အခြေအနေလည်း ဖြစ်ပါတယ်။ သို့သော် ဒေသခံများသည် ၎င်းတို့၏ အိမ်ခြံမြေယာများ၊ သဘာ၀ဘေးပတ် ဝန်းကျင်နှင့် လူမှုကျန်းမာရေး ဆိုင်ရာ အကျိုးဆက်များစွာကို ခါးစည်းခံ၍ ရင်းနှီးထားကြသော်လည်း အကျိုးအမြတ် လျော်ကြေးငွေ အနည်းငယ် ကိုသာ ခံစားခွင့် ရှိကြပါတယ်။ ဤ ကချင်ပြည်နယ် မြေရှားသတ္တုတူးဖော်ရေးဒေသများရှိ လုပ်ငန်းဇုန်များမှ အလုပ်သမားများသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၈၀၀ ခန့်သာ ရရှိကြောင်း သတင်းဖော်ပြချက်များ အရသိရှိရပြီး ၎င်းတို့၏ မြေရှား အက်စစ်ကန် လုပ်ငန်းခွင်ကဲ့သို့သော ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိသည့် အလုပ်များ အတွက် ရရှိနေသောကြေးငွေမှာ နည်းပါးနေဆဲ ဖြစ်ပါတယ်။ ယခုလက်ရှိ ဤ မြေရှားသတ္တုတူးဖော်ရေးဒေသများ၌ သဘာ၀ရေညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ မြေဆီလွှာယိုယွင်းမှု၊ မြေပြိုသေဆုံးမှုများအပါအဝင် ပြင်းထန်သော ကျန်းမာရေးဆိုင်ရာ အန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး ဤအခြေအနေများကို နိုင်ငံတကာ အစီရင်ခံစာ များစွာ၌လည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတာတွေ့ရပါ တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ချမှတ်ခဲ့သော နိုင်ငံတကာ ပိတ်ဆို့မှုများသည်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး-စီးပွားရေး အခြေအနေများကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။ အဓိက အနောက်အင်အားကြီးနိုင်ငံများသည် မြန်မာစစ်ခေါင်းဆောင်များနှင့် ၎င်းတို့နှင့်ဆက်စပ်နေသော လုပ်ငန်းစုများအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း မြေရှားသတ္တုတူးဖော်ရေး ကွန်ရက်များဟာ ကချင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆက်လက် လည်ပတ်နေခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလည်း KIO ကပြန်လည်ထိန်းချူပ်လိုက်သော ကချင်နယ်စပ် ကုန်သွယ် ရေး ကွန်ရက်များမှတစ်ဆင့် ဆက်လက် လည်ပတ်နေပြီး ဤသို့ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်များ ဆက်လက် ချဲ့ထွင် လည်ပတ်စီးဆင်း နေနိုင်မှုသည် တရုတ်မြေရှားစက်မှုလုပ်ငန်းများ၏ ကြီးမားလာနေသော ဝယ်လို အားနှင့် များစွာ ချိတ်ဆက်နေပါတယ်။ ထို့ကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု များသည် လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး အကြပ် အတည်းများကိုသာ ပိုမိုရှုပ်ထွေးစေခဲ့ပြီး၊ ဤကဲ့သို့သော နိုင်ငံတကာ၏ ပူးပေါင်းပါဝင်ဆောင်ရွက် မှုများ လျော့နည်းသွားခြင်းကြောင့် မိတ်ဖက်နိုင်ငံများ၏ မြန်မာ့အရေးအပေါ် စိတ်၀င်စားမှုများ လျှော့နည်းသွားခဲ့သည့် အပြင် လက်ရှိ မြန်မာ့မြေရှားသတ္တုစျေးကွက်ဟာလည်း အိမ်နီချင်းတရုတ်နိုင်ငံ ကိုသာ ပိုမို မှီခိုနေရပါတယ်။ ဒေသတွင်းမြန်မာ့မြေရှားသတ္တုထောက်ပံ့ရေး ကွင်းဆက်၌ သြဇာလွှမ်းမိုးနိုင်မှုကို ပိုမိုအားကောင်း လာစေရန် လက်ရှိ ဒေသတွင်းအခြေအနေများအပေါ် လက်တွေ့ကျသော ချည်းကပ်မှုနှင့် တုံ့ပြန်မှုများကို အခြေခံထား ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ဥပမာ လက်ရှိမြေရှားသတ္တုနှင့် ပတ်သက်သော အုပ်ချုပ်ရေး ဖွဲ့စည်းပုံစနစ်များ အောက်၌ ချမှတ်ထားသော အခွန်ကောက်ခံမှု၊ အရင်းအမြစ် ဝင်ငွေခွဲဝေမှုစနစ်များနှင့် ပက်သက်၍ အတိုင်းအတာတခုထိ ပွင့်လင်း မြင်သာမှုရှိခြင်းဟာ ဒေသခံအများပြည်သူနှင့် ယုံကြည်မှုတည်ဆောက်ရာ၌ မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ချိန် တည်းမှာပင်၊ အသေးစားပြည်တွင်း မြေရှားပြုပြင်သန့်စင် ထုတ်လုပ်ရေး နည်းပညာစွမ်းရည်များကို လက်ရှိ မြေရှားတူးဖော်ရေးစက်မှုလုပ်ငန်းများနှင့် ပူးပေါင်းတည်ဆောက်နိုင်ခြင်းအားဖြင့် မြေရှားသတ္တုရှိုင်းတန်ဖိုးကို တဖြည်းဖြည်း မြင့်တင်လာနိုင်ပါတယ်။ ထို့အပြင် လက်ရှိ မြေရှားသတ္တုကုန်သွယ်မှုအတွင်း စီးပွားရေးမိတ်ဖက်သစ်များ နှင့် ဂရုတစိုက် ချိတ်ဆက်ဆောင်ရွက် လာနိုင်ရန်လည်း အရေးကြီးသော ကဏ္ဌာဖြစ်ပြီး တစ်ခုတည်းသောဝယ်ယူသူ အပေါ် တဖက်သက် မှီခိုနေရမှုကို လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။ မကြာသေးမီက အိမ်နီးချင်း အိန္ဒိယဟာ မြန်မာ့မြေရှား သတ္တုအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပြီး မဟာဗျူဟာအရ အလားအလာရှိသော အခွင့်အလမ်းတစ်ခု ဖြစ်လာ နိုင်ပါတယ်။ ဤကဲ့သို့သော ရေရှည်ဖွဲ့စည်းပုံဆိုင်ရာ အစီအမံများအပြင်၊ လက်ရှိအုပ်ချုပ်မှု အခြေအနေများ အောက်၌ သြဇာလွှမ်းမိုးနိုင်မှုကို အချိန်တိုအတွင်း အားကောင်းလာစေနိုင်သည့် ခြေလှမ်းများစွာလည်း ရှိပါတယ်။ ပထမဦးစွာ၊ ဒေသန္တရအာဏာပိုင်များအနေဖြင့် သတ္တုတွင်းအကျိုးအမြတ်ဝင်ငွေ၏ သတ်မှတ်ထားသော အစိတ်အပိုင်းတစ်ခုကို သတ္တုတွင်းဒေသများရှိ ရပ်ရွာဒေသခံ လူမှုအသိုင်းအဝိုင်းများထံ တိုက်ရိုက်ပြန်လည်ခွဲဝေပေးနိုင်မည့် စနစ်တကျ ဖွဲ့စည်းထားသော ယန္တရားများကို တည်ဆောက်ထားနိုင်ပါတယ်။ ဤရန်ပုံငွေများကို ထိခိုက်နှစ်နာခဲ့ရသော ရပ်ရွာများရှိ အများပြည်သူ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုများနှင့် ပတ်ဝန်းကျင် ပြန်လည်ထူထောင် ရေးများအတွက် ပံ့ပိုးပေးနိုင်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ကုန်သွယ်မှုကွန်ရက်များမှ လက်တွေ့ကျသော ဒေသဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေ နိုင်မှာဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ သတ္တုတွင်းလုပ်ငန်းအတွင်း ဒေသခံလုပ်သားကာကွယ်မှုနှင့် လုပ်ခလစာ စံနှုန်းများကို အားကောင်းလာအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့်လည်း ဒေသတွင်း စီးပွားရေးအကျိုးအမြတ်များကို တိုးမြှင့် ပေးနိင်မှာ ဖြစ်ပါတယ်။ သတ္တုတွင်းအလုပ်သမားများဟာ လက်ရှိမှာ အကာအကွယ်အကန့်အသတ်နဲ့ အလွန်အန္တရာယ် ရှိသော အလုပ်ခွင်အခြေအနေများနဲ့ ရင်ဆိုင်နေရပါတယ်။ ဤသတ္တုတွင်းအလုပ်သမားများ အတွက် လုပ်ခလစာ စံနှုန်းများ၊ ဘေးကင်းရေး အကာအကွယ်စည်းမျဉ်းများနှင့် အလုပ်သမားကိုယ်စားပြုယန္တရားကဲ့သို့သော မူဝါဒတွေဟာ သတ္တုတွင်းမှ အကျိုးအမြတ် တစုံတရာကို ဒေသခံလူမှုအသိုင်းအဝိုင်းအတွင်းမှာ ပြန်လည်ခံစားရရှိ စေနိုင်မှာ ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ဒေသန္တရ အာဏာပိုင်တွေဟာ ထိန်းချုပ်ကွပ်ကဲမှု မရှိတဲ့ မြေရှားသတ္တုတူးဖော်ရေး နေရာ တိုးချဲ့မှုများကို တူးဖော်ရေးလုပ်ပိုင်ခွင့်များနှင့် လိုင်စင်ခွင့်ပြုချက်များ ကန့်သတ်လိုက်ခြင်းအားဖြင့် သတ္တုတွင်း တာဝန်ခံမှု လုပ်ငန်းစဉ်တွေကို ပိုမို တိုးတက်ကောင်းမွန်အောင် ကြီးကြပ်လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုရှင်းလင်းတဲ့ ခွင့်ပြုချက်စနစ်တွေနဲ့ လုပ်ငန်းလည်ပတ်မှု ခွဲတမ်းစနစ်တွေကို တည်ဆောက်ထားခြင်းအားဖြင့်လည်း အရင်းအမြစ် အလွန်အကျွံ ကုန်ဆုံးမှုများ ကာကွယ်ရာမှာ အထောက်အကူပြုမှာဖြစ်ပြီး ဒေသန္တရ အာဏာပိုင်တွေအနေ နဲ့လည်း ဤမြေရှားသတ္တု တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း အဆင့်တွေကို ပိုမိုအားကောင်းစွာ ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒေသဆိုင်ရာ နိုင်ငံရေး-စီးပွားရေး အကျိူးအမြတ်များအတွက် လက်ရှိငွေပေးချေမှု စနစ်များနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက် အကောင်အထည်ဖော်နေသလဲဆို တာက အလွန်အရေးကြီးပါတယ်။ တရုတ်ကုမ္ပဏီများဟာ လက်ရှိမှာ မြေရှားတူးဖော်ထုတ်ယူမှု လုပ်ငန်းအများစုကို လုပ်ဆောင်နေပြီး ပို့ကုန်အခွန်၊ လုပ်ခနဲ့ မြေအသုံးချမှု သဘောတူညီချက်များမှ တစ်ဆင့် ငွေပေးချေမှု အချို့ကို ပေးဆောင်နေပေမယ့် ဤ ညှိနှိုင်းမှုတွေက ဒေသတွင်း အခြေအနေပေါ်မူတည်၍ မကြာခဏ ပြောင်းလဲလေ့ရှိပါတယ်။ ဒေသခံလူမှု အသိုင်းအဝိုင်းများ၊ ဒေသန္တရအာဏာပိုင်တွေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ခြင်းဖြင့် ပိုမိုတမာသမတ်ကျတဲ့ စည်းကမ်းချက်တွေကို ညှိနှိုင်းချမှတ်နိုင်မှာဖြစ်ပြီး ထုတ်ယူမှုလုပ်ငန်း စဉ်၏ စီးပွားရေးအကျိုးအမြတ်များအပေါ် ပိုမိုမျှတမှု ရှိစေနိုင်မှာ ဖြစ်ပါတယ်။ မဟာဗျူဟာမြောက်ထောက်ပံ့ရေးကွင်းဆက်၌ ဖွဲ့စည်းပုံအရ မြန်မာဟာ အလွန်အရေးကြီးသော ကဏ္ဌာမှာ ရှိ သော်လည်း ဤအားသာချက်ကို နိုင်ငံရေး-စီးပွားရေးအားသာချက်အဖြစ် ပြောင်းလဲဖို့ အခွင့်အလမ်း မရှိခြင်းမှာ ထောက်ပံ့ရေးကွင်းဆက်၌ မြန်မာ၏ သြဇာလွှမ်းမိုးနိုင်မှုအခွင့်အရေး တိတ်တဆိတ် ဆုံးရှုံးနေမှု၏ အဓိကအချက် ဖြစ်ပါတယ်။ ဒေသတွင်း အာဏာပိုင်အနေဖြင့် လက်ရှိမြေရှားတူးဖော်ရေးဇုံများကို ထိန်းချုပ်ထားနိုင်ပေမယ့် တရုတ်နိုင်ငံဟာ မြေရှားသတ္တု တူးဖော်ထုတ်ယူမှု၊ သန့်စင်မှု၊ ပြုပြင်ထုတ်လုပ်မှု စွမ်းရည်နှင့် ဖြန့်ဖြူးရေး လုပ်ငန်းများကို ဆက်လက် လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ ဤ သြဇာလွှမ်းမိုးနိုင်မှုအခွင့်အရေး ဆုံးရှုံးနေခြင်းဟာ ပြည်နယ်အဆင့် ပြဿနာ တစ်ခုတည်းတော့ မဟုတ်ဘဲ လူထုပါဝင်မှုနဲ့ ဒေသခံရပ်ရွာ အဖွဲ့အစည်း များနှင့်လည်း တိုက်ရိုက် ချိတ်ဆက် နေပါတယ်။ ဒေသခံ တွေအနေနဲ့ သဘာ၀ပတ်ဝန်းကျင်များအား ဂရုပြုစောင့်ကြည့်ခြင်း၊ ဂေဟစနစ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများကို မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်ထူထောင်ရေး ယန္တရားများအတွက် စုပေါင်းထောက်ခံ ကြိုးပမ်း အားထုတ်ခြင်းဖြင့်လည်း သြဇာလွှမ်းမိုးနိုင်မှု အခွင့်အရေးကို အားကောင်းလာစေနိုင်ပါတယ်။ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ၊ ပြည်ပရောက်လူမှုကွန်ရက်များ အနေဖြင့် ဒေသခံများအား အသိပညာပေးမှုများကို ပိုမို လုပ်ဆောင်နိုင်ဖို့နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကို အသိပေးပြောဆိုနိုင်ရန်လည်း လိုအပ်ပါတယ်။ တရုတ်သတ္တု တူးဖော်ရေးလုပ်ငန်းရှင်များကိုလည်း ချမှတ်ထားသော ဒေသဆိုင်ရာအုပ်ချုပ်မှုနှင့် သဘာပတ်ဝန်း ကျင်ဆိုင်ရာ စံနှုန်းများကို လက်ခံကျင့်သုံးလာရန် အားပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အသွင်ကူးပြောင်းမှု၏ အခြေခံအုတ်မြစ်၌ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သို့သော် ဤအရေးပါမှုမှ ထိုက်တန်သော အကျိုးအမြတ်များ မရသည့်အပြင် မြန်မာ့ မြေရှားထွက်ရှိရာ ကချင်ပြည်နယ်ဒေသများ၌ သဘာ၀ပတ်ဝန်းကျင်နှင့် လူမှုရေး ဝန်ထုပ်ဝန်ပိုးများကို မမျှမတ ခံစားနေရပြီး ထောက်ပံ့ရေး ကွင်းဆက်အတွင်း အကျိုးအမြတ်အနည်းငယ်ဖြင့် အန္တရာယ်များသော အနေအထား၌ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ မဟာဗျူဟာမြောက် မြေရှားထောက်ပံ့ရေးကွင်းဆက်၌ မြန်မာနိုင်ငံ၏ အလွန်အရေးပါသော အနေအထားကို အသိအမှတ်ပြုနေခြင်းသည် လက်ရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းစဉ်များဆက်လက်တိုးချဲ့ လုပ်ဆောင်ရန် နှင့် ချမှတ်ထားသော နိုင်ငံရေးအစီအစဉ်များအပေါ် သဘောတူထောက်ခံနေခြင်း မဟုတ်ဘဲ လက်ရှိဖြစ်တည်နေသော မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အနေအထားကို ပိုမိုအသုံးချလာနိုင်ရန်အတွက် ထိရောက်သော အုပ်ချုပ်မှုစနစ်များနှင့် မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုများ လိုအပ်ကြောင်းကို မီးမောင်း ထိုးပြနေခြင်းသာ ဖြစ်ပါတယ်။ ဒေသခံ ရပ်ရွာလူမှုအသိုင်းအဝိုင်းများအနေဖြင့် မှန်ကန်သော သတင်းအချက်အလက် များ ရရှိပြီး ညှိနှိုင်းဆောင်ရွက်ကာ ဘုံသဘောတူညီမှုတောင်းဆိုချက်များကို ဖော်ပြနိုင်ခြင်းအားဖြင့် သြဇာလွှမ်းမိုးမှုကို ပိုမိုအားကောင်းလာစေနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် မဟာဗျူဟာမြောက် မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်၌ သြဇာလွှမ်းမိုးနိုင်မှု အခွင့်အရေး တိတ်တဆိတ် ဆုံးရှုံးခြင်းနေရခြင်းဟာ ဒေသန္တရအုပ်ချုပ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုနှင့် အထူးသဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါ၀င်မှု အခန်းကဏ္ဍာများဟာ အလွန်အရေးကြီးပါတယ်။ ကမ္ဘာ့ပထဝီ နိုင်ငံရေး ယှဉ်ပြိုင်မှုများနှင့် စွမ်းအင်အသွင်ကူးပြောင်းမှု ခေတ်ကာလအတွင်း အရင်းအမြစ်ကို ထိန်းချုပ်ထားနိုင်ခြင်း တခုတည်း ဖြင့် သြဇာလွှမ်းမိုးမှု ရရှိလာနိုင်မှာတော့ မဟုတ်ပါဘူး။ ထိန်းချုပ်ထားသော အရင်းအမြစ်များကို နိုင်ငံရေး-စီးပွားရေးအရ မဟာဗျူဟာမြောက်အောင် စနစ်တကျ စီစဉ်ထိန်းညှိပြီး စီမံခန့်ခွဲနိုင်ရမှာသာ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံဟာ ကမ္ဘာ့မဟာဗျူဟာမြောက် မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်၌ အလွန်အရေးပါသော အခန်းဏ္ဌာမှာ တည်ရှိနေသော်လည်း ထောက်ပံ့ရေးကွင်းဆက်၌ သြဇာလွှမ်းမိုးမှုအခွင့်အရေး တဖြည်းဖြည်း တိတ်တဆိတ် ဆုံးရှုံးနေရပါတယ်။