ထီးချိုင့်–ကသာလမ်းပိုင်းမှာ တိုက်ပွဲပြန်ပြင်းထန်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ကချင်ပြည်နယ်အစပ် ထီးချိုင့်ကသာလမ်းပိုင်း ကျောက်မှော်ရွာအနီးမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ နဲ့ ၁၆ ရက်နေ့တွေမှာဆိုရင် ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာတစ်ဝှိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အခြေနေတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကသာထီးချိုင့်ဗျူဟာလမ်းပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုတွေ တစ်နေ့လုံးနီးပါး ရှိခဲ့တယ်လို့ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ထီးချိုင့် ကျောက်မှော် ကသာထီးချိုင့်ဗျူဟာလမ်းပေါ်မှာ တိုက်ပွဲဖြစ်နေတာ။ လက်နက်ကြီးတွေလည်း တစ်နေကုန် ထုတယ်။ မနေ့ကလည်း ထုနေတာတွေကြားတယ်။ ခုနကလည်း လေယာဥ်ပျံဗုံးကြဲတယ်။ ၃ နာရီလောက်က။ ရွာထဲကို ကျတယ် လို့တော့ပြောတယ်။ ကျနော်တို့လည်း ကြားထဲမှာရွာခံထားတော့သွားမကြည့်ရဲဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဟာ ထီးချိုင့်ကသာလမ်းပိုင်းမှာ နယ်မြေထိန်းချုပ်မှု ပြောင်းလဲလာတာနဲ့ ဆက်စပ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 စစ်တပ်က အဲဒီလမ်းပိုင်းက ကျေးရွာတွေကို ထိန်းချုပ်ပြီးနောက် စစ်ကြောင်းပြန်ဆုတ်ခွာသွားချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက နေရာဝင်ယူခဲ့တာကြောင့် စစ်တပ်က နယ်မြေပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းပြန်ထိုးလာတာလို့ သူက ဆိုပါတယ်။

ဘာလို့ဖြစ်တာလည်းဆိုတော့ ဒီလမ်းကနေ စစ်တပ်ကဆုတ်သွားတဲ့နောက် တော်လှန်ရေးတပ်တွေကပြန်နေလို့ စစ်ကြောင်း ပြန်ထိုးတဲ့သဘောဟုတ်တယ်။ ထီးချိုင့်အဖွဲ့တွေက ကသာဘက်ကိုလာတဲ့သဘောရှိတယ်။ ထီးချိုင့်ကသာလမ်းပိုင်းကရွာတွေ ကိုက တပ်ကထိန်းချုပ်သွားတာ။ အဲ့ဒီနောက် သူတို့ပြန်ထွက်သွားတော့ တော်လှန်ရေးတပ်တွေကနေရာဝင်ယူတာပေါ့။ အဲ့နေရာကို စစ်ကြောင်းကပြန်ထိုးခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဦးကက ပြောပါတယ်။

တစ်ဖက်မှာ ကျောက်မှော်ကျေးရွာအနီး တိုက်ပွဲတွေအတွင်း ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုရှိခဲ့တယ်လို့ ကြားသိရတယ်လို့သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲ အပြီးမှာ စစ်တပ်ဘက်က နယ်မြေပြန်လည်ထိန်းချုပ်ထားတယ်လို့ ကြားရကြောင်း ထီးချိုင့်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မနေ့ကတော့ ကျောက်မှော် ဘုန်းကြီးကျောင်းထဲ လေယာဉ်ချသွားတယ်ကြားထဲမှာတော့ ကိုယ်ဘက်ကရထားတော့ ပြန်တိုက်ပွဲ ဖြစ်တာ အခုတော့ စကစဘက်က ပြန်ရထားတယ် ကြားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ထီးချိုင့်နဲ့ ကသာကြားက လမ်းပိုင်းတွေဟာ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပြီး မန္တလေးမြစ်ကြီးနားလမ်းပိုင်းရဲ့ စစ်ရေးအခြေအနေနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။

ဒီနှစ်အစောပိုင်းကတည်းက စစ်တပ်ဟာ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ထီးချိုင့်၊ အင်းတော်၊ နဘားနဲ့ ကသာဘက်တွေကို စစ်ကြောင်းထိုးပြီး နယ်မြေပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီကာလအတွင်း အင်းတော်နဲ့ မော်လူးဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ထီးချိုင့်ကသာလမ်းပိုင်းနဲ့ နဘားကသာလမ်းပိုင်း တွေမှာလည်း တိုက်ပွဲတွေဆက်တိုက်ရှိလာခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။

အဲဒီစစ်ရေးလှုပ်ရှားမှုတွေဟာ မန္တလေးမြစ်ကြီးနားလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ်ဘက်က ကြိုးပမ်းနေတဲ့ စစ်ဆင်ရေး တွေနဲ့လည်း ဆက်စပ်နေပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button