အင်းတော်ကြီးနဲ့ ဆယ်ဇင်း နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ဘက်ဖက်ခြမ်းနဲ့ ဆယ်ဇင်းကျေးရွာအနီးတဝိုက်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရှမ်းနီ SNA တပ်ဖွဲ့တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိတဲ့ ဟဲပန်းလမ်းခွဲနေရာဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ရှမ်းနီအဖွဲ့တွေ ထိုးတာကတော့ ၁၅ ရက်ကတည်းလောက်ကနေ ဖြည်းဖြည်းချင်းထိုးနေတာဟုတ်တယ်။ လုံးတုံအနောက်က KIA စခန်းတစ်ခုကို ၁၆ ရက်နေ့က ဆုတ်လိုက်ရတာရှိတယ်။ ဒါပေမယ့် မနေ့က မနက်ပိုင်း မိုးမလင်းခင် KIA ပူးပေါင်းတပ်တွေက ပြန်ပြီးထိုးတိုက်တာ စခန်းပြန်သိမ်းရတယ်။ နောက်ပြီး ရှမ်းနီ တပ်တွေရဲ့ စခန်းတစ်ခုပါ ပြန်ရခဲ့တယ်။ ပြီးရင် ရှမ်းနီဘက်က ဒဏ်ရာရတဲ့သူ ၁၀ ယောက်ကျော်လောက်ရှိတယ်လို့ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဘက်ကနေ ဇူလိုင်လ ၁၆ ရက်နေ့ည လက်လွတ်လိုက်ရတဲ့ တပ်စခန်းတစ်ခုနဲ့ နောက်ထပ် ရှမ်းနီ SNA တပ်စခန်းတစ်ခုပါ ၁၇ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။

စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်တွေက ပြီးခဲ့တဲ့ လကတည်းကနေ အင်းတော်ကြီး ရှေ့ဘက်ခြမ်းရှိ ဟိုဖာကုန်း၊ ပတ္တမြားတောင် အစရှိတဲ့ KIA အထိုင်ချထားတဲ့ တပ်နေရာတစ်ချို့ကို လေကြောင်းအပြင် မြေပြင်စစ်ကြောင်းကနေ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် အနောက်ဘက်ခြမ်းက KIA ထိန်းချုပ်ထားတဲ့ ဟဲပန်လမ်းခွဲနေရာအထိ နေရာဘက်ကို ဝင်ရောက်လာကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အင်းတော်ကြီးဒေသထဲမှာ ရှမ်းနီ SNA ပြည်သူ့စစ်တွေ အဓိက တိုက်ပွဲဖော်ဆောင်လာရတဲ့အခြေအနေမှာ ဒေသအတွင်း ကျန်ရှိနေသေးတဲ့ နေရာတွေမှာ ရွှေတူးဖော်ဖို့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းလာတာကြောင့်ဖြစ်တယ်လို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

ရှမ်းနီ SNA တပ်တွေက လုပ်ငန်းရှင်တွေကို အစည်းအဝေးခေါ်ပြီးတော့ နိုင်ငံတော်ဝင်ငွေရအောင်ဆိုပြီး မမုံကိုင်နဲ့ လုံးတုံကျေးရွာတွေကို ရွှေပြတူးဖို့လုပ်နေတာဖြစ်တယ်။ အရင်တုန်းက ရွှေတူးဖော်လို့ KIA က ဒရုန်းပစ်ခတ်ပေးတာတွေရှိတယ်။ အဲ့ဒါကြောင့် သူတို့က ဟဲပန်လမ်းခွဲအထိ အပြည့်အဝထိန်းချုပ်လိုက်ဖို့ ကြိုးပမ်းနေတာ။ ဒါမှသာ သူတို့ လုပ်ချင်သလို လုပ်လို့ရမှာပေါ့လို့ပြောပါတယ်။

တစ်ဖက်မှာ လုပ်ငန်းရှင်တွေကလည်း လုံခြုံရေးအပြည့်အဝယူပေးနိုင်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေက မိုင်းနောင်၊ လုံးတုံ နဲ့ မမုံကိုင်ဒေသထဲက ရွှေတူးဖော်ဖို့ ကျန်ရှိနေတဲ့ နေရာတွေမှာ နိုင်ငံတော်ဝင်ငွေရရှိရေးအတွက်ဆိုပြီး လုပ်ငန်းရှင်တွေကိုပြောဆိုထားသလို လုံခြုံရေးအတွက်ဆိုပြီး KIA တပ်ရှိတဲ့နေရာတွေကို တိုက်ပွဲဖော်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။

အင်းတော်ကြီးဒေသထဲက မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင် စတဲ့ကျေးရွာဒေသတွေမှာ ယခင်စစ်တပ်အာဏာမသိမ်းခင်ကတည်းက ဒေသအတွင်း ရွှေတူးဖော်မှုရှိခဲ့ပါတယ်။

သို့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် အဲ့ဒီကျေးရွာဒေသပတ်ပတ်လည်မှာ စက်ယန္တရားကြီးတွေနဲ့ ကြီးမားတဲ့ ရွှေတူးဖော်မှုတွေရှိခဲ့တာကြောင့် ၂၀၂၃ ခုနှစ်မှာ နှစ်ဖက်စစ်တပ်က ရွှေတူးဖော်မှုကို ပိတ်ပင်ထားပါတယ်။

လက်ရှိမှာ အဲ့ဒီ ရွှေတူးဖော်တဲ့ စီမံကိန်းတွေကို ပြန်လည်အကောင်းအထည်ဖော်ဖို့ရန်အတွက် KIA ပူးပေါင်းတပ်ရှိနေတဲ့ နေရာတွေကို ရှင်းလင်းဆောင်ရွက်လာတာကြောင့် နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်းလာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းနီ SNA တပ်တွေဟာ အင်းတော်ကြီးဒေသထဲမှာ စစ်ရေးအသာစီးရနိုင်ဖို့ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖားကန့် ဆယ်ဇင်းဒေသက KIA တပ်စခန်းနေရာတစ်ချို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ နောက်ထပ် ဆယ်ဇင်းဒေသမှာ ရောက်ရှိနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲပိုပြီး ပြင်းထန်လာတာက ၃ ရက်လောက်ရှိလာပြီ။ ရှေ့ သုံးရက်မှာက ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေတာ။ ဒီဘက်မှာ တိုက်ပွဲဖြစ်နေတာက ၁၀ ရက်ကျော်လောက်တော့ရှိလာပါပြီလို့ပြောပါတယ်။

စစ်တပ် လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေက ဆယ်ဇင်ဒေသထဲက တောင်ဦး၊ ငှက်ပျောတော၊ တောင်ယာမှော်၊ စုံတွဲ၊ ချောင်းဖျားစတဲ့ ကျေးရွာတွေကနေ တဆင့်ပြီးတဆင့် KIA ရှိတဲ့ နေရာဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ဆယ်ဇင်းဒေသထဲ ရွှေတူးဖော်တဲ့ လုပ်ငန်းရှင်တစ်ချို့နဲ့ တိုက်ပွဲနဲ့ နီးစပ်တဲ့ ကျေးရွာအသီးသီးက ပြည်သူတစ်ချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button