မြစ်ကြီးနား နေအိမ်မီးလောင်မှုဖြစ်စဉ်မှာ ပျက်စီဆုံးရှုံးမှုများ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး ဘေးအိမ်ကိုပါ မီးကူးစက်ခဲ့တာကြောင့် ကားတစ်စီးလည်း မီးလောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ ဒီမနက် ၁ နာရီဝန်းကျင်မှာ ဂျန်မိုင်ကောင်ရပ်ကွက်၊ နယ်မြေ ၂ ရှိ နေအိမ်တစ်လုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးက ဘေးအိမ်ကိုပါ ကူးစက်သွားခဲ့တယ်လို့ သိရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိချိန်မှာ မီးအတော်လောင်ကျွမ်းနေပြီဖြစ်ပြီး မီးကျန်တွေကိုသာ ငြိိိမ်းသတ်နိုင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့လာတော့ တော်တော်ကျွမ်းနေပြီ။ ကျွန်တော်တို့ ရောက်သွားတော့ ဘာမှမရှိတော့ဘူး။ နောက်ဆုံး မီးကျန်တွေ ငြိမ်းခဲ့ရုံပဲ ရှိတယ်” လို့ သူက ပြောပါတယ်။
အဲဒီမီးလောင်မှုကို မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးအပြင် သန္ဓေ မီးသတ်နဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြိမ်းသတ်ခဲ့ပြီး မနက် ၁ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်ဦးစီးဌာနက ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်မှာ လူထိခိုက်သေဆုံးတာ မရှိဘူးလို့လည်း ရပ်ကွက်နေပြည်သူတစ်ဦးရဲ့ လူမှုကွန်ရက်ပေါ်က ဖော်ပြချက်အရ သိရပါတယ်။
ရပ်ကွက်နေပြည်သူတချို့က လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်တာလို့ ပြောဆိုနေကြပေမယ့် မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မီးလောင်ရတဲ့အကြောင်းရင်းကို ဖော်ပြထားတာ မတွေ့ရပါဘူး။
အလားတူ အောက်တိုဘာ ၉ ရက် နေ့လယ် ၂ နာရီ ၂၇ မိနစ်မှာလည်း မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်၊ နယ်မြေ ၁၀ မှာ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ ဒီနှစ်အတွင်း နေအိမ်မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာ အောင်နန်းရပ်ကွက်၊ ဗလီကျောင်းအနီးရှိ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ခဲ့သလို မေလ ၄ ရက်မှာလည်း မြို့သစ်ကြီးကွက်သစ်၊ လမ်းသွယ် ၃၊ နယ်မြေ ၁၅ မှာ နေအိမ်တစ်လုံး လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧပြီ ၈ ရက်မှာ ရွှေစက်ရပ်ကွက်၊ ကရိန်နော်အပန်းဖြေစခန်းသွားရာ လမ်းမကြီးဘေးရှိ စက်သုံးဆီသိုလှောင်ရာနေရာ မီးလောင်ခဲ့ပြီး ဆီဘောက်ဆာကားတချို့လည်း မီးလောင်မှုနဲ့ ကြုံခဲ့ရပါတယ်။
နောက်ထပ် မတ် ၃ ရက်မှာလည်း ခေမာသီရိရပ်ကွက်၊ လမ်းသွယ် ၂၁ ရှိ ပညာအလင်းတန်းဘော်ဒါဆောင် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာလည်း လယ်ကုန်းရပ်ကွက်၊ နယ်မြေ ၉ မှာ နေအိမ် ၄ လုံး မီးလောင်ခဲ့သလို မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးက နှစ်ထပ်အိမ်တစ်လုံးလည်း မီးလောင်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ ဆိုင်ကယ် ၂ စီးအပါအဝင် အိမ်တစ်လုံးလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
KNG က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မြစ်ကြီးနားမြို့မှာ မီးလောင်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီအချက်အလက်တွေဟာ လူမှုကူညီရေးအသင်းတွေနဲ့ မြို့ခံတွေရဲ့ ပြောကြားချက်အပေါ် အခြေခံထားတာဖြစ်လို့ မြေပြင်အခြေအနေနဲ့ ကွာဟနိုင်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်အတွင်း မီးလောင်မှု ၁၈,၃၃၆ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ နှစ်စဉ်ပျမ်းမျှ မီးလောင်မှု ၁,၈၀၀ ဝန်းကျင် ဖြစ်ပွားပြီး တစ်နှစ်ကို ကျပ် ၁၅ ဘီလီယံဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း တစ်နိုင်ငံလုံးမှာ မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီမီးလောင်မှုအများစုဟာ လျှပ်စစ်မီး၊ ပေါ့ဆမီးနဲ့ မီးဖိုမီးတွေကြောင့် ဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
By – Hope




