ဗန်းမော်မှာ KBC ဘုရားကျောင်းတစ်ခုထပ်မံ မီးရှို့ဖျက်ဆီးခံရ
ဗန်းမော်မှာ စစ်ရှုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မိုးမောက်သွားလမ်း ၃ မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းအပါ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
၃ မိုင်ကျေးရွာ နမ့်ဖာနောင်း(Nam Hpa Nawng) ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခြင်းခံရပြီးနောက် မီးရှို့ဖျက်းဆီးတာတွေ လုပ်ခဲ့တာဖြစ်တယ်လို့ KIA ရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။
“ဒီရက်ပိုင်းတိုက်ပွဲမှာ စစ်တပ်ဘက်က တော်တော်အထိနာကြတယ်။ ၁၁ ရက်နေ့မှာ နမ့်ဖနွန်ဘက်ကို စစ်ကြောင်းထိုးလာတာ KIA ဘက်ကပိတ်ဆို့ တိုက်ခိုက်လိုက်တဲ့ထဲမှာ ထိခိုက် သေဆုံးမှုများတယ်။ အထိနာတော့ တပ်ဆုတ်သွားကြတယ် ပြီးတာနဲ့ ရွှေပြည်သာထဲကို ဝင်ပြီး ဘုရားကျောင်းမီးရှို့ပစ်လိုက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ အောက်တိုဘာလ ၁၁ ရက်နေ့ ၃ မိုင်ကျေးရွာ နမ်ဖာနောင်း(Nam Hpa Nawng)ဘက်ကို ဒရုန်း၊ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးလာချိန် KIA ပူးပေါင်းတပ်တွေက ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခံရပြီး အထိနာသွားတယ်လို့ သိရပါတယ်။
စစ်ရှုံးပြီးနောက် ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်လောက်မှာ ၃ မိုင်ကျေးရွာထဲကို ဝင်ပြီး KBC ဘုရားကျောင်းဆောင်းနဲ့ ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
KBC ဘုရားကျောင်းနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းတွေဟာ တပ်မ ၃၃ နဲ့ တပ်မ ၈၈ လက်အောက်ခံ စစ်ကြောင်းတွေဖြစ်တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်တွေပြောပါတယ်။
ကချင်ဒေသခံပြည်သူတွေ ဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်းဆောင် မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ဗန်းမော်မြို့နယ်က အမှုတော်ဆောင်ဆရာတစ်ဦးက အခုလိုပြောပါတယ်။
“ဒီသတင်းကြားရရင် အရမ်းစိတ်မကောင်းဖြစ်ရတယ် မျက်ရည်ကျရတယ်။ ဒီလို ဘုရားကျောင်းဆောင်တစ်ခုဆောက်လုပ်ယူဖို့ ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။ အသင်းသား၊ အသင်းသူကနည်းနည်းချင်းစီ ကိုယ်တတ်နိုင်သလောက်ထည့်ပြီး ဆောက်လုပ်ထားတာဖြစ်တယ်။ ကျနော်တို့ ဗန်းမော်ဒေသဆိုရင် ကျောက်စိမ်းတည်းမထွက်ဘူး။ စီးပွားလည်ပတ်လို့ ကောင်းတဲ့ နေရာလည်းမဟုတ်ဘူး။ ခက်ခက်ခဲခဲ နဲ့ ဆောက်လုပ်ထားတဲ့ ကျောင်းဆောင်တွေဖြစ်ပါတယ်”လို့ပြောပါတယ်။
ဗန်းမော်မြို့နယ်ထဲမှာ KBC နှစ်ခြင်းအသင်းတော်ဇုံနယ် ဘုရားကျောင်း စုစုပေါင်း ၄၇ ခုရှိပြီး ဗန်းမော်မြို့ပေါ်ထဲမှာ KBC ဘုရားကျောင်းကြီး ၅ ခုရှိပါတယ်။
အခု မီးရှို့ဖျက်ဆီးခံရတဲ့ ၃ မိုင်ကျေးရွာက ဘုရားကျောင်းဟာ ဗန်းမော်မြို့ပေါ် ရှိ ဘုရားကျောင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ ဗန်းမော် ပေါက်ကုန်းရပ်ကွက်က နှစ် ၇၀ ဝန်းကျင်သက်တမ်းရှိ RC စိန့်ပက်ထရစ် ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ကချင်ဒေသမှာ စစ်ကောင်စီတပ်တွေဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဘာသာရေးကျောင်းနေရာတွေကို စစ်ရေးပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးတာ၊ စစ်ရေးနေရာအဖြစ်အသုံးပြုတာတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေပါတယ်။
ဒါဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေဘက်မှာလည်း ဝတ်ပြုရာနေရာတွေကို ကာကွယ်ထားပြီး၊ Geneva Conventions ရဲ့ Additional Protocol II ပုဒ်မ ၁၆ မှာ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေအနှစ်ဖြစ်တဲ့ ဝတ်ပြုရာနေရာတွေကို တိုက်ခိုက်တာနဲ့ စစ်ရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ အသုံးပြုတာကို တားမြစ်ထားပါတယ်။
အလားတူ အင်းတော်ကြီးဒေသ နန့်မွန်မြို့မှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ RC ဘုရားကျောင်းနေရာတွေကို စစ်ရေးနေရာအဖြစ်အသုံးပြုနေတဲ့အတွက် ကချင်ပြည်သူလူထုကြားမှာ ကွန့်ကွက်ပြောဆိုမှုရှိနေပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




