ဆုံမှတ် မမြင်ရသေးတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းနှစ်ခုအကြောင်း BNI MPM သုံးသပ်ဖော်ပြ
မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ NCA နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းကြောင်း နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု လမ်းကြောင်းဟာ မျဉ်းပြိုင်တွေလို ဖြစ်နေပြီး စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေကြား ဖက်ဒရယ်အမြုတေတွေ ပေါ်ထွက်လာနေတယ်လို့ BNI–Myanmar Peace Monitor က သုံးသပ်ထားပါတယ်။
ဖက်ဒရယ်အမြုတေဆိုတာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ် သို့မဟုတ် ဖက်ဒရယ်ယူနစ်တွေ ဖြစ်လာနိုင်မယ့် ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ဆိုလိုပါတယ်။
အဲဒီ အကြောင်းအရာတွေကို “မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – ရည်ညွှန်းအကိုးအကား (၂၀၂၅–၂၀၂၆)” စာအုပ်မှာ ဖော်ပြထားတာဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ စာအုပ်မိတ်ဆက်ပွဲမှာ စာအုပ်ပါ အကြောင်းအရာတချို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ BNI–Myanmar Peace Monitor က ၂၀၁၃ ခုနှစ်ကစပြီး နှစ်စဉ်ထုတ်ဝေနေတဲ့ ဒီရည်ညွှန်းစာအုပ်ဟာ (၁၁) အုပ်မြောက် ဖြစ်ပါတယ်။
မိတ်ဆက်ပွဲမှာ BNI ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက စာအုပ်ပါ “မျဉ်းပြိုင်ဖြစ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဟောင်း နှင့် အသစ်” နဲ့ “ထွန်းကားလာနေသည့် ဖက်ဒရယ်အမြုတေများကို လေ့လာခြင်း” ဆိုတဲ့ အပိုင်းနှစ်ပိုင်းကို တင်ပြခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေကြား ငြိမ်းချမ်းရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာ မတွေ့ရသေးဘဲ စစ်ရေးအရှိန်က ပိုမြင့်လာနေတယ်လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။
“အာဏာသိမ်းစစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေကြားက တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးတို့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အရိပ်အယောင်ကို မတွေ့ရသေးဘဲ စစ်အရှိန်ကိုပဲ ပိုပြီးတော့ မြင့်တက်နေတာပဲ တွေ့ရတယ်ပေါ့လေ။ တစ်ဖက်မှာ အာဏာသိမ်း စစ်အုပ်စုက အတုယောင်အစိုးရ တစ်ရပ်အနေနဲ့ စတင်ပြီးတော့ လုပ်ငန်းအကောင်အထည်ဖော်နေတဲ့အချိန်မှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေရနိုင်ဖို့ နယ်မြေထိန်းချုပ်မှုတွေပိုပြီးပြချင်တာကြောင့်မလို့ စစ်ရေးအရှိန်မြင့်နေတာကို လည်း ကျမတို့ တွေ့ရမှာဖြစ်တယ်ပေါ့လေ”လို့ ပြောပါတယ်။
စစ်အုပ်စုက ဦးဆောင်နေတဲ့ ဆွေးနွေးရေး လမ်းကြောင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အခြေခံထားပြီး NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအတွက်လည်း “NCA Plus” ဆိုတဲ့ ချဉ်းကပ်မှုမျိုးကို အသုံးပြုလာတယ်လို့ ဒေါ်တင်တင်ညိုက ရှင်းပြပါတယ်။
NCA Plus ဆိုတာ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး NCA ကို အခြေခံတဲ့ သဘောတူ ညီချက်တွေ ရယူတဲ့ ချဉ်းကပ်မှုဖြစ်ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ တွေ့ဆုံမှုမှာ NCA Plus လို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လျာထားကြောင်း စစ်အုပ်စုရဲ့ NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောခဲ့တယ်လို့ စာအုပ်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီလမ်းကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်က စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ အာဏာကို လျှော့ချမယ့် အရိပ်အယောင် မတွေ့ရဘူးလို့ သူက ထောက်ပြပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ စစ်တပ်ရဲ့ အခန်းကဏ္ဍကို အလျော့ပေးမယ့်အရိပ်အယောင်မျိုး ကျမတို့မတွေ့ရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ စစ်တပ်ရဲ့ နိုင်ငံရေးအရ လွှမ်းမိုးထိန်းချုပ်မှု အာဏာကို သေချာဆက်ပြီးတော့မှ ဆွဲမယ်ဆိုတာကို ကျမတို့ပိုပြီးတွေ့ရတယ်” လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။
အဲဒီ ဆွေးနွေးရေးလုပ်ငန်းစဉ်မှာ အရင်က ပါဝင်မှု မရှိခဲ့တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို စစ်အုပ်စုဘက်က ထည့်သွင်းလာတာဟာ ထူးခြားချက်တစ်ခုဖြစ်တယ်လို့လည်း ဒေါ်တင်တင်ညိုက ပြောပါတယ်။

SNA ကို ထည့်သွင်းလာတာဟာ စစ်အုပ်စုက ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းထဲကို အဖွဲ့အစည်းအသစ်တွေ ပါဝင်လာစေတဲ့သဘော ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
စာအုပ်အရ စစ်အုပ်စုရဲ့ ဆွေးနွေးဖက်တွေထဲမှာ NCA လက်မှတ်ထိုးထားတဲ့ 7 EAO Alliance အဖွဲ့ဝင်တွေအပြင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့ ပါဝင်ပါတယ်။
အဲဒီအဖွဲ့တွေဟာ စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားတဲ့ NCA လုပ်ငန်းစဉ်ထဲ ပိတ်မိနေတဲ့ အဖွဲ့တွေ နဲ့ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကို မလွန်ဆန်နိုင်တဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ စာအုပ်က သုံးသပ်ထားပါတယ်။
တစ်ဖက်မှာတော့ တော်လှန်ရေးအင်အားစုတွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဘုံရည်မှန်းချက် အဖြစ်ထားပြီး နိုင်ငံရေးလမ်းကြောင်းနဲ့ အုပ်ချုပ်ရေးပုံစံတွေကို ဖော်ဆောင်လာကြတယ်လို့ စာအုပ်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပေါ်ပေါက်လာချိန်ကစပြီး တော်လှန်ရေးအင်အားစုတွေ ကြား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံနိုင်ငံရေးရည်မှန်းချက်တွေကို စုစည်းဖော်ဆောင် လာခဲ့ကြပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ပေါ်ပေါက်လာ တာဟာလည်း အဲဒီကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ စာအုပ်မှာ သုံးသပ်ထားပါတယ်။ SCEF မှာ ရက္ခိုင့်တပ်တော် (AA) မပါဝင်သေးပေမဲ့ SCEF နဲ့ ဆက်လက်ချိတ်ဆက်ညှိနှိုင်းမှုတွေ ရှိနေတယ်လို့လည်း စာအုပ်က ဆိုပါတယ်။
အဲဒီ ဘုံရပ်တည်ချက်တွေထဲမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC)၊ နိုင်ငံရေးရည်မှန်းချက် ၆ ချက်နဲ့ အောက်ခြေကနေ အထက်ကို တည်ဆောက်သွားမယ့် ဖက်ဒရယ်စနစ်တို့ ပါဝင်ပါတယ်။
အဖွဲ့အစည်းတစ်ခုချင်းစီမှာ နိုင်ငံရေးရပ်တည်ချက်နဲ့ အုပ်ချုပ်ရေးပုံစံ အသေးစိတ် ကွာခြားနိုင်ပေမဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဟာ ဘုံရည်မှန်းချက်တစ်ခုအဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။
စာအုပ်မှာ အလေးထားဖော်ပြထားတဲ့ “Bottom-up Federalism” ဆိုတာကတော့ ဒေသနဲ့ ပြည်နယ်အဆင့်မှာ အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းတွေကို အရင်တည်ဆောက်ပြီး အဲဒီအခြေခံကနေ ပြည်ထောင်စုတစ်ခုလုံးကို ဖွဲ့စည်းတည်ဆောက် သွားမယ့် ချဉ်းကပ်မှုဖြစ်ပါတယ်။
လက်ရှိမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ချင်းပြည်ကောင်စီနဲ့ ချင်းပြည်အစိုးရ၊ မကွေးနဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတွေ၊ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) တို့လို အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာနေတယ်လို့ စာအုပ်မှာ ဖော်ပြထားပါတယ်။ အဲဒီထဲက IEC ဟာ စစ်အာဏာသိမ်း ကာလအတွင်း ပထမဆုံး ပေါ်ထွက်လာတဲ့ ဖက်ဒရယ်အမြုတေလို့ ဆိုနိုင်တယ်လို့ စာအုပ်က ဖော်ပြပါတယ်။
ဒါ့အပြင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကော်သူးလေ နဲ့ ထားဝယ်ဒေသတွေမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကြား ပူးပေါင်းညှိနှိုင်းရေး ကြိုးပမ်းမှုတွေ ရှိနေပေမဲ့ ဖက်ဒရယ်အမြုတေအဖြစ် ဖြစ်ထွန်းဖို့ အရှိန်ယူနေဆဲ အဆင့်မှာပဲ ရှိသေးတယ်လို့ စာအုပ်က ဆိုပါတယ်။ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီ ဖက်ဒရယ်ယူနစ်တွေကတော့ ယူနစ်အစိုးရအဆင့်အထိ တက်လှမ်းနိုင်မယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။
အဲဒီအဖွဲ့အစည်းတွေဟာ ဒေသအလိုက် အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဖော်ဆောင်လာကြတာဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဘယ်လိုပေါင်းစည်းလာနိုင်မလဲဆိုတာကလည်း အရေးကြီးတဲ့အချက်တစ်ခု ဖြစ်တယ်လို့ စာအုပ်က သုံးသပ်ထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့လို အဖွဲ့အစည်းတွေရဲ့ နယ်မြေအလိုက် အုပ်ချုပ်ရေးပုံစံတွေဟာလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ လေ့လာစရာအတွေ့အကြုံတွေဖြစ်တယ်လို့ စာအုပ်မှာ ဖော်ပြထားပါတယ်။ စာအုပ်က အဲဒီဒေသတွေကို “စောင့်ကြည့်ရမယ့် ထူးခြားတဲ့ ဖက်ဒရယ်အမြုတေများ” အဖြစ် သတ်မှတ်ထားပါတယ်။
ကချင်ဒေသမှာတော့ CRPH နဲ့ ကြားကာလ ကချင်နိုင်ငံရေးညှိနှိုင်းရေးအဖွဲ့ (KPICT) တို့ကြား လက်မှတ်ရေးထိုးထားတဲ့ ကြားကာလသဘောတူညီချက်အရ ကချင်ဒေသအစိုးရပုံစံ ပေါ်ထွက်လာနိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တဲ့ နွေဦးတော်လှန်ရေးမှာ KIO/KIA ရဲ့ အခန်းကဏ္ဍဟာ ဦးဆောင်မှု နေရာကနေ ပါဝင်လာနေတယ်လို့ စာအုပ်က ဆိုပါတယ်။
TNLA ကတော့ တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးနေပေမဲ့ တအာင်းပြည်ကောင်စီ (TLC) ကတော့ တော်လှန်ရေးအင်အားစုဘက်မှာ ဆက်လက်ရပ်တည်နေတယ်လို့ စာအုပ်မှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာတော့ စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးနေတဲ့ အဖွဲ့အစည်းတွေကြားမှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ချိတ်ဆက်နိုင်မယ့် ယုံကြည်စိတ်ချရတဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ ပေါ်ထွက်လာတာ မတွေ့ရဘူးလို့ BNI–Myanmar Peace Monitor က သုံးသပ်ထားပါတယ်။
အခုလို ငြိမ်းချမ်းရေးလမ်းကြောင်းနှစ်ခုအကြား ရည်မှန်းချက်နဲ့ ရပ်တည်ချက်တွေ ကွာခြားနေချိန်မှာ စစ်အုပ်စုဘက်က NCA လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်နေပါတယ်။
နေပြည်တော်မှာ NCA လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် ဒီကနေ့မှာပဲ ကျင်းပဖို့ စီစဉ်ထားပြီး အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာလည်း ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ရှိတယ်လို့ BBC မြန်မာပိုင်းက အောက်တိုဘာ ၁၄ ရက်မှာ ဖော်ပြထားပါတယ်။ NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ ပြုလုပ်မယ့်အဲဒီဆွေးပွဲတွေကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ တက်ရောက်ဖို့ရှိတယ်လို့လည်း BBC က ဖော်ပြပါတယ်။
နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် KIA ဘက်ကတော့ နေပြည်တော်မှာ တွေ့ဆုံမှာမဟုတ်ဘဲ တရုတ်နိုင်ငံဘက်ခြမ်း မှာသာ တွေ့ဆုံနိုင်တယ်လို့ တုံ့ပြန်ထားကြောင်း BBC မြန်မာပိုင်းက ရေးသားထားတာ တွေ့ရပါတယ်။
စစ်အုပ်စုရဲ့ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” လမ်းကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” လမ်းကြောင်းဟာ “မျဉ်းပြိုင်နှစ်ကြောင်း” လို ဖြစ်နေပြီး အဲဒီလမ်းကြောင်းနှစ်ခု ဆုံနိုင်မလားဆိုတာကတော့ သက်ဆိုင်သူတွေရဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ ဖက်ဒရယ်အာဏာခွဲဝေမှုဆိုင်ရာ ညှိနှိုင်းဖော်ဆောင်နိုင်မှု အပေါ်မှာသာ မူတည်နေတယ်လို့ စာအုပ်က နိဂုံးချုပ်ထားပါတယ်။
By – အမိုး




