မြစ်ကြီးနားမှာ အမျိုးသမီးနဲ့ ကလေးတွေအပါ လူ ၂၀ ကျော် စစ်တပ်ဖမ်းဆီး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နောင်နန်းရပ်ကွက် (၄) မြစ်ကမ်းနားမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ဒီနေ့ အောက်တိုဘာ ၁၅ ရက်အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီနဲ့ ၆ နာရီကြားမှာ စစ်တပ်နဲ့ ရဲတွေက နောင်နန်းရပ်ကွက် (၄) မြစ်ကမ်းတစ်လျှောက်ကို ရောက်လာပြီး တရုတ်ကုန်စည်တွေ တရားမဝင် သယ်ယူနေသူတွေကို ဖမ်းဆီးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြစ်ဆိပ်မှာ ရေချိုးနေသူတွေ၊ အဝတ်လျှော်နေသူတွေနဲ့ အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် တွေ့သမျှလူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“နောင်နန်းရပ်ကွက် (၄) မြစ်ကမ်းဘက်ကို စစ်တပ်တွေရောက်လာပြီး အဲဒီမှာရှိတဲ့ ရပ်ကွက်နေပြည်သူတွေ၊ မြစ်ဆိပ်မှာ ရေချိုးနေသူတွေ၊ အဝတ်လျှော်နေသူတွေ၊ မိခင်တွေနဲ့ မူကြိုကလေးတွေအထိ ပါသွားတယ်။ ၂၀ ကျော်လောက်ရှိတယ်။ အခုထိ ပြန်မလာသေးဘူး။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာလည်း မသိရသေးဘူး” လို့ ရပ်ကွက်နေပြည်သူ အမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ပါဝင်တယ်လို့ သိရပြီး အောက်တိုဘာ ၁၅ ရက် ဒီနေ့မနက်ပိုင်းအထိ တစ်ဦးတစ်ယောက်မှ ပြန်လွတ်လာတာ မရှိသေးဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေကို လက်ရှိချိန်ထိ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်၊ ဘာကြောင့် ဆက်လက်ဖမ်းဆီးထားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
အောက်တိုဘာ ၁၄ ရက် ညပိုင်းအထိလည်း စစ်တပ်က အဲဒီမြစ်ကမ်းတစ်လျှောက်မှာ ကင်းလှည့်နေပြီး လူတွေကို ဆက်လက်စစ်ဆေးဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဒီအခြေအနေကြောင့် ရပ်ကွက်နေပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
နောင်နန်းရပ်ကွက် (၄) မြစ်ကမ်းဟာ ဝိုင်းမော်ဘက်ကနေ စက်လှေတွေနဲ့ သယ်ယူလာတဲ့ ဓာတ်ဆီ၊ ဘိလပ်မြေနဲ့ တခြားတရုတ်ကုန်စည်တွေကို ကမ်းကပ်သယ်ယူတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာမှာ ကုန်စည်သယ်ယူတာတွေ မလုပ်ဖို့နဲ့ ဆက်လုပ်ရင် ဖမ်းဆီးမယ်လို့ သတိပေးထားတာမျိုး ရှိခဲ့တယ်လို့လည်း သိရပါတယ်။
“အဲဒီမှာ ဓာတ်ဆီတွေ၊ ဘိလပ်မြေတွေ သယ်ယူကဲ့ယူနေတဲ့နေရာလည်း ဖြစ်တယ်လို့ ပြောတယ်။ အဲဒီနေရာကနေ မသယ်ဖို့၊ မလုပ်ဖို့ သတိပေးထားတာရှိတယ်။ လုပ်ရင်ဖမ်းမယ်လို့လည်း ပြောထားတယ်တဲ့။ ဒါပေမဲ့ အခုတော့ အဲဒီပစ္စည်းတွေ သယ်နေသူတွေ ဟုတ်၊ မဟုတ် မသိဘဲ အဲဒီမှာရှိသမျှလူအားလုံးကို ဖမ်းသွားတာမျိုးလို့ ပြောတယ်” လို့ အထက်ပါ အမျိုးသမီးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
နောင်နန်းမြစ်ကမ်းမှာ ဖမ်းဆီးခံရသူတွေဟာ တရုတ်ကုန်စည်တွေ တရားမဝင်သယ်ယူရာမှာ ပါဝင်သူတွေ ဟုတ်၊ မဟုတ်ကို KNG က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားကနေ တရုတ်–ကန်ပိုင်တီ–ဝိုင်းမော်ဘက်က ဝင်လာတဲ့ တရုတ်ကုန်စည်တွေကို မြစ်ကြီးနားဘက် သယ်ယူခွင့် စစ်တပ်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ဒီအခြေအနေကြောင့် ကုန်သည်တချို့ဟာ ဧရာဝတီမြစ်ကြောင်းကနေ စက်လှေတွေနဲ့ ကုန်စည်တွေကို တရားမဝင် သယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဓိကအားဖြင့် ဝိုင်းမော်ဆိပ်နဲ့ ခတ်ချိုဆိပ်တွေကနေ ကုန်စည်တွေ သယ်ယူနေကြပြီး နောင်နန်းရပ်ကွက် (၄) မြစ်ကမ်းကိုလည်း သယ်ယူရေးနေရာအဖြစ် အသုံးပြုနေတယ်လို့ သိရပါတယ်။
အခုလို ကုန်စည်သယ်ယူမှုတွေကို စစ်တပ်က လိုက်လံစစ်ဆေးဖမ်းဆီးနေတာဖြစ်ပေမဲ့ ကုန်စည်သယ်ယူသူ ဟုတ်၊ မဟုတ် မခွဲခြားဘဲ မြစ်ကမ်းနားမှာ ရှိနေသူတွေကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – ဂျာဘောက်ရာ




