နာရေးအိမ်တွေကို အကြောင်းပြပြီး ကြေးကြီးကြီးနဲ့ လောင်းကစားလုပ်နေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ နာရေးအိမ်တွေကို အကြောင်းပြပြီး “ပေါက်စီဖဲဝိုင်း”လို့ခေါ်တဲ့ လောင်းကစားနည်းကို ငွေကြေးအမြောက်အမြား လောင်းကြေးထပ်ကာ ကစားနေကြတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြို့ခံပြည်သူတွေက ပြောပါတယ်။

ဒီလို ကြေးကြီးကြီးနဲ့ လောင်းကစားလုပ်နေကြတာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်လောက်ကစပြီး အိုးတန်း၊ နန့်ရင်း၊ မြို့ဦး၊ ရွာသစ်၊ ဈေးကုန်းနဲ့ နတ်ကြီးကုန်းစတဲ့ ရပ်ကွက်တွေက နာရေးအိမ်တွေမှာ လိုက်လံကစားနေကြတာဖြစ်ပြီး အခုဆိုရင် ဝိုင်းပေါင်း ၁၀ ဝန်းကျင်အထိ ရှိလာပြီလို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“လောင်းကစားကို ပေါ်တင်လုပ်ရင် ဖမ်းတယ်ဆိုတော့ နာရေးကို ဗန်းပြပြီး လုပ်နေတော့ မကောင်းဘူးပေါ့ဗျာ။ တရားဝင်လုပ်နေသလိုမျိုး ဖြစ်နေတာပေါ့”လို့ အဲဒီပြည်သူက ပြောပါတယ်။

သာမန်အားဖြင့် နာရေးအိမ်တွေမှာ အိမ်ရှင်မိသားစုကို အားပေးနှစ်သိမ့်တဲ့အနေနဲ့ အပျော်တမ်းဖဲကစားရင်း အိမ်စောင့်ပေးကြတာတွေ ရှိပါတယ်။ 

အဲဒီလို ကစားတဲ့အခါ ဒိုင်ကြေး ၃ သောင်းကျပ်ဝန်းကျင်သာ ထားလေ့ရှိပေမဲ့ “ပေါက်စီဖဲဝိုင်း”မှာတော့ အနည်းဆုံး ဒိုင်ကြေး ကျပ်သိန်း ၃၀ ထားပြီး ထိုးကြေးကို ကျပ်သိန်း ၅၀၊ ၁၀၀ နဲ့ ၂၀၀ အထိ လောင်းကြတယ်လို့ သိရပါတယ်။

“ပေါက်စီဖဲဝိုင်း”ဟာ သာမန်ဖဲချပ်တွေနဲ့ ကစားတာမဟုတ်ဘဲ တရုတ်လောင်းကစားနည်း မာကျောက်နဲ့ ဆင်တူတဲ့ တစ်လက်မဝန်းကျင် အတုံးလေးတွေကို အသုံးပြုပြီး ကစားရတဲ့ နည်းလမ်းတစ်မျိုးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ဒီလို နာရေးအိမ်တွေမှာ ကြေးကြီးကြီးနဲ့ လောင်းကစားလုပ်နေကြတာကြောင့် စကားများရန်ဖြစ်တာနဲ့ ဆူညံသံတွေပါ ဖြစ်လာတယ်လို့ သိရပါတယ်။

မိုးကောင်းမြို့မှာ အရင်က မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းတွေကြောင့် ဘဝပျက်ခဲ့ရသူတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်း အာဏာပိုင်ဝန်ထမ်းတွေ အပြောင်းအလဲရှိလာပြီးနောက် အခြေအနေ အနည်းငယ် ငြိမ်သက်လာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ဒါကြောင့် အခြေအနေ ပိုဆိုးမလာခင် နာရေးအိမ်တွေကို အကြောင်းပြပြီး လောင်းကစားလုပ်နေတဲ့ ဝိုင်းတွေကို သက်ဆိုင်ရာက စိစစ်ပြီး အရေးယူပေးဖို့ မြို့ခံပြည်သူတွေက တောင်းဆိုနေကြပါတယ်။

“ဖြစ်နိုင်ရင် ဒါမျိုးကိုကြပ်မတ်ပေးစေချင်တယ်။ဘာလို့လဲဆိုရင် နာရေးအိမ်က လောင်းကစားဝိုင်းလိုဖြစ်လာနေတယ်“လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြိုန့ယ်တိုင်းလိုလို လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေက သိသိသာသာများလာနေပေမယ့် သက်ဆိုင်တဲ့ အုပ်ချုပ်သူတွေက ထိထိရောက်ရောက် အရေးယူဖမ်ဆီးနိုင်တာမရှိဘူးလို့လည်း ပြည်သူတွေထောက်ပြပါတယ်။

ဒါ့အပြင် တစ်ချို့ကိစ္စတွေမှာဆိုရင် ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ပါဝင်နေတယ်လို့့  မိုးကောင်းဒေသခံတစ်ချို့က ပြောပါတယ်။

By – Hope

Show More

Leave a Reply

Back to top button