ရွှေကူမှာ ဒရုန်းဗုံးကြဲခံရ၊ အမျိုးသမီးတစ်ဦးသေဆုံး
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ခြမ်းက မန်နားနဲ့ စီသာကျေးရွာအစပ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက် မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စင်းနဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့တာလို့ စီသာကျေးရွာနေ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်း ၁၂ နာရီမှာ အသေခံဒရုန်း (ကာမီကာဇေ) နဲ့ ဗုံးသီး ၂ လုံးချသွားတာ။ မန်နားနဲ့ စီသာအစပ် လမ်းဆုံမှာ ကျတာ။ တစ်ယောက်သေတယ်၊ ၂ ယောက်ကတော့ ဒဏ်ရာရသွားတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စီသာကျေးရွာက ဒေါ်အုံမာဝင်း သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒရုန်းနဲ့ ဗုံးကြဲပြီးနောက် စီသာဘက်ကို ၁၂၀ မမ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့ပေမဲ့ လူထိခိုက်တာ မရှိဘူးလို့ နောက်ထပ် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

“ဒရုန်းက ၂ စင်းလာတယ်။ ငအိုးဘက်က တက်လာပြီး ၂ လုံးချသွားတာ။ ခဏအကြာမှာလည်း ၁၂၀ မမနဲ့ ၃ ချက် ပြန်ထုတယ်။ စီသာဘက်မှာ အဲဒါတော့ လူထိခိုက်တာမရှိဘူး။ တိုက်ပွဲမဖြစ်ဘဲ ပစ်ပစ်နေတာ” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မန်နားနဲ့ စီသာကျေးရွာဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေကူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်က အောက်လေးလမ်းဆုံနဲ့ ရွှေဘုန်းမြင့်အနီး ရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်တွေက ဝင်တိုက်ခဲ့ပြီးနောက် ပန်းတင်၊ မြိုင်သာ၊ လမ်းကူး၊ ငှက်တံတား၊ ရွှေဘုန်းမြင့်နဲ့ ဝင်ဝကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလို ဒရုန်းနဲ့လည်း ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ထိုးစစ်ဆင်ခဲ့ပေမဲ့ အရေးနိမ့်ပြီး ရွှေကူမြို့ထဲ ပြန်ဆုတ်ခဲ့ရပါတယ်။
အဲဒီနောက် စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ မြို့အနီးဝန်းကျင်၊ ရွှေကူအရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို လေယာဉ်နဲ့ ဒရုန်းတွေသုံးပြီး မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ကလည်း စီသာကျေးရွာ တိုက်နယ်ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။
By – Zaw Zaw




