ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဖားကန့်မြို့ထဲက ပြည်သူတွေ ရာနဲ့ချီနေ့စဉ် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်တွေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဖားကန့်ဒေသမှာရှိကြတဲ့ ပြည်သူတွေအများအပြားဟာ နေ့တိုင်းလိုလိုထွက်ခွာနေကြတာ ၂ ပတ်လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
လက်ရှိ ထွက်ခွာနေကြတဲ့ ပြည်သူတွေဟာ တိုက်ပွဲဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာထဲက ပြည်သူတွေပါသလို တခြား ယူမာ၊ မရှီကထောင်၊ စပေါ့ ကျေးရွာနဲ့ ဖားကန့်မြို့ပေါ်က ပြည်သူတွေဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ပြည်သူတွေ ထွက်ပြေး ထွက်ခွာကြတာက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့နောက်ပိုင်းလို့ပြောလို့ရမယ်။ ရှေ့ပိုင်းမှာက နှစ်ဖက်တပ်ပဲ ပစ်ခတ်နေကြတယ်ဆိုတော့ နေနေကြတာများတယ်။ အခုက နေ့တိုင်းလိုလိုအများအပြားထွက်နေကြတယ်။ မြစ်ကြီးနားလို မြို့ကြီးတွေဘက်ကို ဆင်းသွားတာများတယ်။ ထွက်ခွာကြတဲ့သူတွေက တိုက်ပွဲဖြစ်တဲ့နေရာက ပါသလို မဖြစ်တဲ့နေရာကလည်းပါတယ်”လို့ပြောပါတယ်။
ငွေကြေးတတ်နိုင်ပြီး အခွင့်အလမ်းရှိတဲ့ ပြည်သူတွေက မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းစတဲ့ မြို့နယ်တွေကို ကိုယ်ပိုင်ကားတွေငှားရမ်းပြီး ထွက်ခွာနေကြသလို ငွေကြေးမတတ်နိုင်တဲ့ ပြည်သူတွေက လက်ရှိ ဖားကန့်ဒေသမှာ စစ်ရှောင်တွေကို နေရာချပေးတဲ့ နေရာတွေမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
KIO/KIA အနေနဲ့ ဖားကန့်ထဲကနေ ထွက်ခွာသွားတဲ့ ပြည်သူတွေကို ထွက်ခွာသွားဖို့ ခွင့်ပြုထားပြီး ဖားကန့်ဘက်ကို ပြန်လည်ဝင်ရောက်လာတဲ့သူတွေကိုတော့ စစ်ရေးအခြေအနေပေါ်မူတည်ပြီး တားမြစ်တာတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက အခုလို တိုက်ပွဲကြောင့် ထွက်ခွာလာတဲ့ ပြည်သူတွေကို ဖားကန့်မြို့အဝင် စစ်ကောင်စီတပ်တွေ တပ်ချထားတဲ့ ယမ်းချက်စက်ရုံဂိတ်နဲ့ ကားမိုင်း စစ်တပ်ဂိတ်နေရာမှာ ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး တားမြစ်စစ်ဆေးတာတွေကြောင့် ဖားကန့်သွားလမ်းတစ်ကြောမှာ ကားအစီး ၅၀၊ ၆၀ ခန့်အထိ ပိတ်ဆို့တာတွေဖြစ်နေတယ်လို့ သတင်းအရင်းအမြစ်တွေပြောပြပါတယ်။
အဲဒီထွက်ခွာသွားကြတဲ့ ပြည်သူတွေဟာ များသောအားဖြင့် ဖားကန့်ဒေသမှာ ကုန်စုံဆိုင်၊ ဖုန်းဆိုင်၊ ဆေးဆိုင် စတဲ့ စီးပွားရေးလုပ်ကိုင်သူတွေနဲ့ ကျောက်ရောင်းဝယ်ရေးလုပ်ကိုင်ကြတဲ့ ပြည်သူတွေများတယ်လို့ ဆက်သိရပါတယ်။
အခုလို ဖားကန့်ဒေသထဲက ပြည်သူတွေ ထွက်ခွာနေကြတာဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ၊ တိုက်ပွဲကြောင့် နှစ်ဖက်စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးတွေက လူနေအိမ်တွေမှာ ကျမှန်ပေါက်ပြီး အရပ်သားပြည်သူ ထိခိုက် သေဆုံးတာတွေ ခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် အသက်အန္တရယ် စိုးရိမ်ပြီးထွက်ခွာနေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဖားကန့် ဆိုင်းတောင်တိုက်ပွဲဟာ နှစ်စစ်တပ်ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် တိုက်ပွဲအခြေအနေ ပိုမိုကြာမြင့်လာနိုင်တဲ့အတွက် ပြည်သူတွေအများပိုင်း ထွက်ခွာနေကြတာဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက အခုလို ဆက်ပြောပါတယ်။
“အခုတောင် တိုက်ပွဲဖြစ်တာအလိုလိုနဲ့ နှစ်ပတ်ကျော်လောက်ရှိသွားပြီ။ ဒီတိုက်ပွဲက လချီပြီးကြာမြင့်နိုင်သေးတယ်။ အဲဒါကြောင့် ဖားကန့်ပြည်သူတွေ အဓိက စိုးရိမ်နေတာက တကယ်လို့ KIA က ဖားကန့် ဗျူဟာကုန်းကို သွားပစ်လိုက်မယ်ဆိုရင် လေယာဉ်လည်း ဒီထက်ပိုရောက်လာမယ်။ တိုက်ပွဲလည်း ဒီထက်ပိုပြင်လာမယ်။ ပြည်သူတွေဘဲ ကြားမှာ မဖြစ်သင့်တာတွေဖြစ်လာမှာ စိုးရိမ်တဲ့အတွက် အားလုံးတိမ်းရှောင်ကြတဲ့သဘောပါ”လို့ပြောပါတယ်။
ဒါကြောင့် KIO/KIA အနေနဲ့ လက်ရှိဖြစ်နေတဲ့တိုက်ပွဲကို အမြန်ဆုံးအပြီးတိုင် ချုပ်ငြိမ်းလိုက်ပြီးတော့ တိုက်ပွဲအတွင်းမှာ ပြည်သူတွေရဲ့ ထိခိုက်ဆုံးရှုံးနစ်နာသွားတဲ့အခြေအနေတွေကို အမြန်ဆုံးဖြည့်ဆည်းပေးဖို့လည်း ဖားကန့်ဒေသခံ ပြည်သူတွေက တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။
ရက်ပေါင်း ၂၀ ခန့်ကြာမြင့်လာတဲ့ ဆိုင်းတောင်တိုက်ပွဲဟာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေက ရပ်ကွက်(၄) Lucky Man Hotel အနီးတဝိုက်နဲ့ ယူမာကျောက်မျက်ရုံးတဝိုက်မှာ နှစ်ဖက်တပ် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ Lucky Man Hotel ထဲမှာ အင်အား ၅၀ လောက်ရှိနေသေးတဲ့အတွက် KIA ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာလည်း Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကို KIA က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် အပြန်အလှန်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဖားကန့် ဒေသခံတွေပြောပါတယ်။
အဲဒီ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားရင် တိုက်ပွဲက အမြန်ဆုံးချုပ်ငြိမ်းသွားမှာဖြစ်တယ်လို့လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုထားတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်သားတွေကို ဖားကန့် ဗျူဟာကုန်းဘက်ကနေ စစ်ကူနဲ့ လာရောက်ကယ်ထုတ်တဲ့အဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ယူမာ ကျောက်မျက်ရုံးရှိတဲ့ နောက်ဖက်ခြမ်းတစ်ကြောမှာ ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။
နှစ်ဖက်စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်တိုင်းလည်း စစ်တပ်က ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေတာကြောင့် ဆိုင်းတောင်ကျေးရွာမှာ လူနေအိမ် ၅၀၀ ခန့် မီးလောင်ပျက်စီးသွားသလို စစ်ဘေးရှောင် ၆ ထောင်အထိလည်း တိုးမြင့်သွားတယ်လို့ စစ်ရှောင်အကူအညီတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နှစ်ပတ်ကျော်အတွင်းမှာ စစ်တပ်ရဲ့ လက်ချက်ကြောင့် ပစ်သတ်ခံရသူနဲ့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူ စုစုပေါင်း ၃၀ ကျော်ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်းရှိတယ်လို့ ဖားကန့်မြို့တွင်း ကူညီပေးနေတဲ့သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။
By – နော်ထွယ့်(ဟူကောင့်)