လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်သင်္ဘောအုပ်စု စုန်ဆင်းလာချိန် လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်လို့ အရပ်သား ၁၁ ဦးသေဆုံး

ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုအတွက် လမ်းကြောင်းရှင်းရင်း စစ်ကောင်စီကလက်နက်ကြီး နဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့နယ်မှာ အရပ်သား ၁၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေ စုန်ဆင်းလာချိန်စစ်ကောင်စီကY 12 ၊ ဂျက်ဖိုက်တာ စတဲ့လေယာဥ်အမျိုးအစားတွေကို လုံခြုံရေးအတွက်အဓိကအသုံးပြုကာစုန်ဆင်းလာခဲ့တာလို့သိရပါတယ်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွှေကူ၊ ကသာ၊ ထီးချိုင့် စတဲ့မြို့တွေကို အမျိုးမျိုးသောတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ထီးချိုင့်မြို့နယ်မှာတော့ အရပ်သားသေဆုံးမှုတွေများပြားခဲ့တာလို့ အခြေနေသိရှိသူစစ်ရေးသတင်းရင်းမြစ်တစ်ဦး KNG ကို အခုလိုပြောပါတယ်။

သင်္ဘောတွေထီးချိုင့်ဘက်ကိုရောက်တဲ့အချိန်မှာ Y 12 နဲ့ပစ်တာ လူတော်တော်ထိတယ်။ အခုသိရသလောက် ပြည်သူက၁၀ ဦးထက်မနည်းသေမယ်လို့ခန်းမှန်းရတယ်။ သင်္ဘောတွေကတော့ ဒီမနက်ဘဲထီးချိုင့်မြို့နယ်ကနေထွက်သွားတယ်လို့ပြောပါတယ်။

သေဆုံးသူတွေဟာ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာက ၅ ဦး၊ ကျောက်မှော်ကျေးရွာက ၁ ဦး၊ ဘိုကုန်းကျေးရွာက ၃ ဦး နဲ့ ဝဲကြီး(ချွန်း)ကျေးရွာက ၂ ဦးတို့သေဆုံးခဲ့ရတာဖြစ်ကြောင်း ထီးချိုင့်ဒေသတွင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Tigyaing Revolution TR က သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကိုတော့ ထုတ်ပြန်တာမတွေ့ရသေးသလို KNG ကလည်း အတည်ပြုနေဆဲဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာနေတဲ့စစ်သင်္ဘောအုပ်စုထဲမှာ စစ်သင်္ဘော ၂စီးနဲ့ သံခွန်သင်္ဘောအများစုပါဝင်ပြီး စုစုပေါင်းသင်္ဘော ၁၂ စီးရှိတယ်လို့သိရပါတယ်။

ကျနော်တို့ကသာနယ်မှာတော့ အိမ်တွေဘာတွေမှန်တယ်။ ပျက်ဆီးမှုတွေရှိတယ်။ လူသေဆုံးတာတော့မရှိဘူး။ ထီးချိုင့်နယ် တော့တော်တော်ပစ်ခံရတယ်။ကျနော်တွေ့လိုက်တာကတော့ စစ်သင်္ဘောကနှစ်စီးရယ်ပုဂ္ဂလိကပိုင်သင်္ဘောတွဲ တွေကိုအများဆုံး တွေ့ရတယ်။ စစ်သင်္ဘောတွေကအရှေ့အနောက်ကိုခြံရံပြီးလိုက်တာလို့ ကသာမြို့ခံ အမျိုးသားတစ်ဦးပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်သင်္ဘောအုပ်စုဟာ စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်ကိုရောက်ရှိနေပြီဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက်မှာနေထိုင်တဲ့ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့ ကာကွယ်ရေးတပ်တွေကတိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေကချင်ပြည်နယ် ဗန်းမော်မြို့ အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့တာပါ။

အဆိုပါစစ်သင်္ဘောတွေဗန်းမော်ကိုရောက်ပြီးတဲ့နောက်မှာဘဲ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့တွင်းမှာ KIA ပူးပေါင်းတပ် နဲ့စစ်ကောင်စီတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေသိသိသာသာပြင်းထန်လာတာဒီနေ့အထိဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်ဖို့အတွက် စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်း အခြေနေ စောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

ဒါ့အပြင် ကသာမြို့နယ် မိုးတားလေးတိုက်နယ်ကကျေးရွာတစ်ခုမှာတော့ စေတီပုထိုးတွေအပါအဝင် အဆောက်အဦးများ ပျက်ဆီးခဲ့ရပြီး စစ်ကောင်စီကစစ်သင်္ဘောပေါ်ကနေလက်နက်ကြီးလက်နက် ငယ်တွေနဲ့ပစ်ခတ်သလို Y 12 အမျိုးအစား ရဟတ်ယာဥ်တွေအပါအဝင်၊ ဂျက်ဖိုက်တာတွေအဓိကအသုံးပြုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ ရှိတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button