ဖားကန့်မှာမိသားစုတစ်စုလက်နက်ကြီးထိလို့ ဖခင်ဖြစ်သူသေဆုံး သားဖြစ်သူနဲ့အမျိုးသမီးဒဏ်ရာပြင်းထန်
ဖားကန့်မြို့နယ် မြို့မဆွတ်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ညနေပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မိသားစုတစ်စုထဲကဘဲ ဖခင်ဖြစ်သူသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
အသက် ၅ နှစ်အရွယ်သားဖြစ်သူကတော့ အဆုတ်မှာလက်နက်ကြီးစထိမှန်ခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ဒဏ်ရာပြင်းထန်ရရှိခဲ့ကြတယ်လို့သိရပါတယ်။
“အမျိုးသားကဆုံးသွားတယ်။ကလေးနဲ့အမေက လက်နက်ကြီးစထိမှန်လို့ ဒဏ်ရာပြင်းထန်တယ်။ မြစ်ကြီးနားကိုဆင်းသွားပြီ အသက်၅နှစ်သားအရွယ် သားလေးက နောက်ကျောဘက်ကိုကျည်ဆန်ထိမှန်ပြီး အဆုတ်ကိုထိသွားလို့ စိုးရိမ်ရတယ်” လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။
လက်နက်ကြီးကတော့မည်သည့်အဖွဲ့အစည်းကပစ်ခတ်တယ်ဆိုတာကိုအတိအကျမသိပေမဲ့ ဆန်းကြွယ်၊ ယူမာ ကျေးရွာဘက် ရောက်နေတဲ့ စစ်ကောင်စီတပ်တွေကပစ်ခတ်တဲ့လက်နက်ကြီးဖြစ်နိုင်တယ်လို့ဒေသခံတွေကခန့်မှန်းကြပါတယ်။
လက်ရှိတော့ လက်နက်ကြီးကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သားဖြစ်သူနဲ့မိခင်ဖြစ်သူတို့ဟာ မြစ်ကြီးနားမြို့မှာအရေးပေါ်ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲlများနေ့စဥ်လိုလိုဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း ဖားကန့်မြို့နယ်ထဲစစ်ကြောင်းတွေဖြန့်စစ်ရေးလှုပ်ရှားနေတယ်လို့ lစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
“သူတို့လှုပ်ရှားတာကတော့ ဖားကန့်မြို့နယ်အနှံ့ဘဲ။ သူတို့လောလောဆယ်စိုးမိုးထားတဲ့နေရာတွေမှာတော့လှုပ်ရှားပြတယ်။ထိတွေ့တိုက်ပွဲတွေကတော့ နေရာတိုင်းလိုလိုဖြစ်နေတယ်။ ဒရုန်းလက်နက်ကြီးတွေချတာတွေထိတွေ့တိုက်ပွဲကတော့ရှိပါတယ်”လို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလက်ရှိဖားကန့်အခြေနေကိုရှင်းပြပါတယ်။
စစ်ကောင်စီတပ်ဟာ အမှိုက်ပုံ၊ ဖားကန့်သင်္ချိုင်း၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး၊ မှော်မောင်းလျှံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်၊ ယူမာ စတဲ့ကျေးရွာတစ်ဝှိုက်စစ်ရေးလှုပ်ရှားနေသလို အဲ့ဒီကျေးရွာရပ်ကွက်တွေတစ်ဝှိုက်မှာဘဲ KIA ပူးပေါင်းတပ်နဲနှစ်ဖက်ထိတွေ့မှုတွေနေ့တိုင်းဖြစ်ပွဲနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒါ့ကြောင့် ဖားကန့်မြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံအရပ်သားတွေအနေနဲ့အသွားအလာဂရုစိုက်ကြဖို့ ကချင်လွတ်လပ်ရေးတပ် မတော် KIAနဲ့ပူးပေါင်းတပ်တွေက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဟာမြန်မာနိုင်ငံတစ်ဝှမ်းမှာသူတို့လက်လွှတ်ထားရတဲ့မြို့တွေကိုပြန်လည်ရယူဖို့အရှိန်အဟုန်မြင့်ကြိုးစားလာနေပြီး ကချင်ပြည်နယ်မှာလည်း ဖားကန့်၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေမှာတိုက်ပွဲပြင်းထန်နေပါတယ်။
By – အမိုး



