ပူတာအိုမှာ လန်ဆယ်ထိုးစစ်ထောက်ခံကြောင်းနဲ့ KIA အလိုမရှ်ိကြောင်း လူတစ်စုဆန္ဒထုတ်ဖော်
စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေက လက်ရှိဆင်နွှဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်းနဲ့ ပူတာအိုဒေသမှာ KIA၊KPDF တွေအလိုမရှိကြောင်း လူတစ်စုက ဒီကနေ့ပူတာအိမြို့ပေါ်မှာဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ကတည်းကနေစတင်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်၊တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဆင်နွဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်း၊ ရဝမ်လူမျိုးစုရဲ့ဘိုးဘွားပိုင်မြေဖြစ်တဲ့လန်ဆယ်ဒေသမှာKIA ထိန်းချုပ်မှုအလိုမရှိကြောင်း၊ပူတာအို၊ခေါင်လန်ဖူးဒေသတွေမှာ KIA၊KPDF အဖွဲ့တွေအလိုမရှိကြောင်းစတဲ့ကြွေးကြော်သံတွေနဲ့ အတူ ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့ မနက် ၈ နာရီကနေ ၉ နာရီအထိပူတာအိုမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားပါတယ်။
“ခနလေးပဲပြသွားတာ လုံးစွတ်ရပ်ကွက်ထဲက တန်ဂူးတန်ဆီပန့်ဆိုင်မှာလူစုတယ်။ အဲ့ဆီပန့်ကနေ လေယာဥ်ကွင်းက သားအဖသုံးယောက်လမ်းဆုံအထိပဲ တစ်ဖာလုံကျော်ကျော်ပဲရှိမယ်သူတို့လမ်းလျှောက်ဆန္ဒပြတာ”လို့ အသက် ၃၀ ကျော်အရွယ် ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။
ဒီကနေ့ဆန္ဒထုတ်ဖော်ပွဲမှာ ဘိုးဘွားပိုင်နယ်မြေများတည်တန့်ရေး (ဒို့အရေး)၊တိုင်းရင်းသားစစည်းလုံးညီညွတ်ရေး(ဒို့အရေး)၊လန်ဆယ်ဒေသ စစ်ဆင်ရေးများ( အောင်ပါစေ)၊လန်ဆယ်ဒေသသို့ ကျူးကျော်ဝင်ရောက်လာသော KIO/ KIA နှင့် အပေါင်းအပါများအား ( ဆန့်ကျင်ကြ)စတဲ့ကြွေးကြော်သံတွေပါဝင်ကြောင်းသိရပါတယ်။
အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကို စစ်တပ်ထောက်ခံသူလူတစ်စုဦးဆောင်ပြုလုပ်တာလို့သိရပြီး စစ်တပ်ထောက်ခံသူနဲ့ ရဝမ်ပြည်သူ့စစ်ထောက်ခံတဲ့အသိုင်းအဝိုင်းကလူဦးရေ ၁၀၀ ဝန်းကျင်ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရပါတယ်။
“မြို့ပေါ်ကလူတွေသိပ်မတွေ့ဘူးရွာဘက်က ရဝမ်တွေပါတယ်။ ပြီးတော့ဂျူဗလီဘက်နဲ့ကောင်ကထောင်ဘက်က ရဝမ်တွေပါတယ် ကျန်တဲ့လူမျိုးစုမပါဘူးရဝမ်တွေပဲပါတယ်”လို့ နောက်ထပ် ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို စစ်တပ်၊ရဲနဲ့တန်ဂူးတန်ပြည့်သူ့စစ်အဖွဲ့က လုံးခြုံရေးယူပေးထားတယ်လို့လည်းသိရပါတယ်။
ပူတာအိုမြို့ပေါ်မှာအခုလိုဆန္ဒထုတ်ဖော်ခဲ့တာနဲ့ပတ်သက်ပြီး အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး အခုလိုပြောပါတယ်။
“ဒီကောင်တွေဆူပူအောင်လုပ်နေတာ သူတို့ဒီလိုလုပ်တာနဲ့ဆူပူပြီး တိုက်ပွဲတွေဖြစ်လာနိုင်တယ်။ ပူတာအိုကငြိမ်းငြိမ်းချမ်းချမ်းနေနေတာကိုသူတို့လုပ်ပုံနဲ့က ဆူပူတော့မှာတခြားလူမျိုးတွေကငြိမ်နေမှာမဟုတ်ဘူးအခုဆန္ဒပြတဲ့ထဲမှာရဝမ်တွေပဲပါတယ်။ ပြီးရင်ဘယ်သူမှဒါကိုမကြိုက်ကြဘူး”လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဒါ့အပြင်အခြား အသက် ၄၀ ကျော်အရွယ်ရှိတဲ့ ပူတာအိုမြို့ခံရဝမ်အမျိုးသားတစ်ဦးကလည်းယင်းဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီးအခုလိုသုံးသပ်ထားပါတယ်။
“ဒါကခေါင်လန်ဖူးဘက်ကနေစတာဗျ လန်ဆယ်က KIAထိန်း ချုပ်လိုက်တော့ ရဝမ်ပြည်သူ့စစ်တွေနဲ့သူ့ရဲ့အပေါင်းအပါတွေအတွက်အကျိုးအမြတ်မရှိတော့ဘူးလေ။ အဲ့ကြောင့်လန်ဆယ်ထိုးစစ်ထောက်ခံတယ်၊လန်ဆယ်မှာKIAအလိုမရှိလို့အော်နေကြတာ ကြားထဲကကျနော်တို့လူတခြားရဝမ်တွေက နေရခက်တယ်ဗျမကြားချင်လည်းကြားနေရတယ်”လို့ သူကပြောပါတယ်။
ပူတာအိုမြို့နဲ့ခေါင်လန်ဖူးမြို့ပေါ် တွေမှာအခုလိုဆန္ဒထုတ်ဖော်ပွဲ တွေဆက်တိုက်ပြုလုပ်လာတာနဲ့ပတ်သက်ပြီးတော့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလည်းအခုလိုသုံးသပ်ထားပါတယ်။
“ဒါကသူတို့စိတ်ထဲမှာရှိတဲ့ဆန္ဒအတိုင်းထုတ်ဖော်ကြတာပေါ့အမှန်က ကျွန်တော်တို့ကာကွယ်ရေးတပ်တွေကလည်းကိုယ့်ဒေသခံ လူမျိုးအချင်းချင်းတိုက်ပွဲ မဖြစ်ချင်ပါဘူး။ ကျွန်တော်တို့က စစ်အာဏာရှင်ကျဆုံးဖို့အတွက်တိုက်နေတာပါ ဆိုတော့အခုလိုဆန္ဒထုတ်ဖော်တာက အဖြေမဟုတ်ဘူးလို့မြင်တယ်”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း ခေါင်လန်ဖူးမြို့ပေါ်မှာ စစ်တပ်နဲ့ ရဝမ်ပြည်သူ့စစ်ထောက်ခံတဲ့လူတစ်စု အလားတူဆန္ဒထုတ်ဖော်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။
လန်ဆယ်ဒေသကို KIA နဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်ဒီဇင်ဘာလမှာ KIAနဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
By – Zaw Zaw



