လေပြင်းမုန်တိုင်းသင့်ခဲ့တဲ့ အင်းတော်ကြီးစစ်ဘေးရှောင်တွေ အကူညီလိုအပ်နေ
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်ဘေးရှောင်နေတဲ့ပြည်သူတွေမှာ လေပြင်းမုန်တိုင်းဒဏ်မကြာခဏကြုံတွေ့နေရတဲ့အတွက် အဆောင်တွေပျက်စီးပြီး နေစရာအခက်ကြုံနေတယ်လို့ စစ်ရှောင်တွေပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ည ၈ နာရီနဲ့ ၉ နာရီကြား မိုင်းနောင်ရွာနဲ့ နန့်မွန်းမြို့ဒေသခံတွေစစ်ဘေးရှောင်နေကြရတဲ့ အင်းတော်ကြီးဒေသ၊ ညောင်ပင်ရွာဘက် လေပြင်းမုန်တိုင်းငယ်တိုက်ခတ်ခဲ့တာကြောင့် စစ်ရှောင်တွေခိုလှုံနေတဲ့ အဆောင်တန်းထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
“လျှပ်စစ်လျှပ်ပြီး မိုးခြိမ်းသံတွေနဲ့ လေပြင်းမုန်တိုင်းငယ်တိုက်ခတ်လာတာဖြစ်တယ်။ မိုးတွေယိုပြီး အိပ်ယာတွေအားလုံး စိုကုန်လို့ အိပ်မယ့်နေရာတောင်မရှိပဲ ဖြစ်သွားတာ။ အိပ်လို့လည်းမရ အခက်အခဲတွေတော့ များတယ်”လို့ စစ်ဘေးရှောင်တာဝန်ခံက ပြောပြပါတယ်။
ညအချိန် မိုးနဲ့အတူလေပြင်းမုန်တိုင်းငယ်တိုက်ခတ်ခဲ့တဲ့အတွက် အိမ်ခြေ ၅ ခုနေထိုင်တဲ့အဆောင်ကျိုးကျတာ၊ နောက်ထပ် အဆောင်တစ်ချို့နဲ့ နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီအဆောင်တွေပြန်လည်မွမ်းမံတည်ဆောက်ထားတာတွေ ပြုလုပ်ထားပေမယ့် ရာသီဥတုအခြေအနေအရ ထပ်စိုးရိမ်ရတယ်လို့ ပြောပါတယ်။
“အခုကျနော်တို့က အင်းတော်ကြီးအနောက်ဘက်မှာ နေနေကြတာဖြစ်တယ်။ အင်းတော်ကြီးအနောက်ဘက်ကနေလာတဲ့ လေပြင်းတွေက တော်တော်ကြမ်းတယ် စိုးရိမ်ရတယ်။ ဒါကြောင့် ဆက်လက်ပြီး ကျနော်တို့ ဒီလိုပုံစံပဲဆက်နေနေလည်း အဆောင်တွေက ထပ်ပျက်မယ့်အနေအထားရှိတယ်။ ပိုဒုက္ခရောက်လာတာပဲရှိတယ်။ တချို့အဆောင်တွေဆို မပြိုသွားယုံပဲ အကုန်စောင်းကုန်ပြီ။ ဆန်ဂိုဒေါင်တွေ၊ အဆောင်တွေ စောင်းကုန်ပြီ။ ပြန်လည်တည်ဆောက်ယူဖို့ တော်တော်ခက်ခဲနေတယ်။”လို့ အင်းတော်ကြီးဒေသစစ်ရှောင်တစ်ဦးပြောပါတယ်။

နန့်မွန်းမြို့နဲ့ မိုင်းနောင်ရွာဒေသခံတွေဟာ ညောင်ပင်၊ ချောင်း၀ ၊ တာမခန်၊ ဟိုပင် စတဲ့ နေရာတွေဘက်ကို တစ်ကွဲတစ်ပြားစစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။
အဲဒီထဲမှာမှ အင်းတော်ကြီးအိုင် အနောက်ဘက်ခြမ်းမှာတော့ စစ်ဘေးရှောင် လူဦးရေ ၃၀၀ ခန့် ခိုလှုံနေကြတာလို့ သိရပါတယ်။
“ခက်ခဲတာတွေကတော့ ကျနော်တို့စစ်ဘေးရှောင်စခန်းက တစ်နှစ်ကျော်ကြာပြီ။ အခုကျနော်တို့နေနေတဲ့ အဆောင်တွေက ယိုယွင်းကုန်ပြီ။ ကူညီတဲ့အဖွဲ့အစည်းတွေကိုလည်း တော်တော်တော့ အကူအညီတောင်းကြည့်တယ်။ ဒါပေမယ့် မရသေးဘူး ကျနော်တို့အဆောင်မှာ သုံးထားတဲ့ အမိုးတွေ၊ မိုးကာတွေ ဆွေးကုန်ပြီ ဆိုတော့ လုံခြုံမှုမရှိတော့တာဖြစ်တယ်။” လို့ စစ်ဘေးရှောင်တာဝန်ခံတစ်ဦးက ပြောပါတယ်။
ဒီစစ်ဘေးရှောင်စခန်းမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေများပြီး ကျန်းမာရေး၊ ပညာရေးအတွက်လည်း ကူညီထောက်ပံ့မှုများစွာလိုအပ်နေတယ်လို့ ပြောပါတယ်။
အင်းတော်ကြီးဒေသဟာ လမ်းသွားလမ်းလာ လုံခြုံရေးအခြေအနေတွေကြောင့် ကူညီမှုတွေလည်း မရောက်ရှိနိုင်ပဲ စစ်ဘေးရှောင်တွေ ခက်ခဲစွာဖြတ်ကျော်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ ၊ မိုင်းနောင်ကျေးရွာတွေမှာ ကချင်တိုင်းရင်းသားဒေသခံတွေနေထိုင်လှုပ်ရှားသွားလာလို့မရတဲ့အနေအထားဖြစ်ပြီး တစ်ခြားတိုင်းရင်းသား ရှမ်း၊ ဗမာတွေက သွားလာလှုပ်ရှား နေထိုင်လို့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ဇွန်လနောက်ဆုံးပတ်ကစပြီး နန့်မွန်ရွာတွင်း ရှမ်းနီပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်တွေ သေနတ်ပစ်ဖောက် ဝင်ရောက်လာတာကြောင့် ဒေသခံတွေစတင်စစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
နန့်မွန်မြို့အတွင်း ကျန်ရှိခဲ့တဲ့ ရွာသားတချို့ကိုလည်း ပြည်သူ့စစ်နဲ့စစ်ကြောင်းတွေ သတ်ဖြတ်တာမျိုးတွေ၊ ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိချိန်ထိ ဒေသခံတွေ မိမိနေရပ်ကို ပြန်လာလို့မရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းနဲ့ ဧပြီလဆန်းမှာလည်း မိုးညှင်းခရိုင်အတွင်း လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် နမ္မတီးစစ်ဘေးရှောင်များ၊ အင်းတော်ကြီး ၊ ဟိုပင် စတဲ့နေရာတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေ ထခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရာသီဥတုဖောက်ပြန်မှုနဲ့ လေပြင်းတွေ မကြာခဏတိုက်ခတ်လျက်ရှိတာကြောင့် တဲအိမ်ငယ်လေးတွေနဲ့ ဖြစ်သလိုတည်ဆောက်ပြီး စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေမှာ စိုးရိမ်မှုတွေနဲ့ပဲ ဖြတ်ကျော်နေကြရတယ်လို့ ဆိုပါတယ်။
By – ဂျာဘောက်ရာ




