ဖားကန့်မှာ ဆေးရုံတစ်ခုစီးနင်းခံရပြီး ဆရာဝန်အပါ အယောက် ၂၀ ခန့်ဖမ်းဆီးခံရ
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာရှိ မိုင်ဆေးရုံက ဒေါက်တာ ရာဇာထွန်းနဲ့ ဆေးဝန်ထမ်း အယောက် ၂၀ ကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဧပြီလ ၂၁ ရက်နေ့ည ၇ နာရီခွဲဝန်းကျင်လောက်မှာ အောင်ရာရွာထဲ ကင်းပုန်းဝပ်ဝင်ရောက်နေရာယူပြီး မိုင်ဆေးရုံကို ဝင်စီးနင်းခဲ့တာဖြစ်တယ်လို့ အခြေအနေမှန်ကို သိရှိတဲ့ ဖားကန့်ဒေသခံပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။
“ဖြစ်စဉ်က ည ၇ နာရီခွဲဝန်းကျင်လောက်ဖြစ်မယ် အောင်ရာ ထွန်းတောက်တွေမှာ အရင်နေရာဝင်ယူပြီး ရပ်ကွက်နေ ပြည်သူတစ်ချို့ကို ဖမ်းဆီးရိုက်နက်တာတွေအရင်လုပ်တယ်။ ပြီးရင်မိုင်ဆေးရုံကို ပြန်ပြီးဝင်စီးတယ်။ ဆရာဝန်၊ ဆရာမတွေကို ဧည့်တွေ့ဆောင်မှာ ဒူးထောက်ထားခိုင်းတယ်။ ပြီးရင် ဆရာဝန်ကို အပြင်ဘက်ကို ဆွဲခေါ်ပြီး … မင်းတို့ ဆရာဝန်တွေ …. မင်းတို့ဆရာဝန်တွေ ဆိုပြီး ရိုက်နက်တယ်”လို့ပြောပါတယ်။
အောင်ရာရွာထဲ စစ်ကြောင်းဝင်ရောက်ပြီး မိုင်ဆေးရုံကို ဝင်စီးတဲ့ စစ်ကြောင်းတွေထဲမှာ ဝါရာဇွပ်ပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်း ပြည်သူ့စစ် ၊ စစ်အင်အားအများအပြားပါဝင်တယ်လို့သိရပါတယ်။
စစ်ကြောင်းတွေ မိုင်ဆေးရုံးကို ဝင်ရောက်စီးနင်းတာတွေမလုပ်ခင်း ရွာတွင်းလမ်းမကြီးတစ်လျှောက် စစ်ကြောင်းတစ်ခုနဲ့ ကင်းပုန်းဝပ်နေရာယူထားပြီး နောက်ထပ် စစ်ကြောင်းတစ်ခုက ဝင်ရောက်စီးနင်းတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့သူတွေကပြောပါတယ်။

မိုင်ဆေးရုံက စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေါက်တာရာဇာထွန်းအပါ အယောက် ၂၁ ဦးထဲမှာ ဆရာမ မညိုညိုအောင်၊ ဆရာမ အေးမွန်မွန်ကျော်၊ ဆရာ ဟိန်းထက်ဇော်၊ ဆရာ ချစ်နိုင်းနိုင်၊ ဆရာမ ဇူးဇူးအောင်၊ ဆရာမ မေသူကျော်၊ ဆရာမ ဂျာမိုင်၊ ဆရာမ ပြည့်ပြည့်၊ ဆရာမ ဝန်းသီရိ၊ ဆရာ မောင်ရဲထက်ခိုင်တို့ဖြစ်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ထဲမှာ နောက်ထပ် ထမင်းချက် ၂ ယောက်၊ ကောင်တာ ၂ယောက်၊ အလုပ်သမား ၅ ယောက်ပါဝင်ပြီး ဆေးရုံမှာ ၂ ဦးသာကျန်ရှိထားတယ်လို့ သိရပါတယ်။
မိုင်ဆေးရုံတွင်း ဆေးဆရာဝန်တွေ ဝင်ရောက်ဖမ်းဆီးခံရမှုထဲမှာ လူနာ ၁ ဦး၊ လူနာစောင့် ၃ ဦးကိုလည်း ဖမ်းဆီးမှုထဲခေါ်ဆောင်သွားပြီး ငွေသား၊ Starlink Gen – 3 အမျိုးအစားတစ်ခု၊ Iphone ဖုန်း ၁၀ လုံးလည်း သိမ်းယူသွားတယ်လို့ ဆက်သိရပါတယ်။
လက်ရှိအချိန်အထိ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးတာလည်းဖြစ်ပါတယ်။
အခုလို မိုင်ဆေးရုံဝင်ရောက်စီးနင်းခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက “ညထဲကနေဝင်ရိုက်ပြီးဖမ်းသွားတယ်ဆိုတာ သတင်းတော့ကြားပါတယ်။ ဆရာမတစ်ယောက်နဲ့ လူနာ နှစ်ယောက်ပဲကျန်ခဲ့တယ်လို့ကြားတယ်။ မိုင်ဆေးခန်းက တစ်ခါတစ်လေ ရဲဘော်တွေ ဒဏ်ရာရရင် ကုသပေးတာမျိုးတော့ရှိမယ်ထင်တယ်။ အဲ့ဒါကြောင့် ဝင်ဖမ်းတယ်လို့ထင်ပါတယ်”လို့သုံးသပ်ပြောဆိုတာဖြစ်ပါတယ်။
မိုင်ဆေးရုံဟာ အထွေထွေရောဂါကုသဆေးခန်းတစ်ခုဖြစ်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ ရံဖန်ရံခါ ဆေးကုသခံယူနေတဲ့ ဆေးရုံဖြစ်တာကြောင့် ဝင်ရောက်စီးနင်းတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုတာလည်းဖြစ်ပါတယ်။
ဖားကန့်မှာ စစ်တပ်က ပြည်သူ့စစ်အင်အားတွေဖြည့်တင်းပြီးတော့ ဧပြီလ ၇ ရက်နေ့နောက်ပိုင်း KIA ထိန်းချုပ်နေရာတွေကို တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး ဖားကန့် လုံးခင်း၊ မှော်ဆီစာ ကျေးရွာတစ်လျှောက် တစ်ရွာဝင် တစ်ရွာထွက် စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။
ဖားကန့်ဒေသရဲ့ စစ်ရေးအခြေအနေအရ စစ်တပ်ဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဖောက်နိုင်ဖို့အတွက် စစ်အင်အား ၃၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းခွဲကာ စစ်ရေးလှုပ်ရှားနေတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




