ဖားကန့်ပြည်သူတွေ စစ်တပ်ရဲ့ အကြမ်းဖက် စီးနင်းခံရပြီး လုယက်မှုဆက်တိုက်ကြုံနေရ

ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ကျေးရွာ၊ ရပ်ကွက်အတွင်း အရပ်သားပြည်သူတွေဆီကနေ ငွေနဲ့တန်ဖိုးရှိပစ္စည်းလုယက်တာတွေ ဆိုးဆိုးရွားရွာလုပ်နေတယ်လို့ ဖားကန့် ပြည်သူတွေဆီကနေသိရပါတယ်။

တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်အင်အားဖြည့်တင်းထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်းပြည်သူ့စစ်ပါဝင်တဲ့ စစ်ကြောင်းတွေဟာ ဖားကန့်၊ လုံးခင်းကျေးရွာအဝင်အထွက်တွေမှာ အထိုင်ချထားပြီးတော့ တစ်ရွာဝင်တစ်ရွာထွက် စစ်ရေးလှုပ်ရှားနေတာ တစ်ပတ်ကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့ည ၇ နာရီနဲ့ ၈နာရီကြားမှာ လုံးခင်းကျေးရွာရှိ Mai (မိုင်) ဆေးရုံးစီးနင်းခဲ့ပြီးနောက် ဥရုဆွတ်အောင် တည်ခိုခန်းကို စီးနင်းခဲ့ရာမှာ မန်နေဂျာအပါ ဝန်ထမ်း ၇ ယောက်ကို ဖမ်းဆီးသွားတဲ့အပြင် လာရောက်တည်းခိုနေတဲ့ ဧည့်သည် ၄ ဦး၊ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးသွားတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဥရုဆွတ်အောင်တည်းခိုခန်းဟုတ်တယ်။ မနေ့ည ၇ နာရီခွဲလောက်မှာ တစ်ခါတည်းဖြစ်သွားတာ။ တည်းခိုခန်းမှာက ပိုက်ဆံတွေလည်း အကုန်သိမ်းယူသွားတယ်တဲ့။ လာတည်းတဲ့ ဧည့်သည်တွေဆီကနေလည်း ပိုက်ဆံနဲ့ ဖုန်းတွေယူသွားတယ်။ ဖမ်းဆီးသွားတဲ့ ဝန်ထမ်း ၇ ယောက်ထဲမှာ ထမင်းချက်တဲ့အဘွားတစ်ယောက်ပါတယ်လို့ပြောပါတယ်။

ဆွတ်အောင်တည်းခိုခန်းစီးနင်းခံရမှုမှာ ဝန်ထမ်းအပါ တည်းခိုတဲ့ဧည့်သည်နဲ့ ၁၁ ဦးကို ဖမ်းဆီးသွားတဲ့အပြင် ငွေသားနဲ့ ဖုန်းအလုံး ၂၀၊ ကား ၂ စီးနဲ့ တခြားပစ္စည်းတွေလည်း သိမ်းယူသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေပြောပါတယ်။

PSA

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၁၁ ဦးမှာ တည်းခိုခန်း မန်နေဂျာ ဦးဇော်နန်၊ ကိုဂျော်လထွယ်အောင်၊ ကိုခွမ်ဘွဲထွယ်အောင်၊ ဒေါ်ဝင်ငိုက်နမ်()သူဇာ၊ မချောရတနာမောင်၊ ဦးခေါင်ဂန်း၊ မောင်မုန်ခေါန်၊ မဝါဝါလင်း၊ မောင်ရန်ဆီး၊ ဦးလင်းခဈာန်၊ အောင်မျိုးကို တို့ဖြစ်ပါတယ်။

မနေ့ည တစ်ညထဲမှာပဲ ဥရုဆွတ်အောင်တည်းခိုခန်းအပါ နောက်ထပ် Mai (မိုင်) ဆေးရုံက ဒေါက်တာရာဇာထွန်းအပါ ဆေးဝန်ထမ်း ၂၀ ခန့်ကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတာဖြစ်ပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခြေအနေသေးစိတ်ကို မသိရသေးတာလည်းဖြစ်ပါတယ်။

ဖားကန့်ဒေသထဲက ဧပြီလ ၆ ရက်နေ့ စစ်အင်အားဖြည့်တင်းတဲ့ စစ်ကြောင်းတွေဝင်ရောက်လာတဲ့နောက် လုံးခင်းကျေးရွာအုပ်စုတစ်လျှောက် ထွန်းတောက်ဆီဆိုင်၊ ဂေါက်ကွင်းအနီးနေရာနဲ့ နှစ်မျက်နှာဘုရားပေါ်တွေမှာ အုပ်စုခွဲပြီး တပ်စွဲထားတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေက လုံခြုံရေးအကြောင်းပြပြီး လမ်းသွားလမ်းလာ စစ်ဆေးရေးတင်းကြပ်ကာ ပြည်သူတွေဆီက အကြမ်းဖက်လုယက်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်းမှာတင် ပြည်သူ့စစ်အဖွဲ့တွေက ဝက်သားသည်နဲ့ ရွှေရင်အေးရောင်းတဲ့ အမျိုးသမီးတစ်ဦးဆီကနေ ငွေးသား၊ ရွှေလက်ကောက် ၊ ဆွဲကြိုးတွေ သိမ်းယူလိုက်တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။

အခုက ရွှေရင်အေးရောင်းတဲ့သူတောင်မကျန်ဘူး ဓါးပြလိုပဲလုယူကြတာ။ ကျနော်မှတ်မိသလောက်ဆိုရင် ဖြစ်စဉ် ၄ ခုလောက်တောင်ရှိပြီ။ မျောက်ကုန်းမှာက ဝက်သားသည်ဆီကနေ နားကပ်၊ ရွှေကြိုးနဲ့ ငွေသား သိန်း ၁၅၀ လုယူသွားတယ်တဲ့။ နောက် လုံးခင်းဆေးရုံရှေ့မှာလည်း ဆုကြေးကောက်တဲ့အမျိုးသမီးဆီက ပိုက်ဆံကသိန်း ၅၅ သိန်းလို့ပြောတယ်။ အဲ့မှာလည်း လက်ကောက်၊ လက်စွပ်အကုန်ပါသွားတယ်။ ဖုန်းတော့ပြန်ပေးခဲ့တယ်။ ကျနော်တို့ကို တိုင်ကြားပေးဖို့လာပြောပြတာဟုတ်တယ်လို့ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ စျေးသည်အမျိုးသမီးတွေဆီကနေ အကြောင်းပြချက်မရှိပဲ အကြောင်းမဲ့ လုယူသွားကြတာဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ် တိုက်ပွဲဖြစ်တဲ့ သင်္ကြန်ကာလအတွင်း လုံးခင်းကျေးရွာထဲမှာ အရပ်သားပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စစ်ရေးကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်နေရတဲ့အချိန် အခုလို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် ဖားကန့်ပြည်သူတွေဟာ နေ့စဉ်သွားလာရှင်သန်ဖို့ ပိုပြီးကြပ်တည်းမှုကို ကြုံတွေ့နေရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button