တစ်လကျော်ကြာ ထိုးစစ်ဆင်နေပေမယ့် ရွှေကူမြို့ထဲ စစ်ကြောင်းမဝင်နိုင်သေး

ကချင်ပြည်နယ် ရွှေကူငအိုးလမ်းကြောတစ်လျှောက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းဟာလည်း ရွှေကူမြို့ထဲကို အခုချိန်ထိ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ငအိုး ရွှေကူမိန်းလမ်းတလျှောက်လုံးကို စစ်တပ်ဘက်က မိန်းလမ်းမကြီးတလျှောက် ကားကင်းတွေချကာ ခြေကုပ်ယူထား တယ်လို့သိရပြီး အဲ့ဒီနေရာတွေကို တော်လှန်ရေးအင်အားစုတွေကကြားဖြတ်တိုက်ခိုက်တာတွေကြောင့် နှစ်ဖက်မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာလို့ ပြောပါတယ်။

ဒီရက်ပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲကပြင်းထန်လာတယ်လို့ အဲ့ဒီဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။

စကစတပ်တွေက ငအိုးကနေ ရွှေညောင်ပင်ရွာအထိ တပ်ဖြန့်ထားပြီး မိန်းလမ်းမကြီးတစ်လျှောက် ခြေကုပ်ယူထားတဲ့ အနေအထားပါ။ အဲဒီ ခြေကုပ်ယူထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာပါ။ တိုက်ပွဲက အခုတလော တဖြည်းဖြည်း ပိုပြင်းထန်လာနေပါတယ် လို့ သူက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာတော့ တော်လှန်ရေးအင်အားစုဘက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF တပ်ဖွဲ့တွေ ပူးပေါင်းပြီး နေရာအနှံ့ကနေ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေသလို သေဆုံးမှုတွေလည်း များပြားနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ လမ်းကြောတစ်လျှောက်ရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ လုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“KIA နဲ့ KPDF ပူးပေါင်းမဟာမိတ်အဖွဲ့တွေက နေရာပေါင်းစုံကနေ ကြားဖြတ်တိုက်ခိုက်နေတာကြောင့် စစ်တပ်စစ်ကြောင်းဟာ ဒီနေ့အထိ ရွှေကူမြို့ထဲကို ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ တိုက်ပွဲအခြေအနေကတော့ စကစဘက်က အတော်အထိနာနေပြီး သေဆုံးမှုတွေလည်း များနေပါတယ်။ မိန်းလမ်းမတစ်လျှောက်က ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်” လို့ အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက ရွှေကူမြို့နယ်  လမ်းဆုံနဲ့ ငအိုးဘက်တွေမှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငအိုးကို ရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာလည်း ရွှေကူဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လမ်းတစ်လျှောက် တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အပြည့်အဝ ဝင်ရောက်နိုင်ခြင်း မရှိသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

ငအိုးရွာကို ရောက်ရှိလာတဲ့ အဆိုပါ စစ်ကြောင်းဟာ ထီးချိုင့်မြို့နယ် မြတောင်ဘက်ကနေ တက်လာတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး ငအိုးရွာအခြေစိုက် ခလရ၁၂၁ တပ်နဲ့ ပူးပေါင်း အထိုင်ချထားတာဖြစ်တယ်လို့ သိရပါတယ်။

ငအိုးတပ်ထဲ ဝင်ရောက်လာတဲ့ စစ်ယာဉ်တန်းတွေမှာ ရိက္ခာတင်ယာဉ်တွေအပါအဝင် ယာဉ်အစီးရေ ၃၀ ခန့် ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကိုင်းကချင်အစပ် မန္တလေးမြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်မှာလည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်တင်းမာနေပြီး နှစ်ဖက်အင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေဟာ အချိန်မရွေး ပြန်လည်ဖြစ်ပွားလာနိုင်တဲ့ အခြေအနေအထိ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button