တောင်ပြိုမှုကြောင့် ဆဒုံး–ကန်ပိုင်တီလမ်း ခရီးသွားလာလို့မရသေးဟုဆို

ကချင်ပြည်နယ် ဝိုင်းမော်ဆဒုံးကန်ပိုင်တီလမ်းမှာ တောင်ပြိုမှုတွေကြောင့် လမ်းပိတ်နေပြီး ခရီးသွားလာလို့ မရသေးဘူးလို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ည ဆဒုံးမြို့မရောက်ခင် ရေတံခွန်အနီး စျေးတန်းမှာ တောင်ထပ်ပြိုခဲ့တဲ့အတွက် စျေးဆိုင်တချို့ ထိခိုက်ပျက်စီးခဲ့သလို ဆဒုံးကန်ပိုင်တီကြား လမ်းပိုင်းမှာလည်း နေရာ ၁၀ ခုထက်မနည်း လမ်းပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ ဝိုင်းမော်ဆဒုံးကန်ပိုင်တီလမ်းပိုင်းတစ်လျှောက် ကားအစီးရေ အများအပြား ပိတ်မိနေကြတယ်လို့ ဆဒုံးဒေသခံတစ်ဦးက ပြောပါတယ်။

ဆဒုံးရေတံခွန်တံတားနား စျေးတန်းမှာတင် တောင်ပြိုလို့ အခုထိ သွားလို့မရသေးဘူး။ အဲဒီမှာ ပိတ်မိနေတဲ့သူတွေလည်း ဖြတ်လာလို့ မရနိုင်သေးဘူး။ မနေ့ညက အဲဒီနေရာမှာ ကားတွေအများကြီး လာရပ်နေကြတာ၊ တောင်ထပ်ပြိုတော့ သွားလာလို့မရတော့ဘဲ လမ်းပိတ်ပြီး ကြပ်တည်းနေကြတယ်လို့ ဆဒုံးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်ကလည်း ဆဒုံးမြို့အကျော် လဂျောင်ကျေးရွာအနီး လမ်းပိုင်းမှာ ဆိုးဆိုးရွားရွား လမ်းပြိုကျခဲ့တာကြောင့် ပြန်လည်ပြုပြင်ပြီးနောက် ကားတွေ ပြန်လည်သွားလာနိုင်ခဲ့ပေမယ့် တစ်ပတ်ခန့်သာ ရှိသေးတယ်လို့သိရပါတယ်။

ဒါပေမယ့် ခုလို တောင်ထပ်မံထပ်ပြိုမှုကြောင့် လမ်းပိုင်းသွားလာလို့ လုံးဝအဆင်မပြေတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဆဒုံးမြို့မရောက်ခင် ရေတံခွန်စျေးတန်းအနီး ကားကြီး၊ ကားငယ် အများအပြား ပိတ်မိနေပြီး တောင်ပြိုမှုကြောင့် ကားတချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆက်လက်သိရပါတယ်။

ဒီလမ်းပိုင်းကို ပြန်လည်ပြုပြင်နိုင်ဖို့ အချိန် ၄ ရက်ကနေ တစ်ပတ်ခန့်အထိ ကြာမြင့်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေသေးတာကြောင့် တောင်တွေ ထပ်မံပြိုကျနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး လမ်းပိုင်းပြုပြင်ရေးလုပ်ငန်းတွေလည်း အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အခုလမ်းပိုင်း ပြုပြင်နိုင်ဖို့ ၃၊ ၄ ရက်တော့ လိုဦးမယ်ထင်တယ်။ လမ်းပြင်နိုင်ဖို့တော့ တော်တော်ကြိုးစားနေကြတယ်။  နှစ်တိုင်း ဒီအချိန်ဆို ဒီလမ်းပိုင်းမှာ တောင်ပြိုတာ ပုံမှန်ဖြစ်တတ်တယ်။ မနှစ်ကလည်း အခုမြေပြိုတဲ့နေရာရဲ့ အထက်ဘက်မှာ ပြိုခဲ့လို့ ၂ ရက်လောက် လမ်းပိတ်သွားသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ခေါက် လဂျောင်ကျေးရွာအနီး ကန်ပိုင်တီသွားလမ်းမှာ ဖြစ်ခဲ့တာကတော့ အဆိုးရွားဆုံးလို့ ပြောရမယ်လို့ ဆဒုံးဒေသခံက ဆက်ပြောပါတယ်။

ဆဒုံးမြို့ကနေ ကန်ပိုင်တီသွားလမ်း လဂျောင်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်က လမ်းမြေသားတွေ ကျွံကျကာ ဆိုးရွားစွာ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။

လဂျောင်ကျေးရွာအနီးပတ်ဝန်းကျင်မှာ ကျောက်မည်းတူးဖော်မှုအလွန်အကျွံပြုလုပ်ခဲ့ကြတာကြောင့် မြေကြီးတွေ ခိုင်မှာမှုမရှိတော့ပဲ အခုလို မိုးရွာသွန်းချိန်တိုင်း လွယ်တကူ တောင်ပြို၊မြေပြို လမ်းပိုင်းမြေပြိုတာတွေ ဖြစ်နေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကချင်ပြည်နယ်ဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြို၊ မြေပြိုမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ 

အထူးသဖြင့် ဝိုင်းမော်ဆဒုံးကန်ပိုင်တီလမ်း၊ မြစ်ကြီးနားပူတာအိုလမ်းနဲ့ ဖားကန့်ဒေသ လမ်းပိုင်းတွေမှာ တောင်ပြို၊ မြေပြိုမှုတွေကြောင့် လမ်းပိတ်ဆို့တာ၊ ခရီးသွားလာရေးပြတ်တောက်တာနဲ့ လူနေအိမ်၊ ယာဉ်တွေ ထိခိုက်ပျက်စီးတဲ့ ဖြစ်စဉ်တွေ နှစ်စဉ်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button