ဗလမင်းထင်တံတား ကုန်သယ်ခွင့် ကန့်သတ်ချက် မမျှတဟု ကုန်သည်တွေပြော
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ ကုန်သယ်ယူခွင့် ပိတ်ထားပေမယ့် ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ ဆွေမျိုးနီးစပ်တဲ့ ကုန်သည်တချို့ကိုတော့ ကုန်တင်သွင်းခွင့်ပေးနေတယ်လို့ ကုန်သည်တွေနဲ့ ကားသမားတွေက ပြောပါတယ်။
ဒီလို ကုန်သယ်ခွင့် ကန့်သတ်ချက်မှာ ကုန်သည်တိုင်းကို တန်းတူသတ်မှတ်မထားဘဲ အာဏာရာထူးရှိတဲ့သူတွေနဲ နီီးစပ်သူတချို့ကိုသာ ခွင့်ပြုနေတဲ့အပေါ် မမျှတဘူးလို့လည်း ကုန်သည်တွေက ထောက်ပြနေကြပါတယ်။
“ကျနော်တို့ကျတော့ သယ်မရဘူး ပြုမရဘူးတဲ့၊ သူတို့လူတွေကျတော့ ညညဆို ကားအကြီးနဲ့ကို သယ်နေကြတာ။ ရှင်းရှင်းပြောရရင် လူကြီးပိုင်တဲ့သူတွေက သယ်ခွင့်ရပြီး မပိုင်တဲ့သူတွေကျတော့ တစ်ချို့က ဝိုင်းမော်မှာသောင်တင်နေတယ်။ တစ်ချို့ကျတော့ စက်လှေနဲ့အဆင့်ဆင့်သယ်ယူနေရတယ်“လို့ ကုန်သည်တစ်ဦးပြောပါတယ်။
စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး တရုတ်နယ်စပ် ကံပိုက်တည်နဲ့ လိုင်ဇာဘက်ကနေ မြစ်ကြီးနားမြို့ထဲ ဝင်လာတဲ့ အခြေခံစားသောက်ကုန်တွေကို ဗလမင်းထင်တံတားကနေ သယ်ယူခွင့် ကန့်သတ်ထားတာ အခုဆိုရင် ၃ လနီးပါး ရှိလာပြီလို့ သိရပါတယ်။
ခုလို ကုန်သယ်ခွင့် ကန့်သတ်ထားတာကြောင့် ကုန်သည်တချို့ဟာ စက်လှေတွေနဲ့ အဆင့်ဆင့် ပြောင်းသယ်နေရပြီး ကုန်တင်ကုန်ချစရိတ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုကုန်လာတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ကုန်တွေကို တံတားပေါ်ကနေ တိုက်ရိုက်သယ်ခွင့်မရတော့ စက်လှေနဲ့ အဆင့်ဆင့် ပြောင်းသယ်ရတယ်။ အရင်ကထက် အလုပ်ပိုရှုပ်သလို စရိတ်လည်း ပိုကုန်လာတယ်။ ဒါပေမဲ့ တချို့လူတွေကျတော့ တံတားကနေ သယ်ခွင့်ရနေတယ်” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာတော့ စက်လှေနဲ့ ကုန်သယ်ဖို့ကို တံတားမှာ တာဝန်ကျတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ခွင့်ပြုပေးနေပြီး ဝန်ကြီးတွေနဲ့ နီးစပ်သူ ကုန်သည်တချို့ကို တံတားကနေ ကုန်သယ်ခွင့် ပေးနေတဲ့အပေါ် မျှတမှုမရှိဘူးလို့ ကုန်သည်တွေနဲ့ ကားသမားတွေက ထောက်ပြနေကြပါတယ်။
“လူတိုင်းကို တူတူညီညီ သတ်မှတ်ချက်နဲ့ ခွင့်ပြုတာမျိုး မဟုတ်ဘဲ နီးစပ်ရာလူတွေက သယ်လို့ရပြီး တခြားကုန်သည်တွေကျတော့ အဆင့်ဆင့် ပြောင်းသယ်နေရတာ မမျှတဘူး။ သယ်ယူစရိတ်တွေ တက်လာတော့ ကုန်သည်တွေအတွက်လည်း အခက်အခဲ ပိုများလာတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့ကို ကုန်စည်အဓိက ဝင်ရောက်တဲ့ လမ်းကြောင်းတွေထဲမှာ မြစ်ကြီးနား–မန္တလေးလမ်းနဲ့ မြစ်ကြီးနား–ဝိုင်းမော်–တရုတ်နယ်စပ်လမ်းတို့ ပါဝင်ပါတယ်။
လက်ရှိမှာ မြစ်ကြီးနား–မန္တလေးလမ်းတစ်လျှောက် စစ်ရေးအခြေအနေကြောင့် ကုန်စည်သယ်ယူရေး အခက်အခဲတွေ ရှိနေသလို ဗလမင်းထင်တံတားမှာပါ ကုန်သယ်ခွင့် ကန့်သတ်ထားတာကြောင့် မြစ်ကြီးနားမြို့ထဲ ကုန်စည်တင်သွင်းဖို့ ပိုခက်ခဲလာတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ကုန်စည်သယ်ယူရေး အခက်အခဲနဲ့ သယ်ယူစရိတ်တွေ မြင့်တက်လာတာကြောင့် မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်တွေ ပုံမှန်ဝယ်ယူလို့ရနေပေမယ့် ဈေးနှုန်းတွေကတော့ တစ်နေ့ထက်တစ်နေ့ပိုမြင့်တက်လာတယ်လို့ မြစ်ကြီးနားမှာ နေထိုင်သူတွေပြောပါတယ်။
လက်ရှိ မြစ်ကြီးနားမြို့ထဲမှာ ကြက်ဥတစ်လုံးကို ကျပ် ၆၀၀ အထိ ပေးဝယ်နေရသလို တစ်ခြားကုန်စည်တွေကလည်း စျေးနှုန်းမြင့်တက်တာတွေ ပိုများလာနေတယ်လို့လည်း မြို့မှာနေထိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြစ်ကြီးနားမြို့မှာ လူဦးရေ ၃၀၆၉၄၉ ဦး ရှိတယ်လို့ဖော်ပြထာပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တဲ့ဒေသကပြည်သူတွေလည်း မြို့ပေါ်ကို ရွှေ့ပြောင်းနေထိုင်လာကြတာကြောင့် လူဦးရေတစ်နေ့ထက် တစ်နေ့ပိုများလာနေတယ်လို့လည်း မြို့ခံတွေပြောပါတယ်။
ခုလို စစ်ဘေးရှောင်တွေ ပိုများလာနေပြီး လူဦးရေထူထပ်လာတဲ့ မြစ်ကြီးနားမှာ အခြေခံစားသောက်ကုန်စျေးနှန်းကို ထိန်းညှိပေးရမှာဟာ မြစ်ကြီးနားမြို့ကို အုပ်ချုပ်နေတဲ့အစိုးအဖွဲ့စည်းရဲ့ တာဝန်ဖြစ်တယ်လို့ မြစ်ကြီးနားမြို့မှာ
နေထိုင်တဲ့ အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။
“ခုတစ်နေ့တစ်နေ့ ကုန်စျေးနှန်ုးက အကျကိုမရှိတာ ပိုတက်လာတာပဲရှိတယ်။အဲတော့ ဒီမြို့ကိုဘယ်သူကအုပ်ချုပ်နေလဲ ကိုယ့်ကိုကိုယ်အစိုးရပါလို့ ခံယူထားတဲ့သူတွေ ဒါတွေကို ဖြေရှင်းပေးရမှာဖြစ်တယ်။ လူထုဝန်ဆောင်မှု၊လူထုတွေရဲ့ လိုအပ်ချက်တွေကို လေးလေးနက်နက်စဉ်းစားပေး အလေးပေးဖို့လိုပါတယ်” လို့ထောက်ပြပြောဆိုပါတယ်။
မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး မြို့ပေါ် ရပ်ကွက် ၂၈ ရပ်ကွက်ရှိပြီး လက်ရှိမှတော့ စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရက အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။
By – Zami




