မပခကိုဝင်ရောက်သွားတဲ့ စစ်ယာဉ်တန်းတွေ လမ်းတစ်လျှောက် ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းခဲ့ဟု ဗိုလ်မှူးကြီးနော်ဘူပြော
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မကခ) ကိုဝင်ရောက်သွားတဲ့ စစ်တပ်ယာဉ်တန်းတွေဟာ မော်လူး၊ မော်ဟန်၊ မိုးညှင်း၊ ဟိုပင်နဲ့ မိုးကောင်းတစ်လျှောက်ရှိ စစ်တပ်စခန်းတွေမှာ ပစ္စည်းနဲ့ ရိက္ခာတွေ ချထားပေးခဲ့တယ်လို့ KIO/KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အောက်တိုဘာလ ၁၀ရက်နေ့ကစလို့ ကချင်ပြည်နယ်ကို မန္တလေး–ထီးချိုင့်–အင်းတော်–မြစ်ကြီးနားလမ်းကြောင်းအတိုင်း တက်လာတဲ့ စစ်ယာဥ်တန်း ၁၀၀ကျော်ဟာ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဘက်ကို ဆက်လက် ဝင်ရောက်သွားခဲ့တယ်လို့သိရပါတယ်။
အဲဒီလို ယာဉ်တန်းတွေကတစ်ဆင့် ကချင်ပြည်နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းခဲ့တယ် လို့ သိရကြောင်းဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
“ဒီကားတွေက ကချင်ပြည်နယ် မော်လူး မော်ဟန် မိုးညှင်း ဟိုပင် မိုးကောင်း ရထားလမ်းတောက်လျှောက်မှာရှိတဲ့ သူတို့တပ်တွေ မှာ ပစ္စည်းရိက္ခာတွေ လက်နက်တွေ လာပို့ပေးသွားတာကို တွေ့ရတယ်။ သူတို့တပ်အပေါ်မူတည်ပြီး တစ်နေရာမှာ ကားနှစ်စီး ၃စီးလောက်၊ တချို့နေရာတွေမှာတော့ ကား၁၀စီးစာလောက်လာချသွားကြတယ်။ အဲဒီကကျော်ပြီးတော့မှတော့ မြစ်ကြီးနား မပခကိုဝင်သွားတာကို တွေ့ရတယ်။”လို့ ပြောပါတယ်။
ဆက်လက်ပြီးတော့ ကားတွေပေါ်မှာ ဘယ်လို ပစ္စည်းတွေ အတိအကျသယ်ဆောင်လာသလဲဆိုတာကိုတော့ အတည်ပြုဖို့ ခက်ခဲတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ကားတွေပေါ်မှာ စစ်သုံးပစ္စည်းတွေ၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပါဝင်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။
တစ်ဖက်မှာ ဒီရက်ပိုင်းအတွင်း စစ်ယာဥ်တန်းတွေနဲ့ မန္တလေး–ထီးချိုင့်–မြစ်ကြီးနားလမ်းတစ်လျှောက် အင်အားဖြည့်တင်းလာ တဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့မိုးရာသီမှာ လမ်းပိုင်းအခြေအနေကြောင့် စစ်ယာဉ်တန်းတွေ သွားလာဖို့ ခက်ခဲတာကြောင့် ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။
ပွင့်လင်းရာသီအတွင်း လိုအပ်မယ့် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ကြိုတင်သယ်ယူဖြည့်တင်းနေတာလို့ သူကပြောပါတယ်။
ဒါ့အပြင် အခုသယ်ယူလာတဲ့ပစ္စည်းတွေဟာ မြစ်ကြီးနားတစ်နေရာတည်းအတွက် မဟုတ်ဘဲ ပူတာအို၊ တနိုင်းနဲ့ ဖားကန့် အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးကို ဖြန့်ဝေဖို့ ရည်ရွယ်ထားတာဖြစ်နိုင်တယ်လို့ သူကအခုလိုဆက်ပြောပါတယ်။
“စစ်ရေးကိုတော့ ကွက်တိခန့်မှန်းနိုင်ဖို့ ခက်တယ်။ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ မသိဘူး။ အခုသယ်ယူလာတဲ့ ပစ္စည်းတွေက လည်း တစ်နေရာတည်းမှာပဲထားပြီး အသုံးပြုမှာတော့ မဟုတ်ဘူး။ ပူတာအိုဘက်၊ တနိုင်းဘက်၊ ဖားကန့်ဘက် နေရာတိုင်းကို ပို့ပေးမယ့် လက်နက်ကျည်ဆံတွေ ဖြစ်လောက်တယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ယာဉ်တန်းတွေကနေတစ်ဆင့် ပစ္စည်းတွေ ဖြည့်တင်းနေတဲ့အခြေအနေအပေါ် အခြေခံပြီး စစ်တပ်ဘက်က နောက်ထပ်တိုက်ပွဲတွေ ပြန်လည်ဖော်ဆောင်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

မန္တလေး–မြစ်ကြီးနားလမ်းကြောင်းဟာ ကချင်ပြည်နယ်အတွင်းရှိ စစ်တပ်စခန်းတွေနဲ့ မြစ်ကြီးနားမြို့ရှိ မပခကို လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ရာမှာ အရေးပါတဲ့ ကုန်းလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
စစ်တပ်ဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသတွေကို စစ်အင်အားဖြည့်တင်းခဲ့ပြီး ဧပြီ ၃၀ ရက်မှာ အင်းတော်မြို့နဲ့ မေလ ၅ ရက်မှာ မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် မေလ ၆ ရက်မှာ မန္တလေး–မတ္တရာ–ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–မော်ဟန်–နန့်စီးအောင်–မြစ်ကြီးနား လမ်းကြောင်းကို ပြန်ဖွင့်ခဲ့ပြီး လမ်းတစ်လျှောက် စစ်အင်အား၊ လက်နက်နဲ့ ရိက္ခာတွေ ဖြန့်ကျက်နေရာချထားခဲ့တာပါ။
မေလ ၉ ရက်မှာ မန္တလေးကနေ ထွက်ခွာလာတဲ့ ယာဉ်အစီး ၄၀၀ ကျော်ပါ ယာဉ်တန်းတစ်ခုဟာ မေလ ၁၂ ရက်မှာ မြစ်ကြီးနား မြို့ မပခကို ရောက်ရှိခဲ့ပါတယ်။ အဲဒီယာဉ်တန်းမှာ သံချပ်ကာယာဉ်တွေအပါအဝင် စစ်အင်အား၊ လက်နက်နဲ့ ရိက္ခာတွေ သယ်ဆောင် လာတဲ့ ကားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ်ယာဉ်တန်းတစ်ခုကိုလည်း မေလ ၂၂ ရက်မှာ မန္တလေးကနေ စေလွှတ်ခဲ့ပြီး မေလ ၃၁ ရက်မှာ မြစ်ကြီးနားကို ရောက်ရှိခဲ့ ပြီး မေလအတွင်းမှာ နှစ်ကြိမ်တိုင်တိုင် ယာဥ်တန်းတွေဝင်ရောက်ခဲ့တာပါ။ တစ်ဆက်တည်းမှာပဲ ဇွန်လအတွင်းမှာလည်း အဲ့ဒီလမ်းကြောင်း အတိုင်း စစ်ယာဉ်တန်းနဲ့ ထောက်ပို့ယာဉ်တန်းတွေ ဆက်လက်ဝင်ရောက်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လနဲ့စက်တင်ဘာလ မိုးရာသီကာလ ဧရာဝတီမြစ်ရေတက်ချိန်မှာလည်း ကချင်ပြည်နယ်ကို မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်လက်နက်ရိက္ခာတွေတင်ပို့ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်သင်္ဘောအများအပြားကို တော်လှန်ရေးအင်အားစုကဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် အစပိုင်းကစလို့ စစ်ကိုင်းနဲ့ကချင်အစပ်က ဒေသတွေကို ပြန်လည်ထိန်းချုပ်လာနိုင်တဲ့နောက်ပိုင်း ကချင်ပြည်နယ်ကိုဦးတည်တဲ့ စစ်ရိက္ခာအကူညီတွေကို ကုန်းကြောင်း၊ လေကြောင်းအပါအဝင် ရေကြောင်းကနေပါ ဆက်တိုက် ဖြည့်တင်းလာပြီး စစ်ရေးမြင့်တင်လာတာကိုတွေ့ရပါတယ်။
By – အမိုး



